
နေပြည်တော် မတ် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်မည့် ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
လက်မှတ်ရေးထိုးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ နိပွန် ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori နှင့် နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အဖွင့်အမှာစကား ပြောကြားပြီး နိပွန် ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori က နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori တို့က ဘက်စုံဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ် ရေးထိုးခဲ့ကြပြီး နားလည်မှုစာချွန်လွှာ အပြန် အလှန် လဲလှယ်ခဲ့ကြသည်။
ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် ဘက်စုံဒေသဖွံ့ဖြိုးရေး စီမံကိန်းကို မတ် ၂၀ ရက်မှ စတင်၍ တစ်နှစ်နှင့် နှစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆၂၂ သန်း ဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အခြေခံ အဆောက်အဦများ၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးဆိုင်ရာ လုပ်ငန်းများ၊ ဆိုလာမီးလင်းရေး ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းလုပ်ငန်းများ အကောင် အထည် ဖော် ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းဧရိယာအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ ၇၄ ရွာရှိ ဒေသခံပြည်သူလူထု များအတွက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ကောင်းမွန် စေမည့် အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်