မန္တလေး ဇွန် ၁၈
၂၀၂၄ ခုနှစ် ပဲရာသီတွင် နယ်စုံဒေသမှ ရေသွင်းစိုက်ပျိုးပြီး ထွက်ရှိလာသည့် သီးထပ်မတ်ပဲအသစ်များ မန္တလေးဈေးကွက် အတွင်း ဈေးကောင်းများရရှိကာ အရောင်းအဝယ်များ သွက်လက်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
အဆိုပါ သီးထပ်မတ်ပဲများ သည် ဈေးကွက်အတွင်းသို့ ယခု ဇွန်လမှစ၍ လှိုင်လှိုင်ဝင်ရောက် လာပြီး အထွက်နှုန်းနှင့် အရည် အသွေးပိုင်းများလည်း ကောင်းမွန် လျက်ရှိသည့်အပြင် ဈေးကောင်း များလည်းရရှိနေကြောင်း၊ ယနေ့ တွင် သီးထပ်မတ်ပဲ ဈေးနှုန်း မှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ဈေးနှုန်းအထိ မြင့်တက်ကာ ဈေးကောင်းရရှိနေ ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
‘‘တပေါင်း လပြည့်ကျော်က စိုက်ခဲ့တဲ့ရေသွင်း မတ်ပဲတွေ မန္တလေးဈေးကွက်ကို ဝင်ရောက် လာပြီး ဈေးကောင်းရရှိနေပါ တယ်။ ရေသွင်းစိုက်ပျိုးခဲ့တဲ့ သီးနှံ ဖြစ်ပါတယ်။ တောင်သူတွေ မတ်ပဲ ကို သီးထပ်စိုက်ပျိုးလို့ အောင်မြင် တဲ့နှစ်လည်းဖြစ်တယ်။ အိန္ဒိယ နိုင်ငံနဲ့ ဥရောပနိုင်ငံတွေက ဝယ်လို အား ကောင်းကောင်းနဲ့ ဝယ်ယူ လာတာကြောင့် ဈေးကောင်းရနေ တာပါ။ အဲဒါကြောင့် မတ်ပဲဟာ အခါတိုင်းနှစ်ထက်မတူဘဲ ဝယ်လို အား များပြားနေပြီး ဈေးနှုန်း မြင့်တက်လာနေတာ ဖြစ်တယ်။ သီးထပ်အနေနဲ့ စိုက်ပျိုးတာ အောင်မြင်ဖြစ်ထွန်း ဈေးကောင်း ရရှိနေတာကြောင့် တောင်သူတွေ အကျိုးအမြတ်ရရှိတဲ့ နှစ်လို့ပြော လို့ရပါတယ်။ အပိုဝင်ငွေလည်း ရရှိနေပါတယ်။ ဒါကြောင့်လာမယ့် နှစ်မှာ တောင်သူတွေ တိုးချဲ့ စိုက်ပျိုးသင့်ပါတယ်’’ ဟု ၎င်းက ပြောသည်။
လက်ရှိ မန္တလေးပဲဈေးကွက် သို့ ရေသွင်းစိုက်ပျိုးသည့် သီးထပ် မတ်ပဲများ စတင်ဝင်ရောက်လာ သည့် ဒေသများမှာ ပခုက္ကူ၊ ရေစကြို၊ မြောင်၊ မတ္တရာစသည့် နယ်များနှင့် စဉ့်ကူးနယ်များမှဝင် ရောက်နေကြောင်း၊ မတ်ပဲကို မြန်မာနိုင်ငံ အထက်အညာဒေသ များတွင်သာမက မြန်မာနိုင်ငံ အောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုး ထွက်ရှိကြောင်း၊ သီးထပ်အနေဖြင့် အထက်အညာဒေသများတွင်သာ စိုက်ပျိုးကြပြီး အဆိုပါ မတ်ပဲ သည် မြန်မာပြည်၏ ပဲသီးနှံတင်ပို့ မှုတွင် အများဆုံးဖြစ်ကာ နိုင်ငံခြား ဝင်ငွေရှာဖွေပေးသည့် နေရာတွင် နံပါတ်တစ်နေရာ၌ ရပ်တည်လျက် ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)