
ရန်ကုန် ဒီဇင်ဘာ ၃
ONE Championship အဖွဲ့အစည်းက စီစဉ်ကျင်းပသည့် ONE 164 ပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပရာ မြန်မာ MMA ဖိုက်တာ ထီရယ်လ်ထန်သည် ဒုတိယအချီတွင် ချုပ်ကွက် ဖြင့် အရေးနိမ့်ခဲ့သည်။
ထီရယ်လ်ထန်သည် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲအပြီး ခြောက်ပွဲမြောက် ထိုးသတ်ရာတွင် ဒုတိယမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် ယခုနှစ်အတွင်း ထိုးသတ် သည့်နှစ်ပွဲတွင် နိုင်ပွဲမရခဲ့ဘဲ ဖေဖော်ဝါရီက ထိုးသတ်သည့်ပွဲတွင်လည်း တားမြစ်ထားသည့်နေရာကို ထိုးသတ်မိသဖြင့် အရှုံးအနိုင်မသတ်မှတ်ဘဲ ပွဲရပ်နားခဲ့သည်။ ထီရယ်လ်ထန်သည် နိုင်ပွဲရရန် ကြိုးပမ်းခဲ့သော်လည်း ဒုတိယအချီတွင် ချုပ်ကွက်မိပြီး အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ထီရယ်လ် ထန်ထက် MMA ပွဲအတွေ့အကြုံများသည့် အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံသား ပက်ကာတူသည် ပထမအချီတွင် လက်သီးအားပြုထိုးသတ်ခဲ့သော်လည်း ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ပထမအချီအရ နှစ်ဦးစလုံး ကွာခြားမှုမရှိသော်လည်း ပက်ကာတူက ပိုမိုဖိအားပေး ထိုးသတ်နိုင်ခဲ့သည်။ သို့သော် ထီရယ်လ်ထန်သည် လက်သီးချက်များ မထိအောင် ကာကွယ်နိုင်ခဲ့ပြီး တန်ပြန်လက်သီးများက အထိနာစေခဲ့ သည်။ ဒုတိယအချီတွင်မူ ပက်ကာတူ၏ ခြေကန်ချက်ကို ထီရယ်လ်ထန် ထိန်းပြီးပြန်ထိုးရန် ကြိုးစားရာမှ ချုပ်ခံရပြီး လဲအကျတွင်လည်း ရုန်းမထွက်နိုင်ဘဲ ဆက်လက်အချုပ်ခံခဲ့ရသည်။ ပက်ကာတူသည် ထီရယ်လ်ထန် ဦးခေါင်းကို ခြေဖြင့်ချုပ်ပြီး ဒုတိယအချီ ၁ မိနစ် ၁၇ စက္ကန့်တွင် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၁ ပွဲပါဝင်ခဲ့ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပ ခဲ့သည်။ အပိုင်း-၂ Main Card တွင် နာမည်ကြီးကစားသမားများ၊ ချန်ပီယံလုပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး အောင်လအန်ဆန်နှင့် ထိုးသတ် ဖူးသည့် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာ၏ ဟဲဗီးဝိတ်တန်း စိန်ခေါ်ပွဲ လည်း ပါဝင်ခဲ့သည်။ ဘရန်ဒန်ဗီရာသည် အီရန်နိုင်ငံသား အမ်မရီနှင့် ထိုးသတ်ခဲ့ရာ ပထမအချီ ၃ မိနစ် ၃၇ စက္ကန့်တွင် အရေးနိမ့်ခဲ့သည်။ ဘရန်ဒန်ဗီရာသည် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အောင်လအန်ဆန်နှင့် ထိုးသတ်ခဲ့ရာ အရေးနိမ့် ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီတွင် ၎င်း၏ အဓိကဝိတ်တန်းဖြစ်သည့် ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် အာဂျန်ဘူလာနှင့်ထိုးသတ်ရာ အရေးနိမ့်ကာ ချန်ပီယံခါးပတ်လက်လွှတ်ခဲ့ရသည်။ ဗီရာသည် ချန်ပီယံ ခါးပတ် လက်လွှတ်ရအပြီး တစ်နှစ်ခွဲကျော်အကြာတွင် စိန်ခေါ်ပွဲ ထပ်မံ ထိုးသတ်ရာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-ONE