
ကင်ဘာရာ ဖေဖော်ဝါရီ ၂၅
သြစတြေးလျနိုင်ငံ တောင်ပိုင်း ပြည်နယ် ရဲတပ်ဖွဲ့သည် မြက်ခင်း ပြင်တောမီးလောင်မှု အများ အပြားကို ဖြစ်စေခဲ့သော မီးရှို့မှု ကျူးလွန်သည့် သံသယရှိသူများ အား ရှာဖွေလျက်ရှိသည်။
မီးသတ် သမားများသည် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက ဩစတြေးလျ တောင်ပိုင်း၏ မြို့တော် အက်ဒလိတ်မြောက် ဘက်ရှိ လူ့အဖွဲ့အစည်းများ အတွက် အန္တရာယ်ဖြစ်စေသည့် မြက်ခင်းပြင် မီးလောင်မှု ရှစ်ခုကို ထိန်းချုပ်ခဲ့ရသည်။
အဆိုပါ မီးလောင်မှုများသည် တမင်တကာ မီးရှို့ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲ ထားပြီး မီးလောင်မှု ထပ်မံ မဖြစ်ပွားစေရန်အတွက် အဆိုပါ နေရာတွင် ရဲတပ်ဖွဲ့ဝင်များက ညတွင်းချင်း စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၄ ရက်က ပြည်နယ်တစ်ဝန်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် အထက် မြင့်တက်လာမှုကြောင့် ပြည်နယ် ရှစ်ခုတွင် တောမီးအန္တရာယ် သတိပေးချက်များ ထုတ်ပြန် သည်။
သြစတြေးလျနိုင်ငံ တောင် ပိုင်း ပြည်နယ်တွင် တောမီးကို တမင်တကာ လောင်ကျွမ်းစေခြင်း သို့မဟုတ် မီးလောင်မှုဖန်တီးသည် ဟု အပြစ်ရှိကြောင်း တွေ့ရှိပါက အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ချမှတ်နိုင်သည်။ တောမီးကြောင့် အများပြည်သူပိုင် ဥစ္စာပစ္စည်း များကို ထိခိုက်စေသော မီးရှို့သူ များကို ထောင်ဒဏ်တစ်သက် အထိ ချမှတ်ခံရနိုင်သည်။
သြစတြေးလျနိုင်ငံ ရာဇဝတ်မှု ဆိုင်ရာအင်စတီကျု၏ ၂၀၀၈ ခုနှစ်က ထုတ်ဝေသော အစီ ရင်ခံစာအရ သြစတြေးလျရှိ စိုက်ခင်းပြင်များ မီးလောင်မှု အားလုံး၏ အနည်းဆုံး ၁၃ ဒသမ ၃ ရာခိုင်နှုန်းသည် ရှို့မီးကြောင့် မီးလောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆင်ဟွာ