
နေပြည်တော် ဩဂုတ် ၃၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းဖြစ်ပေါ်လာပြီး ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာ သည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ အစည်း အဝေးများပြုလုပ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အားလုံး တက်ညီလက်ညီဖြင့်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၃ ရက်တွင် ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ကူးစက်မှုရှိခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ကူးစက်မှုရှိခဲ့ ကြောင်း၊ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဩဂုတ်လ အတွင်း ရောဂါကူးစက်မှုရာခိုင်နှုန်း ထက်ဝက်အထိ ကျဆင်းစေရန်အတွက် ပထမအဆင့် ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုလ ၂၉ ရက်တွင် လူဦးရေ ၂၉၁၂၇ ဦး အား စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရသည့် အတွက် မိမိတို့မျှော်မှန်းသည့်အတိုင်း ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို ဝမ်းမြောက် ဖွယ်တွေ့ရှိရကြောင်း၊ ထိုသို့ ကူးစက်မှုနှုန်းများ ကျဆင်းရခြင်းသည် ပြည်သူများ၏ ပူးပေါင်းလိုက်နာ ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိ သည့် အဖွဲ့အစည်းများ၏ ညီညီညာညာဖြင့် တက်ညီ လက်ညီ ဆောင်ရွက်ပေးမှုများကြောင့် ဖြစ်ကြောင်း။
ကူးစက်မှုနှုန်းများ ကျဆင်းလာမည်
ရောဂါကူးစက်မှုနှုန်း မြင့်မားခဲ့ချိန်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း တစ်ဦးချင်းအလှူရှင်များ၊ အဖွဲ့အစည်းများအလိုက် အလှူရှင်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့မှ စီမံဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်ဆီဂျင် လိုအပ်ချက်များကို လျင်မြန်စွာဖြည့်ဆည်းပေးနိုင် သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများမှ လိုက်နာဆောင်ရွက် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဆင်ပြေစွာ ဆောင်ရွက် နိုင်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်စည်းကမ်းများ လိုက်နာမှု နှင့်ပတ်သက်၍ နယ်စပ်တိုင်းဒေသကြီးများနှင့် ပြည်နယ်များဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးများ အထူးသဖြင့် တရုတ် နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည် ဝင်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများ ပြန်လည်ဝင်ရောက်လာချိန်တွင် တာဝန်ရှိသူများအား သတင်းပေးပို့မှုမရှိဘဲ မိမိတို့နေရပ်သို့ ပြန်လည် ဝင်ရောက်နေထိုင်ရာတွင် ရောဂါကူးစက်ခံရသူများ ရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ပြန်လည် ဝင်ရောက်လာသူများအား တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ကြပ်မတ်ဆောင်ရွက်၍ လိုအပ်သည့် စစ်ဆေးမှုများ နှင့် အကာအကွယ်ပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသတွင် ရောဂါကူးစက်မှုနှုန်းများ ကျဆင်း ပြီး တစ်နိုင်ငံလုံး ရောဂါကူးစက်မှုနှုန်းများ ကျဆင်း လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ရောက်ရှိမှု၊ ထိုးနှံမှုတို့နှင့်ပတ်သက်၍ ပြောကြားရာ တွင် “ဆေးနဲ့ပတ်သက်ပြီး ပြောရရင်တော့ မနေ့က အထိ တရုတ်နိုင်ငံကနေပြီးတော့ ဆေး ၆ ဒသမ ၅ သန်း ရောက်ပါတယ်။ လှူတာ ၂ ဒသမ ၅ သန်း ရှိပါ တယ်။ နောက်ဝယ်တာက ၄ သန်း၊ အားလုံးပေါင်း ၆ ဒသမ ၅ သန်း ကျွန်တော့်ဆီ ရောက်ပါတယ်။ တရုတ်က ဆေးပေါ့။ အိန္ဒိယကနေပြီးတော့ လှူတာ ကတော့ ၁ ဒသမ ၇ သန်း လှူတယ်။ ၂ သန်းကတော့ ဝယ်တာ ဖြစ်ပါတယ်။ အားလုံးပေါင်း ၃ ဒသမ ၇ သန်း ရောက်ပြီဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ဒသမ ၂ သန်းရှိပါတယ်။ ဒါလည်းမနေ့ကရောက်တဲ့ဆေးဆိုရင် အတတ်နိုင်ဆုံး အမြန်ဆုံး ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေကို တောက်လျှောက်ကို ပို့ဆောင်ရေးဝန်ကြီးဌာန နဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာရှိတဲ့ ပို့နိုင်တဲ့ အဖွဲ့ အစည်းတွေအားလုံးက ယာဉ်တွေထုတ်ပြီး ကျွန်တော်ပို့ခိုင်းထားပါတယ်။ ရာသီဥတုကောင်းရင် လည်း ကောင်းတဲ့အလျောက်ပေါ့။ အဲဒီတော့ အဓိက ကတော့ ကိုယ့်ဆီရောက်လာရင် သက်ဆိုင်ရာမြို့နယ် အဆင့်၊ အောက်ခြေအဆင့်အထိ ရောက်အောင် ပြည်နယ်များက၊ တိုင်းဒေသကြီးများကလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးဖို့ပါ၊ ဆောင်ရွက် ပေးဖို့ဆိုတာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေအနေနဲ့ကတော့ စီမံခန့်ခွဲတာလုပ်ပေါ့။ ယာဉ် ယန္တရားတွေကတော့ လိုအပ်ရင် ကျွန်တော်တို့ကို ပြောပါ။ ကျွန်တော်တို့ ဒီကနေပြီးတော့ တတ်နိုင်သမျှ Real Time ဖြစ်စေချင်ပါတယ်။ အချိန်နှင့်တစ်ပြေးညီ ဖြစ်စေချင်ပါတယ်။ တစ်ရက်စောထိုးရင် တစ်ရက် အကျိုးရှိပါတယ်လို့ ကျွန်တော် ပြောလိုပါတယ်။ ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကမ္ဘာ့နိုင်ငံ အသီးသီးက ထုတ်ပြန်ချက်တွေကြည့်လို့ရှိရင် ဆေးထိုးထားတဲ့သူတွေက ဆေးမထိုးထားတဲ့လူတွေ ထက် ရောဂါကို ခံနိုင်ရည်ပိုရှိတယ်။ မဖြစ်ဘူးလို့တော့ အရှင်းမပြောပါဘူး။ သို့သော်လည်း ဖြစ်နိုင်ခြေ နည်းတယ်။ ဖြစ်ရင်တောင်မှ ခံရမှုနည်းတယ်။ အဲဒီတော့ ဖြစ်တယ်ဆိုရင်လည်း ဥပမာအားဖြင့် ပြင်းထန်တဲ့ရောဂါနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုကျတော့ အထိုက်အလျောက် သူကနည်းနည်း နည်းတာကို တွေ့ပါတယ်။ အောက်ဆီဂျင်ပေးရတာ၊ ဆေးပေး ရတာကိုကအစ သူက သက်သာတာကိုတွေ့ရတယ်” ဟု ပြောကြားသည်။
ထိုးနှံပေးသွားမည်
ယင်းနောက် ယခုထပ်မံရောက်ရှိသည့် ကာကွယ် ဆေးများထိုးနှံပြီးချိန်တွင် ကာကွယ်ဆေးထိုးနှံပြီး သည့် အရေအတွက် တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများလည်း မကြာမီအချိန်အတွင်း ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး ဆေးများထပ်မံ ရောက်ရှိချိန်တွင်လည်း ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရရှိရေး အတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှသာမက အခြားမိတ်ဆွေနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများမှ လည်း လှူဒါန်းပေးမှုများရှိကြောင်း၊ အာဆီယံအဖွဲ့မှ လည်း လှူဒါန်းပေးသည့် ပစ္စည်းများ မကြာမီပို့မည်ဟု ပြောကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကူညီပေး သည့် နိုင်ငံများကိုလည်း မိမိအနေဖြင့် ကျေးဇူးတင်ရှိ ပါကြောင်း၊ အဓိကအားဖြင့် အားလုံးညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိ ရေးသည် အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အောက်ဆီဂျင်များ လုံလောက်စွာရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အောက်ဆီဂျင်များ အသုံးပြုမှု စနစ်မကျမှုကြောင့် အသုံးပြုသူများ အသက် အန္တရာယ်မဖြစ်ပေါ်စေရေး အသိပညာပေးတိုက်တွန်း ဆွေးနွေးပေးရန် လိုအပ်ကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် မိမိတို့နယ်မြေအတွင်း အောက်ဆီဂျင်များ နေရာအနှံ့ရရှိစေရေး စနစ်တကျ စီမံခန့်ခွဲဆောင်ရွက် ရန်လိုကြောင်း၊ အလားတူ အခြားလိုအပ်သည့်ပစ္စည်း များ ရရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့် မီရန် လိုအပ်သဖြင့် ရေရှည်အတွက် စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။
စားရေးအဆင်ပြေစေရေး
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ ကန့်သတ် ချက်များရှိ၍ ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်မားလာ မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကုန်ဈေးနှုန်း များ မြင့်တက်လာသော်လည်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ အခြေခံစားကုန်များကို ပြည်တွင်း၌ ထုတ်လုပ်သည့် နိုင်ငံဖြစ်ခြင်းကြောင့် စားသောက်ကုန် ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှု များမဖြစ်ပေါ်နိုင်ကြောင်း၊ လက်ရှိကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းမှာလည်း ထုတ်လုပ်မှု ကုန်ကျ စရိတ်များ မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သက်ဆိုင်ရာ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူ ရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်မှုများ ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဈေးကားများဖြင့် နေရာအနှံ့တွင် စားသောက်ကုန်များ ဖြန့်ဝေရောင်းချပေးသဖြင့် ပြည်သူများနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက် အားရဖွယ်ရှိကြောင်း၊ ပြည်သူ များ၏ စားရေးအဆင်ပြေရန်အတွက် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူများ စားရေးအဆင်ပြေ စေရေး ယခုထက် ပိုမိုဆောင်ရွက်ကြရန်အတွက် တိုက်တွန်းလိုကြောင်း၊ အလားတူ ထုတ်ကုန်ပစ္စည်း များ အားလျော့မသွားအောင် ဆောင်ရွက်ကြရန် လိုကြောင်း။
စိုက်ပျိုးရေးတွင် အထွက်နှုန်းတိုးစေရန်အတွက် ဓာတ်မြေဩဇာများရရှိရန် လိုအပ်သဖြင့် ပြည်ပမှ တင်သွင်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဒေသများ အလိုက် သဘာဝဓာတ်မြေဩဇာများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း စည်းရုံးလှုံ့ဆော် ပေးရန်လိုကြောင်း၊ သဘာဝဓာတ်မြေဩဇာများကို အသုံးပြု၍ အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် ရှိပြီးသား အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရေး ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအလိုက် တိုက်တွန်းဆောင်ရွက်ကြရန်လို ကြောင်း၊ ယခုကာလတွင် မိုးကောင်းစွာရွာသွန်းပြီး ရာသီဥတုများ ကောင်းမွန်လျက်ရှိခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဝန်ကြီးချုပ်များအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများထံ ကွင်းဆင်းအားပေး ဆောင်ရွက်ရန်လိုကြောင်း၊ အားလုံးဝိုင်းဝန်းပြီး အင်ပြည့်အားပြည့် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်၍ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ရေး များ အဆင်ပြေပြီး ဝင်ငွေများကောင်းမွန်လာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း များစွာ အထောက်အကူပြုလာမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု နှုန်း ကျဆင်းလျက်ရှိသည့် အခြေအနေ၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည်ပြု လူနာတွေ့ရှိမှုနှုန်း မြင့်မားလျက်ရှိသည့် အချို့မြို့နယ် များကို နေအိမ်တွင်နေထိုင်ရေး(Stay at Home) ထားရှိ၍ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျစေရေး လုပ်ဆောင်လျက်ရှိပြီး ဖြစ်ပွားမှုနှုန်းလျော့ကျလာ သည့် မြို့နယ်များအား ပြန်လည်ဖြေလျှော့မှုများဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ရောဂါပိုး ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေးအတွက် အုပ်စုများအလိုက် ခွဲခြားစစ်ဆေးမှု၊ ထိန်းချုပ်မှုများကို အထူးအလေးထား ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်များ၊ ရပ်ကွက်များအတွင်းထိ ရောဂါပိုး ကူးစက်မှုအခြေ အနေများကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာသူများကို စနစ်တကျ စစ်ဆေးလက်ခံ ပေးလျက်ရှိသည့် အခြေအနေနှင့် ဗီဇပြောင်းရောဂါပိုး များ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီးနိုင် ရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေ၊ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိသည့် အခြေအနေ၊ ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိလာမည့် အခြေအနေနှင့် ထပ်မံမှာယူထားရှိမှု အခြေအနေ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကာကွယ်ဆေး လစဉ် ၁၀ သန်းခန့် ထပ်မံရောက်ရှိ လာမည့် အခြေအနေ၊ ရောက်ရှိလာမည့် ဆေးဝါးများ ကို အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် အသက် အရွယ် အပိုင်းအခြားအလိုက် သတ်မှတ်ဆောင်ရွက် သွားမည့် အခြေအနေ၊ မသန်စွမ်းသူများ၊ ရောဂါအခံ ရှိသူများကို ဦးစားပေးစာရင်းတွင် ထည့်သွင်းထိုးနှံနိုင် ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။
လက်ရှိ ရောဂါပိုးအတည်ပြုလူနာများကို ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံများတွင် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေ၊
ကျန်းမာရေးဝန်ထမ်းများ ရောဂါပိုးကူးစက်ခံရမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် လိုအပ်သည်များ ထောက်ပံ့ပေးအပ်မှု အခြေအနေ၊ ပြည်သူများအားလုံး ကာကွယ်ဆေး ပြည့်ဝစွာထိုးနှံနိုင်ရေးအတွက် ပြည်ပ နိုင်ငံများမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေ၊ ကာကွယ် ဆေးများရောက်ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ အချိန်မီပေးပို့နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ဆက်စပ်ဆေးဝါး များ၊ ပစ္စည်းများ ပေးပို့လှူဒါန်းရန် ချိတ်ဆက် ဆောင်ရွက်နေမှု အခြေအနေ၊ နယ်စပ်ဒေသများရှိ ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။
ဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် Oxygen Plant များမှ တစ်နေ့တာ အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်မှုနှင့် တစ်နေ့တာအတွက် အောက်ဆီဂျင်လိုအပ်မှု အခြေအနေ၊ ပြည်ပနိုင်ငံများမှ Liquid Oxygen များ တင်သွင်းခဲ့မှုနှင့် လက်ရှိအခြေအနေတွင် တင်သွင်း ရန်လိုအပ်ချက်လျော့ကျလာမှု အခြေအနေ၊ နေအိမ် တွင် နေထိုင်ရေး(Stay at home)ထားရှိသည့် မြို့နယ် ၁၂၉ မြို့နယ်မှ ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိ သည့် မြို့နယ် ၅၃ မြို့နယ်အား ဩဂုတ် ၂၇၊ ၂၈ နှင့် ၂၉ ရက်တို့တွင် Spot Check ဖြင့် ရောဂါပိုး စစ်ဆေး ခဲ့ရာ ၂၇ ရက်တွင် လူဦးရေ ၆၂၉၂ ဦးကိုစစ်ဆေးခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၂၀၇၁ ဦး၊ ၁၇ ဒသမ ၀၀ ရာခိုင် နှုန်း၊ ၂၈ ရက်တွင် လူဦးရေ ၁၇၉၃၀ စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၄၇၈ ဦး၊ ၈ ဒသမ ၂၄ ရာခိုင်နှုန်း၊ ၂၉ ရက်တွင် ၃၅၀၇ ဦး စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၇၆၄ ဦး၊ ၅ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သည့်အတွက် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့ကျ လာသည်ကို တွေ့ရှိရသည့် အခြေအနေနှင့် Spot Check ဆက်လက်ဆောင်ရွက်နေမှု အခြေအနေ၊ Relif Flight များ ပြေးဆွဲ၍ လူပုဂ္ဂိုလ်နှင့် ဆေးပစ္စည်း များ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည့် အခြေအနေ၊ ပြည်တွင်းလေကြောင်း၊ ရေကြောင်း၊ မော်တော်ယာဉ် နှင့် မီးရထားခရီးစဉ်များအား စဉ်ဆက်မပြတ် ပြေးဆွဲ လျက်ရှိသည့် အခြေအနေ၊ ဆိပ်ကမ်းအသီးသီးတွင် ပြည်ပနိုင်ငံအသီးသီးမှ ကုန်သေတ္တာနှင့် စက်သုံးဆီ များ ဝင်ရောက်နေမှု အခြေအနေ၊ ပြည်ပသို့ ကုန်စည် များ ပို့ဆောင်ပေးနေမှု အခြေအနေနှင့် နယ်စပ်ဂိတ် အသီးသီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခဲ့သည့် အခြေအနေ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကျန်းမာ ရေးဆိုင်ရာ အသိပညာပေးခြင်းများကို Telephone message များမှတစ်ဆင့် ပေးပို့ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေ။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ပြည်သူများ ထံသို့ လျင်မြန်စွာရောက်ရှိစေရေးအတွက် FDA ထောက်ခံမှုမလိုသည့် ပစ္စည်းများအား ဖြေလျှော့မှု များပြုလုပ်၍ လျင်မြန်စွာ ထုတ်ယူခွင့်ပြုထားသည့် အခြေအနေ၊ FDA ထောက်ခံချက်ရယူရန်လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကိုလည်း လျင်မြန်စွာ ထုတ်ယူရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ ရောက်ရှိပြီး ဆေးနှင့် ဆေးပစ္စည်း များအား ကုမ္ပဏီအချို့မှ ထုတ်ယူရန် ကျန်ရှိနေမှုနှင့် အမြန်ဆုံးလာရောက်ထုတ်ယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ရန်ပုံငွေမှ သုံးစွဲ ထားရှိမှု အခြေအနေ။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သတင်းနှင့် ပညာပေးအစီအစဉ်များ ထုတ်လွှင့်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေ၊ တိုင်းရင်းသားဘာသာစကားများနှင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ တောင်းဆိုလာသည့် ကျန်းမာရေးပညာ ဗဟုသုတ များနှင့် အခြားအစီအစဉ်များကိုလည်း ပြန်လည် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ။
တပ်မတော်ဆေးရုံများ၊ တိုင်းစစ်ဌာနချုပ်များ အလိုက် ပိုးတွေ့လူနာများ၊ တက်ရောက်ကုသမှု အခြေအနေ၊ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပိုးတွေ့လူနာများ တွေ့ရှိမှု၊ တပ်မတော်ဆေးရုံများ အလိုက် Oxygen Plant များမှ အောက်ဆီဂျင် ထုတ်လုပ်နိုင်မှု၊ သုံးစွဲရန်လိုအပ်မှု အခြေအနေ၊ ရောဂါပိုးတွေ့ရှိမှုများအား စောင့်ကြည့်၍ သုတေသန ပြုလုပ်မှု၊ ဗီဇပြောင်းရောဂါပိုးများ ဆက်လက်တွေ့ရှိ ရမှု၊ ကာကွယ်ဆေးအမျိုးအစားများအလိုက် ရောဂါ ပိုးအား ကာကွယ်ပေးနိုင်မှု၊ ခုခံနိုင်မှု အခြေအနေ၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေ၊ ကမ္ဘာ့နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရောဂါ ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေ၊ နိုင်ငံအတွင်း မြို့နယ်များအလိုက် ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှု အခြေအနေ၊ ရွေ့လျားဈေးကားများဖြင့် ပြည်သူလူထု အား ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေး နေမှုနှင့် ဆက်လက်တိုးချဲ့ ရောင်းချပေးသွားမည့် အခြေအနေ၊ တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြည်ပမှ ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းရောက်ရှိမှုနှင့် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ အခြေခံအိမ် သုံးဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု အခြေ အနေ၊ နိုင်ငံအတွင်း ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချ နေမှု၊ ဆေးပစ္စည်းများ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေ၊ ဆေးဝါးများအား အလွယ်တကူဝယ်ယူနိုင်ရေး အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးလျက်ရှိမှုနှင့် ကုမ္ပဏီများ ထပ်မံပူးပေါင်းပါဝင်လာမှု အခြေအနေ၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်ပပို့ကုန်များ တင်ပို့လျက်ရှိသည့် အခြေအနေနှင့် လိုအပ်သည့် အခြေခံစားကုန်သုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရမှု အခြေအနေ။
ရှင်းလင်းတင်ပြ
မိမိတို့နိုင်ငံ၏ ကာကွယ်ဆေးရောက်ရှိမှု၊ ထိုးနှံ ပေးနေမှုနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို WHO Website တွင် ထည့်သွင်းဖော်ပြခဲ့သည့် အခြေအနေ၊ IDP Camp များတွင် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံမှု၊ ရောက်ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုခံယူမှုတို့ကို စနစ်တကျ စာရင်းပြုစုဆောင်ရွက် ကြရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ပနိုင်ငံများမှ မိမိတို့နိုင်ငံသားများအား ပြန်လည် ခေါ်ယူရောက်ရှိနိုင်ရေး ဆောင်ရွက်ခဲ့စဉ် မလေးရှား နိုင်ငံမှ Relif Flight ဖြင့် သွားရောက်ခေါ်ယူခဲ့ရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ အမြန်ဆုံးခေါ်ယူနိုင်ရေးဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း၊ ယခုအသစ်ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများသည် တစ်ပုလင်းလျှင် 5 Dose နှုန်းဖြစ်သဖြင့် ဆေးထိုးနှံရေးဆောင်ရွက်ကြမည့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သတိပြုရန်လိုပြီး နှုန်းထားအလိုက် အတိအကျဖြစ် စေရန် ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို ဦးစားပေးထိုးနှံသွားရန်နှင့် ထပ်မံရောက်ရှိလာမည့် ဆေးများအား ဒုတိယအကြိမ် ထိုးနှံပေးနိုင်ရေး ကြိုတင် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး သုတေသနပြု စမ်းသပ်ဆောင်ရွက်နေမှုများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေရန် လိုအပ်မည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းမှု မရှိနိုင်ဘဲ ရေရှည်သွားရမည့် အနေအထားတွင်ရှိသော ကြောင့် ရေရှည်သုံးစွဲနိုင်သည်အထိ ရည်ရွယ်၍ စမ်းသပ်သုတေသနပြုမှုများကို မျက်ခြည်မပြတ် ဆောင်ရွက်သွားရန်လိုအပ်မည် ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများအား သက်ဆိုင်ရာ ဆိပ်ကမ်း၊ စခန်း များအလိုက် ပစ္စည်းရောက်ရှိသည်နှင့် ထုတ်ဝေ ဖြန့်ဖြူးနိုင်ရေး ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ FDA ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းရမည့် ဆေးဝါးများကိုလည်း ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက် သွားရန် လိုအပ်မည်ဖြစ်ပြီး မသမာမှုများမရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ပြည်ပမှ တင်သွင်းနေရသည့် အခြေခံစားကုန်၊ သုံးကုန် ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်၍ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး လိုအပ်သည် များကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် အခြား လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အခြေခံဆေးဝါးများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိမှုနှင့် ကာကွယ် ဆေးထိုးနှံမှု အခြေအနေများနှင့် ပတ်သက်၍ “ဆေးကုန်သည်ကြီးများအသင်း၊ တချို့ကုမ္ပဏီ တွေကနေ တိုက်ရိုက်ရောင်းပေးတာ ရှိတယ်၊ ရန်ကုန် မှာလည်း ကျွန်တော်တို့ ဆေးဆိုင်တွေ သီးခြားနေရာ တစ်ခုသတ်မှတ်ပြီး ရောင်းပေးတာတွေရှိတယ်၊ ဈေးနှုန်းတွေလည်း ကျွန်တော်တို့က သတင်းစာထဲမှာ လည်း ထည့်ပေးတယ်၊ ဆေးဈေးတွေ၊ အရေးကြီးတဲ့ ဆေးတွေပေါ့။ အဲဒီတော့ ဘာပဲပြောပြော ဆေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ လက်ဝယ်မှာ အတိုင်းအတာ တစ်ခုထိ အဆင်ပြေသွားပါတယ်။ ဒီအတွက်ကြောင့် ဒီဆေးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းကို ကျေးဇူးတင်တဲ့အကြောင်း ကျွန်တော် ပြောလိုပါတယ်၊ သူတို့တွေ တကယ်ကို စေတနာ ထားပြီးလုပ်ပေးပါတယ်၊ အကျိုးအမြတ်ထက် ပြည်သူ့အတွက် အထောက်အကူရအောင်ဆိုပြီးတော့ လုပ်ပေးတာပေါ့၊ စီးပွားရေးဆိုတာကတော့ အကျိုးအမြတ်ရှိမှလုပ်ချင်မှာပေါ့၊ သို့သော်လည်း ဒီဟာက အကျိုးအမြတ်က အဓိက မဟုတ်ဘဲနဲ့ကို လက်ဝယ် ကို ဈေးနှုန်းမှန်မှန်နဲ့ မြန်မြန်နဲ့ လုပ်ပေးတယ်၊ စေတနာနဲ့ လုပ်ပေးတဲ့ကိစ္စရပ် ဖြစ်ပါတယ်၊ အဲဒါ ကြောင့် သူတို့ကို ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောလိုပါတယ်။
Field တွေ မကျန်ဖို့လို
ဒီကိုဗစ်ရောဂါတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျလာ တယ်လို့ပြောတယ်၊ ကျွန်တော်တို့က Figure လည်း တစ်ချက်ကြည့်တာပေါ့၊ စစ်ဆေးတဲ့ အရေအတွက်၊ နောက်တွေ့တဲ့အရေအတွက် Percentage ၊ ကျွန်တော်တို့က ဒီဘက်က တွေ့တဲ့အရေအတွက်ကို ကြည့်တယ်၊ အဓိကကတော့ ဘာလဲဆိုတာကတော့ Field တွေ မကျန်ဖို့လိုတယ်၊ ခုနကကျန်းမာရေး ဝန်ကြီးလည်း ဆွေးနွေးတဲ့အထဲမှာ ပါပါတယ်၊ Contact Person တွေပေါ့၊ Contact Person မဟုတ်ဘဲ သူတို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ပတ်သက်နေတဲ့သူတွေရှိတယ်၊ တချို့လည်း အိမ်မှာ ပြန်ပြီးနေကြတယ်၊ စောစောကကျွန်တော် ပြောလိုက် တယ်၊ ဥပမာအားဖြင့်- နယ်စပ်ဒေသမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်း တချို့ဒေသတွေမှာ ရွာတွေပြန်နေ ကြတယ်၊ ဘာမှမပြောဘူး၊ ဖြစ်ခါမှ အကုန်လုံးက ဖြစ်ပွားတဲ့နှုန်းက »» စာမျက်နှာ ၄ မှ
တအားများလာတဲ့အခါကျမှ၊ စစ်ကြည့်တော့ အကြောင်းအမျိုးမျိုးနဲ့ ပြန်ရောက်လာတဲ့သူတွေက သတင်းမပို့တာ၊ မစစ်ဆေးတာတွေ တွေ့တယ်၊ ဒါကြောင့် ဒါတွေကိုလည်း ကြပ်ကြပ်မတ်မတ် စစ်ဆေးနိုင်ဖို့လိုပါတယ်၊ အရေးကြီးတာက စစ်ဆေးမှု နယ်ပယ်တွေမှာ မကျန်ဖို့လိုတယ်၊ များများစစ်ပြီး တော့ အဖြေများများသိမှသာ ကျွန်တော်တို့က ကိုဗစ် ထိန်းချုပ်ရေးအတွက် အကျိုးရှိလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်၊ များများစစ်ဖို့လိုတယ်”ဟု ပြောကြားသည်။
ပေါ့ဆစွာဖြင့် နေထိုင်သွားလာမှုများမရှိစေရေး
ဆက်လက်ပြောကြားရာတွင် ထိုကဲ့သို့ ဆေးစစ် ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ရှည်စွာဖြင့် နည်းစနစ်တကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောသူများသည် အာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ် ခံယူရမည်ကို ကြောက်ရွံ့ထိတ်လန့်မှုများ ရှိသဖြင့် စစ်ဆေးမှုခံယူသူများကိုလည်း ကြောက်ရွံ့မှု မရှိစေရန် နားလည်သဘောပေါက်အောင် ရှင်းပြပေး ရမည်ဖြစ်ကြောင်း၊ ဆေးစစ်မှုလုပ်ငန်းများသည် အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ရေး လုပ်ဆောင် ပေးသည့် လုပ်ငန်းဖြစ်သဖြင့် စစ်ဆေးမှုလုပ်ဆောင် ရန် လိုအပ်သူများ မကျန်ရှိအောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ဗီဇပြောင်းရောဂါပိုးသည် ဖြစ်ပွားမှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုများသည့်အတွက် ပေါ့ဆစွာဖြင့် နေထိုင် သွားလာမှုများမရှိစေရေး ကျန်းမာရေးအသိပညာပေး သည့်လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ဖြစ်ပွားသည့်လက္ခဏာများကို ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံဆော်ဩရာတွင်လည်း အချက်အလက် တိကျစွာဖြင့် အသိပညာပေးရမည် ဖြစ်ကြောင်း၊ ရုပ်မြင်သံကြားများတွင် ဖော်ပြပေးရာ၌ နှုတ်ဖြင့် သာမက စာဖြင့်ပါ ဖော်ပြပေးရန်လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးမှုနှင့် ပတ်သက် ပါက မှန်ကန်သည့် အသိပညာများရရှိအောင် လုပ်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
သင်ခန်းစာယူရမည်
ကိန်းဂဏန်းအချက်အလက်များအရ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာပြီး အဆိုပါ အချက်အလက်များသည် မှန်ကန်ခိုင်မာမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားမှုနှုန်း အမှန်တကယ် လျော့နည်းလာမှသာလျှင် တင်းကျပ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယလှိုင်း၌ ရောဂါ ကူးစက်မှုနှုန်းလျော့ကျစဉ် ပေါ့ဆစွာဖြင့် နေထိုင် သွားလာခဲ့ခြင်းကြောင့် တတိယလှိုင်းဖြစ်ပွားစဉ် အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံ၊ အလုပ်ရုံများကို စည်းကမ်းစနစ်တကျဖြင့် လုပ်ကိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ရောဂါဖြစ်ပေါ်မှု အခြေအနေများအရ ရုံးပိတ်ရက် ကြေညာထားသည် ဖြစ်သော်လည်း အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူ များအနေဖြင့် လုပ်ဆောင်ရန် လိုအပ်သည်များကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ဆောင်နေရမည်ပင်ဖြစ် ကြောင်း၊ ရောဂါကူးစက်ဖြစ်ပေါ်မှုများကို မျက်ခြည် မပြတ်စောင့်ကြည့်၍ ကျန်းမာရေးဆိုင်ရာ ဖြေလျှော့မှု များကို လုပ်ဆောင်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။
ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ရောက်ရှိလာမည့် ကာကွယ်ဆေးများကို ဦးစားပေးသတ်မှတ်ချက်များ အလိုက် ထိုးနှံပေးနိုင်ရေး လုပ်ဆောင်ပေးရန် လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေးနေ ရသူများ၏ လုံခြုံရေးအတွက် တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များသာမက ဒေသခံပြည်သူလူထု ကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ် မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ပြီဖြစ်သဖြင့် ပြည်ပ မှ တင်သွင်းရန် အမှန်တကယ်လိုအပ်မှသာ အရန် အနေဖြင့် တင်သွင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး၊ ဒေသခံပြည်သူ လူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးရာတွင် စီမံခန့်ခွဲမှုကောင်းစွာ ဖြင့် လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်