
(၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)
၁။ လူကုန်ကူးမှုပြဿနာသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ် ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့် ပြဿနာ တစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် လူသားအချင်းချင်း စာနာမှု ကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလည်းဖြစ်ပါသည်။ လူကုန်ကူးမှုများသည် ပုံသဏ္ဍာန် နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု၏ဒဏ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခံနေရ ကြောင်းတွေ့ရှိရပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော နိုင်ငံများသည် လူကုန်ကူးမှု ဆိုးကျိုးများကို ပိုမိုခံစားနေရကြောင်း တွေ့ရှိရပါသည်။ လူကုန်ကူးမှုပြဿနာသည် သာမန်မှုခင်းနှင့်မတူဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မှုစသည်တို့နှင့်ချိတ်ဆက်ပြီး ရှုတ်ထွေးလှသည့်ပြဿနာတစ်ရပ်ဖြစ်သည့် အားလျော်စွာ ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းအားထုတ် တားဆီးကာကွယ်ကြသော် လည်း ဆက်လက်၍ ပျံ့နှံ့မြင့်မားနေဆဲဖြစ်ကြောင်းကို နိုင်ငံတကာက အသိအမှတ်ပြု ဖော်ပြထားပါသည်။
ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်
၂။ မြန်မာနိုင်ငံသည် လူကုန်ကူးမှုပုံစံအမျိုးမျိုးကို ပြစ်မှုအဖြစ် ပြဋ္ဌာန်း၍ ၁၉၉၇ ခုနှစ်ကတည်းကပင် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် တားဆီးကာကွယ်ခဲ့ပါသည်။ လူကုန်ကူးမှု မှုခင်းများ တားဆီး ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုတင် ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး နှင့် လူကုန်ကူးမှု မှုခင်းများအား တရားစွဲဆိုရေးလုပ်ငန်းများကို ၅ နှစ်စီမံကိန်းများရေးဆွဲ၍ နှစ်အလိုက် စီမံချက်များ ချမှတ်ကာ ဟန်ချက်ညီ ဆောင်ရွက်လျက်ရှိပါသည်။ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတစ်ရပ် လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှစတင်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၌ နှစ်စဉ်ကျင်းပခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါပျံ့နှံ့လာမှုများကြောင့် အထိမ်းအမှတ်အခမ်းအနား များကို ကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Online Campaign များကို ကျင်းပနိုင်ခဲ့ပါသည်။
၃။ ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုများ မြင့်တက်လာခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းသော လူအုပ်စုများအကြား၌ ပိုမို၍အန္တရာယ်ကြီးမားလာခဲ့ပါသည်။ ၇၀ ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံများ၏ စီးပွားရေးကျဆင်းလာပြီး အလုပ် အကိုင်အခွင့်အလမ်းနည်းပါးလာခြင်း၊ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက် လာခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်းနှင့် Online မှတစ်ဆင့် ဆွဲဆောင်စည်းရုံးနိုင်မှုရှိခြင်းတို့က ယင်းပြဿနာကို ပိုမိုကြီးထွား လာစေသည်ကို တွေ့ရပါသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC) ၏ ၂ဝ၂ဝ ပြည့်နှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (Global Report on Trafficking in Persons 2020) ထုတ်ပြန်ချက်တွင် လူကုန်ကူးမှုပုံစံများနှင့် စီးဆင်းမှုများ (Patterns and Flows) ပြောင်းလဲလာကြောင်း၊ အလွန်အမင်းဆင်းရဲနွမ်းပါးမှု၊ ပိုမိုထိခိုက် လွယ်သောစီးပွားရေး၊ လူမှုရေးစံနှုန်းများနှင့် မိသားစုနောက်ခံများ အပေါ် လူကုန်ကူးသူများက အလွဲအသုံးပြု ကျူးလွန်သဖြင့် ကလေး သူငယ်လူကုန်ကူးမှုနှင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများ တိုးတက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါသည်။
၄။ ထို့ပြင် ပြောင်းလဲတိုးတက်လာသော အင်တာနက်နည်းပညာများ အား အသုံးပြု၍ လူကုန်ကူးသူများက လူသစ်စုဆောင်းခြင်းများ ပြုလုပ်လာကြကြောင်း၊ ကိုဗစ်- ၁၉ ကပ်ရောဂါပြန့်ပွားမှု မြင့်တက် လာမှုနှင့် ယင်း၏ ကန့်သတ်ချက်များက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို ထိခိုက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်းနှင့် အတူ အလုပ်လက်မဲ့ပြဿနာများက အားနည်းသော လူအုပ်စုများ အကြား လူကုန်ကူးမှု မှုခင်းများ ပိုမိုမြင့်တက်လာခဲ့ကြောင်းနှင့် ကလေးသူငယ်နှင့် အမျိုးသမီးများသည် အဓိကပစ်မှတ်အုပ်စုများ ဖြစ်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ Human Rights First အဖွဲ့ အစည်း၏ လေ့လာဆန်းစစ်ချက်များအရ နှစ်စဉ်လူဦးရေသန်း ၁၂၀ ခန့်သည် လူကုန်ကူးခံရလျက်ရှိပြီး အကျိုးအမြတ်အဖြစ် အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံခန့်ရှိကြောင်း၊ မိမိတို့နေထိုင်သော အာရှတိုက် တစ်ခုတည်းတွင်ပင် ၂၅ သန်းကျော်သော ပြည်သူများသည် လူကုန်ကူး ခံရသည့်ဘဝတွင် ရောက်ရှိနေကြောင်း သိရှိရပါသည်။
ကမ္ဘာ့လူကုန်ကူးမှုပြဿနာ မြင့်တက်လာ
၅။ လက်ရှိကမ္ဘာ့လူကုန်ကူးမှုပြဿနာ မြင့်တက်လာသည်နှင့်အမျှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု မှုခင်းများသည် ၇၉ ရာခိုင်နှုန်းရှိပြီး ဒုတိယအများစုတွေ့ရှိရသော လူကုန်ကူးမှု မှုခင်းများဖြစ်သည့် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုသည် ၁၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။ အခြားတစ်ဖက်တွင်လည်း လူကုန်ကူးမှု လျော့ကျ ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ တားဆီးနှိမ်နင်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များသည် ကိုဗစ်- ၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်များကြောင့် လူမှုစီးပွားလုပ်ငန်းဆောင် ရွက်မှုများတွင် ပိုမိုခက်ခဲလာကြောင်း တွေ့ရှိရပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အတွက် လုပ်ငန်းနယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၁၂ ခုနှစ် အာဆီယံလူကုန်ကူးမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိများ လုပ်ငန်းအဖွဲ့နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အထူးအဖွဲ့ ခေါင်းဆောင်များအဖွဲ့တို့ကို ဖွဲ့စည်း၍ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
၆။ မြန်မာနိုင်ငံသည် လူကုန်ကူးမှု မှုခင်းများ တိုက်ဖျက်ရေးအပါ အဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းကာ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်းအား ရေးဆွဲ၍ ပြည်တွင်းနှင့် နိုင်ငံဖြတ်ကျော်ဖြစ်ပွားသော လူကုန်ကူးမှုများ လျော့နည်းပပျောက် ရေးအတွက် ထိရောက်စွာ တားဆီးကာကွယ်ရေးနှင့် ပြောင်းလဲလာ သည့် လူကုန်ကူးမှုပုံစံသစ်များကို ကြိုတင်သိရှိ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရက အလေးထားဆောင် ရွက်လျက်ရှိပါသည်။
၇။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာဖြစ်ပွားစေသည့် အဓိက အကြောင်းရင်းများသည် အလုပ်အကိုင်အခွင့်အလမ်းရလိုမှု၊ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုနှင့် ပြည်တွင်းလက်နက်ကိုင် အခြေအနေ များကြောင့် ရွှေ့ပြောင်းသွားလာ၍ အလုပ်အကိုင်အသစ်များရှာဖွေရာမှ လူကုန်ကူးသူနှင့် ပွဲစားများ၏ သားကောင်အဖြစ် ကျရောက်ပြီး လူကုန်ကူးမှုများဖြစ်ပွားခြင်းကို တွေ့ရှိရသည်။ မိမိနိုင်ငံမှ အသက် ငယ်ရွယ်သည့် မိန်းကလေးများနှင့် ထိမ်းမြားလက်ထပ်ရန်အတွက် အိမ်နီးချင်းနိုင်ငံမှ အမျိုးသားများက ပြည်တွင်းအထိ လာရောက် စည်းရုံးခေါ်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်း၊ ငါးဖမ်း စက်လှေများနှင့် ကျားဖောင်လုပ်ငန်းများတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူများကို အဓမ္မလုပ်အား ခေါင်းပုံဖြတ်ခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲသူများအပေါ် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း စသည့်လူကုန်ကူးမှုပုံစံများ ဖြစ်ပွား နေကြောင်း တွေ့ရှိရပါသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ် စီမံကိန်းများ
၈။ မြန်မာနိုင်ငံအနေဖြင့် ၂ဝဝ၇ ခုနှစ်မှစ၍ လူကုန်ကူးမှု တိုက်ဖျက် ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများရေးဆွဲကာ သက်ဆိုင်ရာဝန်ကြီးဌာန များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစသည့် လုပ်ငန်းကဏ္ဍ (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ် အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ များ၊ ကော်မတီများ၊ အဆင့်ဆင့်သော တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/ မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့များကိုလည်း ခေတ်စနစ်နှင့််အညီ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၉။ လူကုန်ကူးမှုအန္တရာယ်များကို ပြည်သူလူထုအကြား ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်း၊ ရုပ်မြင်သံကြားတွင် အသိပညာပေးဇာတ်လမ်းနှင့် တေးသီချင်းများထုတ်လွှင့်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ခြင်း၊ အသိပညာပေး (Billboard)များ စိုက်ထူခြင်း၊ မိုဘိုင်းဖုန်း အော်ပရေတာများမှတစ်ဆင့် SMS များပေးပို့ခြင်း၊ ကျောင်းသားလူငယ် များအတွက် အခြေခံပညာကျောင်းသင်ခန်းစာများတွင် ထည့်သွင်းပို့ချ ပေးခြင်းစသောလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ လူကုန်ကူးမှုနှင့် လူကုန်ကူးခံရသူများအား အချိန်မီကယ်တင်နိုင်ရေးအတွက် ၂၄ နာရီ သတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းများကို နေပြည်တော် အပြင် ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များတွင် တိုးချဲ့တပ်ဆင်ခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ရွှေ့ပြောင်းသွားလာမည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအား သတင်းအချက်အလက်များ မျှဝေနိုင်ရန်နှင့် အသိပညာပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာနများအား ဖွင့်လှစ်၍ အသိပညာများ မျှဝေလျက်ရှိပါသည်။
သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ရေးဆောင်ရွက်
၁၀။ ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်”ကို ထုတ်ဝေ၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် သက်ဆိုင် ရာဌာနများသို့ မိတ်ဆက်ရှင်းလင်းခြင်း၊ လူကုန်ကူးခံရသူများအတွက် ဘဝရပ်တည်နိုင်ရေး ထောက်ပံ့ပေးခြင်း၊ တရားရုံးစစ်ဆေးနေစဉ် ကာလအတွင်း ခရီးစရိတ်၊ ဆေးကုသစရိတ်နှင့် ကျွေးမွေးစရိတ် ထောက်ပံ့ပေးခြင်း၊ လူကုန်ကူးခံရသူများအား ကူညီထောက်ပံ့ပေးနိုင် ရန်အတွက် သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ရေးဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရသူများအား မြဝတီ၊ မူဆယ်၊ ကော့သောင်း၊ မန္တလေး မြို့နှင့် ရန်ကုန်မြို့များရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများတွင်ထားရှိပြီး အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းထောက်ပံ့ပေးခြင်း၊ ကိုဗစ်- ၁၉ ကာလ၌ လူကုန်ကူးခံရသူများအား ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ဂေဟာများတွင် ကာကွယ်ရေးသုံး ပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သော အသုံးအဆောင်များ တပ်ဆင်ခြင်း၊ ရောဂါပိုးကူးစက်ခံရမှု ရှိ/ မရှိ စစ်ဆေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာအသစ်တစ်လုံး ဆောက်လုပ်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၁၁။ အဋ္ဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပြီးဆုံး သည့်အချိန်မှ ၂၆- ၈-၂ဝ၂၁ ရက်နေ့ထိ လူကုန်ကူးမှု ၃၅ မှုမှ လူကုန်ကူးခံရသူကျား ၄ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၄၈ ဦးကို ကယ်တင် နိုင်ခဲ့ပါသည်။ လူကုန်ကူးမှု ၃၁ မှုအား တရားစွဲတင်နိုင်ခဲ့ပြီး တရားခံ ကျား ၃၉ ဦး၊ မ ၆၂ ဦး၊ စုစုပေါင်း ၁ဝ၁ ဦးအား ထိရောက်သော ပြစ်ဒဏ်များ ချမှတ်အရေးယူနိုင်ခဲ့ပါသည်။ လူကုန်ကူးခံရသူများကို အခြေခံလူ့အခွင့်အရေးများ၊ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အခွင့်အရေး များနှင့်အညီ ၎င်းတို့၏ ဘဝရပ်တည်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ်အတွင်း လူကုန်ကူးခံရသူ ကျား ၂ ဦး၊ မ ၃၁၃ ဦး၊ စုစုပေါင်း ၃၁၅ ဦးအတွက် သယ်ယူပို့ဆောင်ခ ၂,၂၉၇,၆ဝဝိ/-၊ အစားအစာနှင့်ရိက္ခာ ၁,၇၃၂,၅ဝဝိ/-၊ လူကုန်ကူးခံရသူ မ ၁ ဦးအတွက် ဆေးဝါးနှင့်ကုသစရိတ် ၄၈,ဝဝဝိ/-၊ လူကုန်ကူးခံရသူ ကျား ၁ ဦး၊ မ ၄၅ ဦး၊ စုစုပေါင်း ၄၆ ဦးအတွက် ပြန်လည်ထူထောင်ရေး စရိတ် ၄၆,ဝဝဝ,ဝဝဝိ/- အား ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ၂ဝ၂၁ ခုနှစ် အတွင်း ယနေ့အချိန်အထိ လူကုန်ကူးခံရသူ ကျား ၁ ဦး၊ မ ၉၂ ဦး၊ စုစုပေါင်း ၉၃ ဦးအတွက် သယ်ယူပို့ဆောင်ခ ၁,ဝ၈၂,ဝဝဝိ/-၊ အစား အစာနှင့် ရိက္ခာ ၁,၂၂၈,ဝဝဝိ/-၊ လူကုန်ကူးခံရသူ မ ၁ဝ ဦးအတွက် ပြန်လည်ထူထောင်ရေးစရိတ် ၁ဝ,ဝဝဝ,ဝဝဝိ/-အား ထောက်ပံ့ပေးနိုင် ခဲ့ပါသည်။
၁၂။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအပိုင်းတွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအဝင် နောက်ဆက်တွဲစာချုပ်များဖြစ်သည့် အမျိုး သမီးများနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ်နှင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းအသုံးပြုပြီး ရွှေ့ပြောင်း နေထိုင်သူများအား မှောင်ခိုပို့ဆောင်ခြင်း ကျူးလွန်သည့် နိုင်ငံ ဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းအား တိုက်ဖျက်ရေး နောက်ဆက်တွဲစာချုပ် များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် မဲခေါင်ဒေသတွင်း ၆ နိုင်ငံ လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးစီမံကိန်း၊ လူကုန်ကူးမှုတိုက်ဖျက်ခြင်းဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း၊ မြန်မာ-တရုတ်/ မြန်မာ-ထိုင်း/ မြန်မာ-လာအို/ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုး၍ လူကုန်ကူးမှု တားဆီးကာကွယ် ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးမြှင့်ဆောင်ရွက် လျက် ရှိပါသည်။
ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများကို ဆွေးနွေး
၁၃။ မဲခေါင်မြစ်ဝှမ်းဒေသရှိနိုင်ငံများ၏ ဝန်ကြီးအဆင့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ ဒေသတွင်းလုပ်ငန်းအဖွဲ့ အစည်း အဝေးနှင့် (၁၄) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး များအား ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအတွင်း Online မှတစ်ဆင့် ကျင်းပခဲ့ရာ ဖြစ်ပေါ်လာသည့် လူကုန်ကူးမှု လမ်းကြောင်းသစ်များနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရွှေ့ပြောင်းသွားလာ ခြင်းအတွင်း လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက် ရေးနှင့် စပ်လျဉ်းသည့် ဆန်းသစ်သော ဆောင်ရွက်မှုများနှင့် ခေါင်းပုံ ဖြတ်မှုပပျောက်ရေးအတွက် ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှု များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် ဒေသဆိုင်ရာအစီအစဉ်များ ဖော်ဆောင်ရန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အတွေ့အကြုံများနှင့် အလေ့အထကောင်းများ မျှဝေဖလှယ်နိုင်ရန် (၁၇) ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့အစည်း အဝေးနှင့်(၃၅)ကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အထူး အဖွဲ့ခေါင်းဆောင်များ အစည်းအဝေးများအား ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ အတွင်း Online မှတစ်ဆင့် ကျင်းပဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၄။ လူကုန်ကူးမှုပြဿနာများနှင့် ကမ္ဘာ့ကုလသမဂ္ဂက ပြဋ္ဌာန်းထား သော ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်(၈)တွင် စဉ်ဆက်မပြတ်သော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် မတရားစေခိုင်းမှု၊ ခေတ်သစ်ကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားရန်ဟု ဖော်ပြထားပါသည်။ အဆိုပါ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သင့်တင့်လျောက်ပတ် သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် အထည်ချုပ် လုပ်ငန်းကဲ့သို့သော Labour Incentive Sector များ ဖွံ့ဖြိုးတိုးတက်ရေး တို့သည် လူကုန်ကူးမှုပြဿနာ နောက်ကွယ်ရှိ အဓိကလိုအပ်ချက်များ ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုများကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းစေခဲ့ပြီး ရောဂါထိန်းချုပ် ရေး ကန့်သတ်ချက်များသည် အခြေခံလူတန်းစားများနှင့် ဖွံ့ဖြိုးမှု အားနည်းသော လူအုပ်စုများအပေါ် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို တွေ့ကြုံခံစားစေရကာ လူကုန်ကူးမှု ကျူးလွန်သူများအတွက် ဆွဲဆောင်စည်းရုံးရန် အခွင့်အရေးတစ်ခု ဖြစ်ပေါ်စေလျက်ရှိပါသည်။
များစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေါ်လျက်ရှိ
၁၅။ IT နည်းလမ်းဖွံ့ဖြိုးတိုးတက်လာမှုအပေါ် လူကုန်ကူးမှုကျူးလွန် သူများက အမြတ်ထုတ်အသုံးချနေမှုများကလည်း တားဆီးနှိမ်နင်းရေး ကဏ္ဍများအတွက် များစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေါ်လျက်ရှိပါ သည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေးသည် စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာမြင့်မားမှု၊ မူဝါဒနှင့် မဟာဗျူဟာများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် များစွာမူတည်ပါသဖြင့် အောက်ပါတို့ကို လတ်တလော အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ပါသည်-
(က) အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအမံများမှ တစ်ဆင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းစဉ် များကို ဘက်ပေါင်းစုံမှ ဟန်ချက်ညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
( ခ ) လူကုန်ကူးမှုဖြစ်ပွားရသည့် အဓိကအကြောင်းအရင်း ဖြစ်သော ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်ပေါ်လာသည့် ရပ်တည်ရန် ခက်ခဲမှု လျှော့ချရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။
( ဂ ) ရပ်ရွာအခြေပြုစောင့်ကြည့်အဖွဲ့ (CWG) များ စွမ်းဆောင် ရည်မြင့်မားပြီး သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးရန် လိုအပ်ပါသည်။
(ဃ) လူကုန်ကူးမှုဆိုင်ရာ လူထုအသိပညာပေးလုပ်ငန်းများ တွင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပြည်သူလူထု ပူးပေါင်း ပါဝင်လာစေရေးကို မြှင့်တင်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။
( င ) ကိုဗစ်- ၁၉ ကပ်ရောဂါအန္တရာယ်ကျရောက်နေစဉ်နှင့် ကပ်ရောဂါအလွန် ကာလများအတွင်း လူကုန်ကူးမှုများ တိုက်ဖျက်နိုင်ရန်အတွက် လူကုန်ကူးမှု မှုခင်းများဆိုင်ရာ သုတေသနလုပ်ငန်းများ၊ လေ့လာစမ်းသပ်မှုများ ဆောင်ရွက်၍ရရှိသော သုတေသန တွေ့ရှိချက်များကို အကျိုးရှိစွာပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။
( စ ) လူကုန်ကူးခံရသူများ၏ တွေ့ကြုံခံစားရမှုများအပေါ် အခြေခံသည့် တုံ့ပြန်မှုနည်းလမ်းများကို ရှာဖွေ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
(ဆ) အိမ်နီးချင်းနိုင်ငံများမှ တားဆီးနှိမ်နင်းရေးအဖွဲ့အစည်း များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ နယ်စပ် ဖြတ်ကျော်လူကုန်ကူးမှုများ ပူးပေါင်းစုံစမ်းဖော်ထုတ်မှု မြှင့်တင်ရန်နှင့် Online နည်းပညာ အသုံးချဆောင်ရွက် နိုင်ရေးကိုလည်း တိုးမြှင့်ဖော်ဆောင်ရန် လိုအပ်ပါသည်။
ကိုယ်ချင်းစာနာ နားလည်စွာ ပူးပေါင်းဆောင်ရွက်
၁၆။ ယခု ၂ဝ၂၁ ခုနှစ်၊ နဝမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “တားဆီး၊ ကယ်တင်၊ ကူညီရေး၊ လူကုန်ကူးခံရသူအသံ နားထောင်ပေး” ဆိုသည့်အတိုင်း လူကုန်ကူးမှုတားဆီးတိုက်ဖျက်ခြင်းလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် လူကုန်ကူးခံရသူများကို အလေးထား၍ ကိုယ်ချင်းစာနာ နားလည်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးမှုပပျောက်ရေးအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပြည်သူလူထု၏ စည်းလုံးညီညွတ်သော အင်အားစု များ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံအတွင်း လူကုန်ကူး မှုများ လျော့နည်းကျဆင်း၍ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။ ။