နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်မှု အခြေခိုင်မာလာတဲ့ အရှေ့တောင်အာရှဒေသ

Type
1

 

တက္ကသိုလ်မောင်ရူပ

 

ယမန်နေ့မှ အဆက်


ဂျပန်နိုင်ငံ၏ နည်းပညာ အကူအညီ


အဖွဲ့ဝင် စုစုပေါင်း  ၁၅  နိုင်ငံပါဝင်တဲ့ ဒေသ တွင်း  ဘက်စုံစီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်မူဘောင်သဘောတူညီချက် (Regional Comprehensive Economic Partnership-RCEP) ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စတင်အသက်ဝင် လာခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာ  အာဆီယံ အဖွဲ့ဝင်  ၁၀  နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ ပါဝင်ပါတယ်။ RCEP မူဘောင်သဘောတူညီချက်မှာ ရင်းနှီးမြှုပ်နှံ မှုများ မြှင့်တင်ရေး၊ ဉာဏ ပစ္စည်းမူပိုင်ခွင့်ကာကွယ် စောင့်ရှောက်ရေး၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အပေါ် အကောက်ခွန်နှုန်းထားတွေ  လျှော့ချရေးနဲ့ ပယ်ဖျက်သွားရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ  ပါဝင် ပါတယ်။  

 


အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနက် စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ပစိဖိတ်ဖြတ်ကျော် စီးပွား ရေးမိတ်ဖက်သဘောတူညီချက် (Trans-Pacific Partnership) မှာလည်း ဂျပန်နိုင်ငံနဲ့အတူ ပါဝင်နေ ပါတယ်။ ဒီလိုစီးပွားရေးမိတ်ဖက်သဘောတူညီ ချက်တွေအရ  ဒေသတွင်းမှာ   ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ နေရာပြောင်းရွှေ့ ခြင်း (relocation of factories)  ဟာ  မလွဲမသွေ လိုက်ပါဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

 


အရှေ့တောင်အာရှဒေသမှာ    ဆိုရင်လည်း  e-commerce   စီးပွားရေးလုပ်ငန်း   ပမာဏဟာ လျင်မြန်စွာ    ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ ကုန်စည်ဖြန့်ဖြူးမှု သယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုအပ်ချက်တွေဟာလည်း မြင့်မားလာမှာ  ဖြစ်ပါ တယ်။ ဒီလိုအခြေအနေမျိုးမှာ ဒေသတွင်းမှာရှိတဲ့ ကုန်စည်ဖြန့်ဖြူးမှုလုပ်ငန်းတွေဟာ ဂျပန်နိုင်ငံရဲ့ အရည်အသွေးမြင့်မားတဲ့ သယ်ယူပို့ဆောင်မှု စနစ် တွေကို စတင်အသုံးပြုလာခဲ့ကြပါတယ်။ ထင်ရှား တဲ့ဥပမာတစ်ခုကတော့ ကုန်ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်မှုလုပ်ငန်းစဉ် တစ်ရပ်လုံးမှာ ကုန်ပစ္စည်း တွေကို အအေးခံသယ်ယူပို့ဆောင်တဲ့ cold chain logistics လုပ်ငန်းစဉ်ဖြစ်ပါတယ်။ 

 


လတ်ဆတ်တဲ့   စားသောက်ကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေကို   သယ်ယူပို့ဆောင်တဲ့   အခါမှာ လမ်းကြောင်းပြောင်းလဲသယ်ဆောင်မှုအဆင့်တွေမှာအပါအဝင် သယ်ယူပို့ဆောင်မှု ကွန်ရက်အဆင့် တိုင်းမှာ  ကုန်ပစ္စည်းတွေကို   အပူချိန်လျှော့ချပြီး အအေးခံသယ်ဆောင်ဖို့  လိုအပ်ပါတယ်။  အရှေ့ တောင်အာရှဒေသမှာ ကုန်ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်မှုလုပ်ငန်းစဉ်   အများစုမှာ   အအေးခံ သယ်ယူပို့ဆောင်မှုလုပ်ငန်းစဉ် အားနည်းခဲ့ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဟာ ဒေသတွင်းမှာ   ကုန်စည် ပို့ဆောင်ရေး နည်းပညာအဆင့်မြင့်လာစေဖို့ လိုအပ် တဲ့ လေ့ကျင့်သင်ကြားမှုများ   ပြုလုပ်ပေးခြင်းနဲ့ လုပ်ငန်းလမ်းညွှန် (Guidelines) တွေကို ရေးဆွဲ ပေးခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင်ဒေသတွင်းမှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတွေရဲ့ ဆွဲဆောင် မှုရှိလာတဲ့အချက်က အရည်အသွေးမြင့် သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှု   ပေးအပ်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ 
ဂျပန်နိုင်ငံက  Konoike Transport Co. ကုမ္ပဏီ ဟာ ဒေသခံကုမ္ပဏီတွေ ဒါမှမဟုတ် ဂျပန်ကုမ္ပဏီ တွေ ထုတ်လုပ်တဲ့ ရေခဲမုန့်တွေ၊  ပြုပြင်ပြီး  အစား အသောက်ကုန်ပစ္စည်းတွေကို အအေးခံ သယ်ယူ ပို့ဆောင်တဲ့ဝန်ဆောင်မှုကို ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံမှာ ပေးအပ်လျက်ရှိပါတယ်။   Konoike   Co. ဟာ သူ့ရဲ့ပြိုင်ဘက်ကုမ္ပဏီတွေထက် ပိုပြီး အားသာ တဲ့အချက်အဖြစ်   ဆေးနဲ့  ဆေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့လိုအပ်တဲ့ အဆင့်မြင့်နည်းစနစ် တွေကိုလည်း ရယူပိုင်ဆိုင်ထားရှိပါတယ်။ 

 


အလားတူပဲ ဒေသတွင်း ရထားလမ်းကြောင်း ကနေ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုမှာလည်း ဂျပန် နိုင်ငံရဲ့ နည်းပညာလိုအပ်ချက်တွေဟာ ပိုမိုမြင့်မား လာနေပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း က  Japan Freight Railway Co. ဟာ သူ့ရဲ့ပထမဆုံး ပြည်ပရုံးခွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။  အထူးသဖြင့် လူနဲ့  သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်မယ့်အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းတွေ (hazardous materials)ကို သယ်ယူ ပို့ဆောင်တဲ့အခါမှာ နည်းပညာ လိုအပ်ချက်တွေကို ထောက်ပံ့ပေးသွားဖို့လည်း Japan Freight Rai-lway Co. က မျှော်မှန်းထားပါတယ်။ ဒီလုပ်ငန်းစဉ် တွေ စတင်ဆောင်ရွက်သွားနိုင်ဖို့အတွက်လည်း မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ယူမှုတွေ စတင် ပြုလုပ်သွားဖို့ ရှိနေပါတယ်။ 

 


သုံးသပ်ချက်


၂၀၂၀ ပြည့်နှစ်   နှစ်စပိုင်းလောက်ကစပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါတွေ ကမ္ဘာအနှံ့ ပြန့်ပွား လာပြီးနောက်ပိုင်းမှာ နိုင်ငံတကာကုန်စည်စီးဆင်း မှုအပေါ် အရှိန်အဟုန်အရရော၊ ကုန်စည်ပမာဏ မှာရော အကြီးအကျယ်  သက်ရောက်မှုရှိစေခဲ့ပြီး  နိုင်ငံတကာ ကုန်စည်ဖြန့်ဖြူးရေး ကွန်ရက်ကိုလည်း ထိခိုက်လာစေခဲ့ပါတယ်။ ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (United Nations Conference on Trade and Development-UNCTAD) ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ဖြူးမှုဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ၂၇ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်မှု လျော့ကျခဲ့ ရတဲ့ ပမာဏဟာ  ၂၀၀၈-၂၀၀၉  ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့   ကမ္ဘာလုံးဆိုင်ရာ   ငွေကြေးအကျပ် အတည်း (Global  financial  crisis)  ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်မှုလျော့ကျခဲ့တဲ့ ပမာဏထက် ပိုမိုများပြားတာကို တွေ့မြင်နိုင်ပါ တယ်။ 

 


ပင်လယ်ရေလမ်းကြောင်းကနေ    ကုန်စည် သယ်ယူပို့ဆောင်မှုတွေဟာ     ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Global supply chain) အတွက် ပင်မထောက်တိုင်တစ်ရပ် ဖြစ်ပါ တယ်။ ပင်လယ်ရေလမ်းကြောင်းကနေ   ကုန်စည် သယ်ယူပို့ဆောင်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည် ကုန်သွယ်မှုပမာဏရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ကုန်စည်ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းရှိတာ ကို ကြည့်ခြင်းဖြင့် တွေ့မြင်နိုင်ပါတယ်။  ကုန်စည် ပို့ဆောင်မှုကွန်ရက်နဲ့    ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်တွေမှာ အတားအဆီးတွေ (disruptions) ရှိလာခဲ့ပြီဆိုရင် ဒီကွန်ရက်တစ်လျှောက်မှာ ရိုက် ခတ်မှုတွေ ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာပြီး ကမ္ဘာ့ ကုန်သွယ်မှုနဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို အကြီးအကျယ် ဆိုးကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။ 

 


ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုတွေ၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၄ ရက်နေ့မှာ လက်ဘနွန်နိုင်ငံ  ဘေရွတ်ဆိပ်ကမ်းမှာ အကြီးအကျယ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀  ကျော်  သေဆုံးကာ သင်္ဘော ၁၃ စင်း ပျက်စီးဆုံးရှုံးပြီး   ဒေါ်လာ ၁၅ ဘီလီယံခန့် ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်၊ ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က Evergreen ကုမ္ပဏီပိုင် Ever Given ကုန်သေတ္တာတင် သင်္ဘောကြီး အီဂျစ်နိုင်ငံ စူးအက် တူးမြောင်းအတွင်းမှာ ခြောက်ရက်တိုင်တိုင် ကန့်လန့် ဖြတ်ကြီးပိတ်မိနေလို့ ကုန်သေတ္တာတင် သင်္ဘောတွေ ရာနဲ့ချီပြီး ပိတ်ဆို့နေခဲ့တဲ့ဖြစ်စဉ်တွေကို ပြန်ကြည့် ရင် ပင်လယ်ရေလမ်းကြောင်းကနေ ကုန်စည်သယ်ယူ ပို့ဆောင်မှုတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို တွေ့မြင်နိုင်ပါတယ်။ 

 


ဒါကြောင့် နိုင်ငံတကာ ကုန်စည်ပို့ဆောင်သူတွေ ဟာ နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ဆောင်မှုတွေ ကိုလည်း  ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်အတွက်     ထည့်သွင်းစဉ်းစားလာခဲ့ကြပါတယ်။  နယ်စပ်ဖြတ်ကျော်  ကုန်စည် သယ်ဆောင်မှုတွေမှာလည်း   သူ့အခက်အခဲနဲ့သူရှိနေတာ  ဖြစ်ပါ တယ်။ နယ်စပ်ဒေသ   ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်မှာ  သယ်ယူပို့ဆောင် ရတဲ့      လမ်းအနေအထားမကောင်းတာတွေ၊    ကုန်တင်ကားတွေ  အချိန်အကြာကြီး စောင့်ဆိုင်းရတတ်တာမျိုးတွေ၊ ယာဉ်မောင်းနှင်သူ တွေအတွက်  ပြည်ဝင်ခွင့်ခက်ခဲနိုင်မှုတွေ၊  အထူးသဖြင့်  ကိုဗစ်-၁၉ ကာလမှာ   ယာဉ်မောင်းနှင်သူတွေ  ကွာရန်တင်းဝင်ရတာမျိုးတွေကလည်း    နယ်စပ်ဖြတ်ကျော်  ကုန်စည်ပို့ဆောင်မှုတွေကို    အဟန့် အတားဖြစ်စေနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ 

 


သို့သော်   ယခုခေတ်ကာလလို    နှစ်နိုင်ငံချင်းအကြား  သို့မဟုတ်   ဒေသတွင်းမှာ   လွတ်လပ်စွာ  ကုန်သွယ်ရေးသဘောတူညီချက်လို ဖြေလျှော့မှုတွေရှိလာခြင်းဟာ   အထက်မှာဖော်ပြခဲ့တဲ့  အခက်အခဲ တွေကို  လွယ်ကူရှင်းလင်းလာစေမှာ  ဖြစ်ပါတယ်။  အထူးသဖြင့်  မီးရထားလမ်းကြောင်းကတစ်ဆင့်  နယ်စပ်ဖြတ်ကျော်  ကုန်စည် ပို့ဆောင်မှုနဲ့   ခရီးသည်တွေပို့ဆောင်နိုင်မှုဟာ     ကြိုတင်ညှိနှိုင်းမှုတွေက တစ်ဆင့်    အခက်အခဲတွေ     လျော့ပါးစေမှာဖြစ်လို့   ထိရောက်တဲ့  သယ်ယူပို့ဆောင်မှုတစ်ရပ်  ဖြစ်လာပါတယ်။ 

 


အရှေ့တောင်အာရှဒေသ    နိုင်ငံအများစုဟာ  ပင်လယ်ရေလမ်း ကြောင်းကို   အဓိကအားပြုပြီး ကုန်သွယ်မှုတွေ  ပြုလုပ်နေကြသော် လည်းပဲ  နယ်စပ်ဒေသတွေကနေ  ကုန်စည်သယ်ယူပို့ဆောင်မှုဟာ ထိရောက်မှုရှိကာ    အချိန်ကုန်သက်သာတဲ့    လမ်းကြောင်းတစ်ခု   ဖြစ်တယ်ဆိုတာ   သိမြင်လာပြီး   ကုန်းလမ်းခရီးကနေ   နယ်စပ် ဖြတ်ကျော်  ကုန်စည်သယ်ယူပို့ဆောင်မှုတွေကိုလည်း    အလေးထား   လာခဲ့ကြပါတယ်။   ဒေသတွင်းမှာ   ဂျပန်နိုင်ငံရဲ့  အကူအညီအထောက် အပံ့နဲ့     စီးပွားရေးစင်္ကြံတွေ   တိုးတက်ကောင်းမွန်လာစေရန်ပံ့ပိုးမှု၊ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ အစီအစဉ်အောက်ကနေ နယ်စပ် ဖြတ်ကျော်    ရထားလမ်းတွေ   တိုးချဲ့တည်ဆောက်လာမှုတွေကြောင့်  အခုဆိုရင်  ကူမင်း-ဗီယင်ကျန်း  ရထားလမ်းဟာ နောက်ဆုံးဖွင့်လှစ်နိုင် ခဲ့တဲ့ နယ်စပ်ဖြတ်ကျော်   လူနဲ့ကုန်စည်သယ်ယူပို့ဆောင်ရေး ကွန်ရက် တစ်ခု ဖြစ်လာခဲ့ပါတယ်။

 


လာအိုနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံ (Land-locked country) ကနေ ကုန်းမြေချင်း  ချိတ်ဆက်ပေးတဲ့နိုင်ငံ (Land-linked country) အဖြစ် ရည်မှန်းချက်ထား ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကူမင်း-ဗီယင်ကျန်းရထားလမ်းဟာ     ကုန်စည်ပို့ဆောင်မှုတွေကိုသာမက  နောင်မှာ   တရုတ်နိုင်ငံက   ကမ္ဘာလှည့်ခရီးသွားတွေ    အရှေ့တောင် အာရှဒေသကို လွယ်လွယ်ကူကူနဲ့ ငွေကြေးကုန်ကျမှုသက်သာစွာနဲ့ ပို့ဆောင်ပေးနိုင်မယ့်     လမ်းကြောင်းတစ်ခုလည်း   ဖြစ်လာနိုင်သလို အရှေ့တောင်အာရှဒေသတွင်းမှာ     ကုန်စည်သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ကျယ်ပြန့်တဲ့  ကွန်ရက်တစ်ခု  ဖြစ်လာနိုင်ပါကြောင်း တင်ပြ လိုက်ရပါတယ်။

 
 ရည်ညွှန်း


-    Cross-border ground shipping takes root in Southeast Asia by Hidetaka Yamamura (The Japan News 8 March 2022)
-    Thailand looks to China-Laos Railways by Yang Han (The China Daily  20 January 2022)
-    COVID-19  and  Maritime   Transport-Impacts and Responses (UNCTAD 2021)
-    How the Suez canal blockade unfolded across supply chains by Matt Leonard
    (Supply Chain Dive 6 July 2021)