
၁။ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ (Financial Action Task Force -FATF)၏ အစီရင်ခံစာအပေါ် လိုက်နာအကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေပေးချေမှု စနစ်တကျ ရှိစေရေးအတွက်လည်းကောင်း နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်ပစ္စည်းများ တင်သွင်းမှုကို ဘဏ်စနစ်ဖြင့် သာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပါသည်။
၂။ ဤသို့ ဆောင်ရွက်ရာတွင် သွင်းကုန်ပစ္စည်းများတင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်း မှ ရရှိသည့်ဝင်ငွေနှင့် တစ်ဖက်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ လစာနှင့်လုပ်ခလွှဲပို့ငွေ အပါအဝင် အခြား ဝင်ငွေများကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။ သွင်းကုန်တင်သွင်းသူများအနေဖြင့် အဆိုပါရငွေ များကို အသုံးပြုကာ သက်ဆိုင်ရာဘဏ်များမှတစ်ဆင့် သွင်းကုန်အတွက် ငွေပေးချေမှုများကို ပေးချေ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နယ်စပ်ကုန်သွယ်မှုကိစ္စရပ်များကို ဘဏ်စနစ်ဖြင့် ဆောင်ရွက်ရာတွင် ကနဦးအဆင့်အနေဖြင့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် စတင်ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၃။ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာတွင် ကုန်စည်တင်သွင်းမှုများအတွက် အောက်ပါ အတိုင်း စိစစ်ခွင့်ပြုပါမည်-
(က) သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီများအနေဖြင့် မိမိ၏ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ(သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်ကြောင်း သက်ဆိုင်ရာ ဘဏ်မှ ထုတ်ပေးသည့် အထောက်အထား (Credit Advice) နှင့် ဘဏ်ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထား ရမည်။
( ခ ) ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုသည့် ကုမ္ပဏီကတင်ပြလာသော ပို့ကုန်မှ ရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုပမာဏကို စိစစ်၍ ဘဏ်ငွေစာရင်း လက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ပါသည်။
( ဂ ) သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသော ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန် ကြေညာလွှာ(Import Declaration-ID)ဖွင့်လှစ်ရာ၌ ပို့ကုန်မှရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးသည့် အထောက်အထား (Credit Advice) နှင့် ဘဏ်ငွေ စာရင်းရှင်းတမ်း (Bank Statement) မူရင်းတို့ကို ပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်။
၄။ သွင်းကုန်တင်သွင်းမှုများအတွက် ပို့ကုန်မှရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများ ကို အခြေခံ၍ တင်သွင်းခွင့်ပြုမည့် အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက် မည်ဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကာလအတွင်း လျှောက်ထားပြီးဖြစ်သည့် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ အကျုံးဝင်ခြင်းမရှိပါ။ အဆိုပါနေ့ရက် မတိုင်မီ ထုတ်ပေးပြီးဖြစ်သည့် သွင်းကုန်လိုင်စင်များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မတိုင်မီ ပြီးပြတ်အောင် တင်သွင်းကြရန်နှင့် အဆိုပါသတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်း မရှိပါက သွင်းကုန်လိုင်စင် ပျက်ပြယ်မည်ဖြစ်ပါသည်။
၅။ ထိုသို့ တင်သွင်းခွင့်ပြုရာတွင် ပို့ကုန်မှရရှိသည့်ဝင်ငွေနှင့် အခြားဝင်ငွေ ဝင်ရောက်မှုများနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့နောက်ပိုင်း ဝင်ရောက်သည့် ဝင်ငွေကိုသာ အသုံးပြုဆောင်ရွက် ခွင့်ပြုမည်ဖြစ်ပါသည်။
၆။ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီသည် ရရှိသည့်ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းကိုဖြစ်စေ၊ အခြားကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေး၍ သွင်းကုန် တင်သွင်းခြင်းကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။ အဆိုပါပို့ကုန်မှရရှိသည့်ဝင်ငွေကို အသုံးပြု၍ သွင်းကုန် ပစ္စည်းတင်သွင်းရာတွင် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုခုမှ အခြားတစ်ခုခုသို့ လွှဲပြောင်း သုံးစွဲနိုင်သည်။
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန