
မေ ၅ ရက်တွင် အမေရိကန်နိုင်ငံ ၌ကျင်းပမည့် ONE Fight Night-10 ပြိုင်ပွဲတွင် မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်၏ တွဲဆိုင်း ပါဝင်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံသား ဖန်ရုံနှင့် ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။
ONE Championship အဖွဲ့ အစည်းသည် မေ ၅ ရက်တွင် အမေရိကန်နိုင်ငံ၌ ပထမဆုံး ပြိုင်ပွဲအဖြစ် ONE Fight Night-10 ပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်း အဖြစ် ဖလိုင်းဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲ ကျင်းပမည်ဖြစ်ကာ လက်ရှိချန်ပီယံ အမေရိကန် နိုင်ငံသား ဂျွန်ဆင်နှင့် ဘရာဇီး နိုင်ငံသား မိုရေးတို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် မေ ၅ ရက် ညပိုင်းကျင်းပမည်ဖြစ်သောကြောင့် မြန်မာပရိသတ်များအနေဖြင့် မေ ၆ ရက် နံနက်အစောပိုင်းတွင် ကြည့်ရှု ရမည်ဖြစ်သည်။ ONE Championship အဖွဲ့အစည်းသည် တွဲဆိုင်း များအားလုံး ထုတ်ပြန်ခြင်းမရှိသေးဘဲ အဓိကတွဲဆိုင်းနှင့် စိန်ခေါ်ပွဲ အချို့သာ ထုတ်ပြန်ထားပြီး အောင်လအန်ဆန်၏ ပွဲစဉ် ပါဝင်လာခြင်း ဖြစ်သည်။
အောင်လအန်ဆန်သည် ဇန်နဝါရီ ၁၄ ရက်က မထိုးသတ်ဖြစ်ခဲ့သည့် ဖန်ရုံနှင့် ပြန်လည်ထိုးသတ်ရခြင်းဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲ အဖြစ်သာ ထိုးသတ်ရမည်ဖြစ်သည်။ ဇန်နဝါရီ ၁၄ ရက်က ထိုင်းနိုင်ငံ ၌ကျင်းပသည့် ONE Fight Night-6 ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဖန်ရုံ တွဲဆိုင်းထည့်သွင်းထားသော်လည်း ဖန်ရုံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသဖြင့် အောင်လအန်ဆန်သည် ဘရာဇီးနိုင်ငံသား ဂယ်လ်ဗို နှင့် ပြောင်းလဲထိုးသတ်ခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် နိုင်ပွဲဆက်နေသော်လည်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ် ခွင့်မရသေးဘဲ ဖန်ရုံနှင့် စိန်ခေါ်ပွဲ ထပ်မံထိုးသတ်ရခြင်းဖြစ်ကာ အနိုင်ရ ပါက ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရဖွယ်ရှိနေသည်။ အောင်လအန်ဆန် သည် နောက်ဆုံးထိုးသတ်ထားသည့် နှစ်ပွဲတွင် ဂျပန်နိုင်ငံသား အိုကာမီ နှင့် ဘရာဇီးနိုင်ငံသား ဂယ်လ်ဗိုတို့ကို ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထားသည်။
ရဲရင့်လွင်