နုပျိုကျန်းမာ သက်ကြီးသူတို့ ပျော်စံရာ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ

Type
၅

 

ကြည်ထွန်း(လူမှု)

 

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း  ၈၀၀၀ ပြည့်ပြီဖြစ်။ အမှည့်တဝင်းဝင်း၊ အကင်းတဖြုတ်ဖြုတ် ဆိုသည့်အတိုင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး သေနှုန်းလျော့ကျအောင် နည်းပေါင်းစုံဖြင့် ဆောင်ရွက်နေသည့် ယနေ့ကမ္ဘာကြီးတွင် အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အိုဦးရေမှာ တစ်နေ့တခြား တိုးပွားနေသည်။ ၂၀၁၉ ခုနှစ်က အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ ၇၀၃ သန်းသာရှိသော်လည်း လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၅ ဘီလီယံကျော်သို့ ရောက်လိမ့်မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထားသည်။

 

မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အို အချိုးအစား သည်လည်း ယခင်ကထက် ပိုမိုများပြားလျက်ရှိရာ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ရာခိုင် နှုန်းသည် ၁၉၇၃ ခုနှစ်တွင် ၆ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ၁  ရာခိုင်နှုန်းအထိ တိုးတက်ပြောင်းလဲလာသည်။ ပြည်သူ့အင်အားဦးစီး ဌာနက  ထုတ်ပြန်ထားသော   သက်ကြီးရွယ်အို အကြောင်းအရာ သုတေသနစာတမ်းအရ မြန်မာ နိုင်ငံ၌ သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်းခန့် ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် သက်ကြီးရွယ်အို ၁၃ သန်းခန့် ရှိလာနိုင်သည်ဖြစ်ရာ သက်ကြီးရွယ်အို အရေအတွက်နှင့် အသက် ၁၅ နှစ်အောက် ကလေး အရေအတွက် တူညီလုနီးပါး ဖြစ်လာတော့မည်။
အိုသူကို ပျိုသူတို့  ထမ်းရမည်
ဤသို့ နိုင်ငံ့လူဦးရေတွင် ကလေးပါဝင်မှု အချိုး အစားလျော့ကျသွားပြီး   သက်ကြီးရွယ်အိုပါဝင်မှု အချိုးအစား မြင့်တက်လာခြင်းသည် ကမ္ဘာ့နိုင်ငံများ အဖို့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။  သို့ရာတွင် “အိုသူကို ပျိုသူတို့  ထမ်းရမည်” ဟူသော လောက နိယာမအရ   နိုင်ငံတကာတွင်   သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများကို     နည်းလမ်း ခြောက်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ 
စေတနာ့ဝန်ထမ်း   ဘိုးဘွားရိပ်သာများ
ထူထောင်စောင့်ရှောက်ခြင်း
ထိုနည်းလမ်း    ခြောက်သွယ်အနက်    ပထမ နည်းလမ်းဖြစ်သည့် “ စေတနာ့ဝန်ထမ်း   ဘိုးဘွား ရိပ်သာများထူထောင်စောင့်ရှောက်ခြင်း” လုပ်ငန်း မှာ မြန်မာနိုင်ငံတွင် ၁၉၁၅ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်သည်။ လူမှုဝန်ထမ်း အာဇာနည် အမျိုးသမီးကြီး   အဘွားဒေါ်ဦးဇွန်း စတင်တည်ထောင်သော   စစ်ကိုင်းမြို့  မင်းကွန်း ဘိုးဘွားရိပ်သာမှ အစပြု၍   မြန်မာပြည်တစ်ဝန်း အမြို့မြို့အနယ်နယ်တွင် ဘိုးဘွားရိပ်သာ များစွာ ပေါ်ထွန်းလာသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   လူမှု ဝန်ထမ်းဦးစီးဌာနက   အသိအမှတ်ပြု    ဘိုးဘွား ရိပ်သာ ၉၃ ခုရှိ   ဘိုးဘွား ၃၀၀၀   ကျော်အတွက် ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာ တို့ကို   နှစ်စဉ်မပြတ်   ထောက်ပံ့မှုပြုပေးသည်။ ပြည်တွင်း  ပြည်ပ   စေတနာရှင်၊   အလှူရှင်များ ကလည်း စေတနာ၊ သဒ္ဓါတရားထက်သန်စွာ ပါဝင် လှူဒါန်းလျက်ရှိကြသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုမိပါသည်။
မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုအများစုသည် ကိုယ့်ရပ်ကိုယ့်ရွာကို ခုံမင်မြတ်နိုးသူများဖြစ်သည့် အလျောက်  ဘိုးဘွားရိပ်သာများသို့   သွားရောက် နေထိုင်ရန် ဝန်လေးကြသည်။ သားထောက်သမီးခံ မရှိသော သက်ကြီးရွယ်အိုများ ၊ ဆွေမျိုးသားချင်း နည်းပါးသော  သက်ကြီးရွယ်အိုများ   မြန်မာနိုင်ငံ အနှံ့အပြားတွင်ရှိနေကြသည်။ အကြောင်းအမျိုးမျိုး ကြောင့် ဆင်းရဲနွမ်းပါးပြီး အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုများ၏   လူမှုရေးအခြေအနေကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်တိုးတက်စေ ရန် ၂၀၀၄ ခုနှစ်မှစ၍ “အိမ်တိုင်ရာရောက် သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးစီမံကိန်း” ကို ချမှတ်၍ မြို့နယ်ပေါင်း ၁၅၄ မြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည်။ 
သက်ကြီးသူ များ၏ စွမ်းဆောင်ရည်
ပိုမိုအားကောင်းလာစေ ရန်  
၂၀၀၉ ခုနှစ်မှစ၍ ကျေးရွာပေါင်း ၁၁၈ ရွာတွင် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါ လူကြီး၊ လူငယ်အပြန် အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သက်ကြီးသူ များ၏ စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေ ရန်  “လူမှုအားမာန် အဖွဲ့”    ( Inclusive Self Help Group- ISHG)  အဖြစ်   ပြောင်းလဲဖွဲ့စည်းခဲ့ရာ အဖွဲ့ပေါင်း ၂၂၂ ဖွဲ့ ရှိလာပြီဖြစ်သည်။ နိုင်ငံတော်က မတည် ရန်ပုံငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးခဲ့ ကြောင်း ကြားသိရ၍ ဝမ်းမြောက်ကြည်နူးမိပါသည်။
မြန်မာနိုင်ငံတွင်    အခြားနိုင်ငံများနည်းတူ ပြောင်းလဲလာသော   လူနေမှုပုံစံအရ    မိသားစု အသီးသီးတွင် အလုပ်လုပ်နိုင်သော မိသားစုများက နေ့စဉ်   အလုပ်သွားရသည်။   ကျောင်းနေအရွယ် ကလေးများကလည်း   ကျောင်းတက်ကြရသည်။ အိမ်တွင်ကျန်ရစ်ခဲ့သော    မိဘဘိုးဘွားများမှာမူ ငွေကြေးမချို့တဲ့သော်လည်း အထီးကျန်ဆန်သော ဝေဒနာကို ခံစားနေကြရသည်။ ဤသို့သော သက်ကြီး ရွယ်အိုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နိုင်ငံတကာ    သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းတစ်ရပ်ဖြစ်သော   “သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ” ပေါ်ထွန်းလာ ရန် ရည်သန်ခဲ့သည်။ 
သက်ကြီးရွယ်အိုများနေ့ပိုင်း 
စောင့်ရှောက်ရေး ဂေဟာ
သို့ဖြစ်၍ လူမှုရေးအရ  စောင့်ရှောက်မှုပေးရန် လိုအပ်လျက်ရှိသော     သက်ကြီးရွယ်အိုများအားစောင့်ရှောက်အကူအညီပေးနိုင်ရန်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော သက်ကြီးရွယ်အို    စောင့်ရှောက်ရေးလုပ်ငန်းများ တွင် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး အစီအစဉ်ကို လုပ်ငန်းတစ်ရပ်အနေဖြင့် ထည့်သွင်း ဆောင်ရွက်နိုင်ရန်  လည်းကောင်း၊ သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးလုပ်ငန်းကို ဆောင်ရွက် လိုသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် စံနမူနာဖြစ်စေရန်လည်းကောင်း ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီး   မရမ်းကုန်းမြို့နယ်   ကမ္ဘာအေး ဘုရားလမ်းနှင့်   ပါရမီလမ်းထောင့်ရှိ    ကျယ်ဝန်း စိမ်းလန်းသော ခြံအမှတ် (၆၄) တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော      သက်ကြီးရွယ်အိုများနေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာကို ၂၀၁၃ ခုနှစ်  နိုဝင်ဘာ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါဂေဟာ အဆောက်အအုံကို ၁၉၅၄ ခုနှစ် ဇူလိုင်   ၁၅  ရက်ကတည်းက  ဆောက်လုပ်ခဲ့ပြီး ရန်ကုန်လူငယ်များ စံပြဂေဟာအဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ကမ္ဘာအေး လူငယ်သင်တန်းကျောင်း အဖြစ်လည်းကောင်း ၊ ၁၉၈၅ ခုနှစ်တွင် လူမှုဝန်ထမ်း ဦးစီးဌာန (ရုံးချုပ်) အဖြစ်လည်းကောင်း အသုံးပြု ခဲ့သည်။ အင်္ဂလိပ်အက္ခရာ E  ပုံသဏ္ဌာန်  နှစ်ထပ် အဆောက်အအုံ ဖြစ်သည်။ ရှေ့မျက်နှာစာ ဆင်ဝင် အောက်မှ  ဂေဟာအတွင်းသို့    ဝင်လျှင်ဝင်ချင်း ဧည့်ခန်းနှင့် ရုံးခန်းတို့က  ဆီးကြိုနေသည်။   ယင်း အခန်း၏ တစ်ဖက်တစ်ချက်စီ၌ (၅၀ x ၂၅) ပေစီ ကျယ်ဝန်းသော ခန်းမကြီး နှစ်ခုရှိသည်။ ဝဲဘက်ခန်းမ ကြီးကား    ခေတ်အဆက်ဆက်   ကိုးကွယ်ခဲ့သော ဉာဏ်တော် လေးပေခွဲခန့်ရှိ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွား တော်ကြီး ကိန်းဝပ်စံပယ်ရာ ဘုရားခန်းဖြစ်သည်။ ယာဘက်ခန်းမကြီးမှာ   ဘိုးဘွားများ    စုဝေးရာ၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် လေ့ကျင့်ခန်းများ ပြုလုပ် ရာနေရာဖြစ်သည်။ ထိုခန်းမ၏ နံရံပေါ်တွင် ဘိုးဘွား များ၏ တစ်နေ့တာ ဆောင်ရွက်မှု အချိန်ဇယားနှင့်  ဘိုးဘွားများ   လိုက်နာရန်   စည်းကမ်း  ၁၇ ချက်ကို ချိတ်ဆွဲထားသည်။
အထက်ပါ   ခန်းမကြီး၏    အနောက်ဘက် စင်္ကြံလမ်း တစ်လျှောက်တွင် စာကြည့်တိုက်၊ ပန်းချီ လက်မှုခန်း ၊ ရုပ်သံကြည့်သီဆိုခန်းနှင့် တစ်ကိုယ် ရေသန့်ရှင်းရေးခန်းတို့ရှိသည်။ အခန်းအသီးသီး၌ မိမိဝါသနာထုံရာ စာပေ၊ ပန်းချီ၊ လက်မှု၊ ဂီတ စသည့် အနုပညာတို့ဖြင့်    စိတ်ကြိုက်မွေ့လျော်နိုင်သော အဆောင်ဖြစ်သဖြင့် “အနုသုခုမဆောင်” ဟု အမည် ပေးရပေမည်။ ရုံးခန်း အနောက်ဘက်ရှိ စင်္ကြံလမ်း နှစ်ခုကြားတွင် ဘိုးဘွားအားလုံးကို တစ်ပြိုင်တည်း ကျွေးနိုင်သော ထမင်းစားခန်းကိုတွေ့ရမည်။ ဘုရား ခန်းအနောက်ဘက်ရှိ စင်္ကြံလမ်းတစ်လျှောက်တွင် ဘိုးဘွားများ   သက်သောင့်သက်သာ    လဲလျောင်း အိပ်စက် အနားယူနိုင်သော အဘိုးများ နားနေခန်း၊ အဘွားများ နားနေခန်းနှင့် ဆေးကုခန်းတို့ကို တွေ့ရ သည်။ ဂေဟာအပေါ်ထပ်ကိုမူ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဖွင့်လှစ်ထားသည်ဟု သိရသည်။
အဆိုပါ    ဂေဟာ၌   (၁)   အသက်   ၇၀  နှင့် အထက်ရှိသူ၊ (၂) လူမှုရေးအရ အထီးကျန် ဖြစ်နေ ရသူ၊ (၃) နာတာရှည်ရောဂါ   ဝေဒနာခံစားနေရမှု မရှိသူများအနက် ဦးစားပေး ပြုစုစောင့်ရှောက်ပေး ရန် လိုအပ်သော  သက်ကြီးရွယ်အိုများအား   လက်ခံ စောင့်ရှောက်ပေးလျက်ရှိရာ ယခုအချိန်အထိ ၄၂၆ ဦး ရှိသည်။   လက်ရှိတွင်  အသက် ၇၀  ကျော်နှင့် ၉၀ အတွင်းရှိ အဘိုး ၄၉ ဦး နှင့် အဘွား ၂၆ ဦး စုစုပေါင်း ၇၅ ဦး လက်ခံစောင့်ရှောက်ထားသည်။ ယင်းတို့ အနက် အသက် ၉၀ အရွယ်ရှိ အဘိုး ဦးငွေလွန်းနှင့် အဘွား ဒေါ်အိမေတို့မှာ အသက်အကြီးဆုံး   ဖြစ် သည်။ နေရာတိုင်း၊ ဌာနတိုင်းတွင် အမျိုးသမီးဦးရေ ပိုမိုများပြားလေ့ရှိရာ ဤဂေဟာ၌ အဘိုးဦးရေမှာ အဘွားဦးရေထက်   နှစ်ဆနီးပါး   ရှိနေသည်ကို ထူးခြားမှုတစ်ခုအဖြစ် သတိပြုမိသည်။
ဂေဟာရှိ ဘိုးဘွားတစ်ဦးချင်း (သို့) အုပ်စုလိုက်  Counselling  ပြုလုပ်ပေးခြင်း၊ မူကြိုကျောင်းများ မှ ကလေးငယ်များနှင့် တွေ့ဆုံပေးခြင်း၊ လူငယ်များ နှင့် တွေ့ဆုံ၍ ဘဝအတွေ့အကြုံများ ဟောပြော ခြင်း၊ မိမိဝါသနာပါရာ  လုပ်ငန်းများ လုပ်ဆောင်စေ ခြင်း၊  သက်ကြီးသူအချင်းချင်း   လူမှုရေးကွန်ရက် ထားရှိပြီး သတင်းအချက်အလက်များ နှီးနှောဖလှယ် ခြင်း၊ နေ့ကြီးရက်ကြီးများတွင် အခမ်းအနားများ ကျင်းပပေးခြင်း၊   အခြားဘိုးဘွားရိပ်သာများမှ အဘိုးအဘွားများနှင့်   တွေ့ဆုံပွဲစီစဉ်ပေးခြင်းစသည့် “လူမှုရေးဝန်​ဆောင်မှု”  များ   ပြုလုပ်ပေးလျက် ရှိသည်။ ထို့ပြင် အထွေထွေကျန်းမာရေးစစ်ဆေး ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဆောင်ရွက်ပေး ခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများပြုလုပ် စေခြင်း၊ ကျန်းမာရေးပညာပေး ဟောပြောဆွေးနွေး ခြင်း၊   လိုအပ်ပါက   သက်ဆိုင်ရာဆေးရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့်လည်း “ကျန်းမာ ရေးဝန်ဆောင်မှုများ” ကို ဖြည့်ဆည်းပေးနေသည်။


ဘက်စုံ၊ ထောင့်စုံမှ   ဝန်ဆောင်မှုပြုပေးနေ
ထို့အတူ စာဖတ်ခြင်း၊ ကွန်ပျူတာအင်တာနက် အသုံးပြုခြင်း၊ ရုပ်သံလိုင်းများကြည့်ရှုခြင်း၊ ကာရာ အိုကေသီဆိုခြင်း၊ တရားထိုင်ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ မိမိဝါသနာပါရာများ လုပ်ဆောင် ခြင်း စသည့် “အပန်းဖြေအနားယူမှုဆိုင်ရာ ဝန်ဆောင် မှု” များကို  နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်။ ထိုမျှ မက အာဟာရပြည့်ဝသော နံနက်စာ၊ နေ့လယ်စာ၊ မွန်းလွဲစာ    သုံးကြိမ်ကို      နေ့စဉ်ကျွေးမွေးခြင်း၊ သက်ကြီးသူများ သိသင့်သိအပ်သော ကျန်းမာရေး၊ လူမှုရေးနှင့်         သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများနှင့် အခြားဘာသာရပ်များကို အခါ အားလျော်စွာ ဟောပြောဆွေးနွေးခြင်းဖြင့် ဘက်စုံ၊ ထောင့်စုံမှ   ဝန်ဆောင်မှုပြုပေးနေသည်ဟု  သိရ သည်။
ဂေဟာအတွင်း    လှည့်လည်ကြည့်ရှုရာတွင် အနုသုခုမဆောင်နှင့်     ထမင်းစားခန်းအကြားရှိ  (၇၀x ၃၅) ပေ  ကျယ်ဝန်းသော ကြားကွက်လပ်တစ်ခု လုံးကို မျက်ခင်းတုခင်းကာ မိုးလုံလေလုံ “စိတ်ကြိုက် နားနေခန်းကြီး” တစ်ခုအဖြစ် ဖန်တီးထားသည်ကို မြင်ရ၍ လွန်စွာ အံ့ဩမိသည်။ စိမ်းလန်းစိုပြည်သော မြက်ခင်းပေါ်ဝယ်   Name Card  လည်ဆွဲ ကိုယ်စီ ချိတ်ဆွဲထားသော ဘိုးဘွားအချို့ကိုတွေ့ရသည်။ 
၎င်းတို့ကား  ငယ်မူငယ်သွေး   မပျောက်သေး သည့်ဟန်ရှိသည်။ စစ်တုရင်ထိုးသူ၊ ကျားကစားသူ၊ ရယ်မော ပျော်ရွှင်စွာ စကားဝိုင်းဖွဲ့သူတို့ဖြင့် ပွဲကျ နေသူများထံ သွားရောက်   မေးမြန်းစပ်စုကြည့် မိသည်။ ဘဝတူ သက်ကြီးရွယ်အိုများကို ထိုက်ချိ  သင်ပေးသော အဘွားဒေါ် ခင်မြင့်မြင့်  ၈၁ နှစ်က “အဘွားကတော့ မနက်တိုင်း ၉ နာရီ ရောက်အောင် လာတယ်။     အားလုံးစုဝေးပြီး     ကိုယ်လက် ကြံ့ခိုင်ရေး       လေ့ကျင့်ခန်းတွေ      လုပ်ကြတယ်။ ဒီဂေဟာမှာက  မနက်  ၉ နာရီခွဲမှာ နံနက်စာ ကျွေးတယ်။ နံနက်   ၁၁  နာရီခွဲမှာ   နေ့လယ်စာ ကျွေးတယ်။ နေ့လယ် ၃:၁၅ နာရီ မှာ Tea Break ​ပေးတယ်ဆိုတော့ အားလုံး သုံးကြိမ်ကျွေးတာပေါ့။ နေ့ခင်း     ၁၂   နာရီခွဲက    ၁    နာရီအထိ    နာရီ ဝက်လောက် အိပ်စက်အနားယူရတယ်။   စားချိန်၊ အိပ်ချိန်ကလွဲရင်   ကျန်တဲ့အချိန်တိုင်းဟာ   Free Time ပဲ။ ကျန်းမာရေး၊ လူမှုရေးနဲ့ အပန်းဖြေအနား ယူမှုဆိုင်ရာ   လုပ်ငန်းတွေထဲက   ကိုယ်သန်ရာကို လွတ်လွတ်လပ်လပ်ရွေးပြီး        လုပ်နိုင်တယ်။ သို့ပေမယ့်  ဘာပဲလုပ်လုပ်   အကျိုးရှိအောင်လုပ်ဖို့ ကတော့  အဖွားတို့ရဲ့တာဝန်ပဲလေ” ဟုဆိုသည်။ အငြိမ်းစား ကျောင်းဆရာမကြီး အဘွား ဒေါ်မြကြင် ၈၁ နှစ်က “ဒီမှာက အချိန်မှန်လေ့ကျင့်ခန်းလုပ်ဖြစ် တယ်၊   အချိန်မှန်စားရ၊  အိပ်ရတယ်။ အချိန်မှန် တရားလည်းထိုင်ဖြစ်တယ်။     စနေ၊     တနင်္ဂနွေ ပိတ်ရက်ဆိုရင်   အိမ်မှာမနေတတ်တော့ဘူး”    ဟု ဆိုသည်။
ဂေဟာ စဖွင့်ကတည်းက ဦးဆုံးရောက်ရှိခဲ့သော ရှေးမီနောက်မီ    အဘိုးဦးညွန့်ရွှေ   ၈၂  နှစ်က “ကိုဗစ်ကာလမှာ   လက်တွဲ​ဖော်  ၂၅   ဦးလောက် တိမ်းပါးသွားတယ်။ ကိုယ်လည်း ဒီလမ်းကို သွားရ မှာပဲ။  မသွားခင်တော့ ဒီဂေဟာမှာ ပျော်ပျော်ကြီး နေသွားချင်သေးတယ်” ဟုဆိုသည်။ နေပြည်တော် တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ  သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့သူ အဘိုး ဦးတင်ထွန်း ၈၀ နှစ်က “၂၀၁၈ ခုနှစ်တုန်းက ဒီဂေဟာမှာ  နေသွားတဲ့ ဂီတစာဆို မောင်ဆွေမွန် ရေးစပ်တဲ့   “လူမှုဝန်ထမ်းတာဝန် ကျေစေမည်” ဆိုတဲ့ သီချင်းနဲ့ အဖွဲ့လိုက် သီဆိုဖျော်ဖြေခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာတော့   Zumba ဆိုတဲ့ အကကို ၁၂ ဦးအဖွဲ့နဲ့ ဖျော်ဖြေခွင့်ရခဲ့တယ်။ အင်မတန်မှပျော်ဖို့ ကောင်းပါတယ်”ဟု ပြောပြသည်။ 
ထို့အတူ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဟောင်းကြီး ဦးလှတင်၊   ငယ်စဉ်က   ပိုလန်နိုင်ငံ ပန်းချီပြိုင်ပွဲ၌     ဗိုလ်စွဲခဲ့သူ     ဦးစိုင်းလှအောင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင်   ဒုတိယလက် ထောက် အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ    ဦးမျိုးကြည်၊  ပင်လယ်ပျော်    သင်္ဘောသား ဆက်သွယ်ရေးအရာရှိဟောင်း ဦးဖေသန်းတို့ထံမှ ၎င်းတို့    ကျင်လည်ခဲ့ရသော    ဘဝအတွေ့အကြုံ တစ်စိတ်တစ်ဒေသကို မှတ်သားနာယူခွင့်ရခဲ့သည်။
ဂေဟာရုံးခန်းအတွင်းသို့ ပြန်လည်ရောက်ရှိခဲ့ရာ ဦးစီးအရာရှိ ဒေါ်မင်းမင်းဆန်းက  “ဒီဂေဟာမှာ ဘိုးဘွားအများစုက  ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ဝါတွင်းသုံးလလုံး      မနက်တိုင်း      ဓမ္မစကြာ တရားတော်ကို    ရွတ်ဖတ်ကြတယ်။    အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း   အဘိုးဦးစိုးနိုင်က    အဘိဓမ္မာ သင်တန်းပို့ချပေးတယ်” ဟု ဆိုသည်။ ဂေဟာယာဉ် မောင်းကြီး     ဦးစိုးအောင်က   “ဂေဟာအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း က    Hondai   အမျိုးအစား   ၂၈    ယောက်စီး မော်တော်ယာဉ်နှစ်စီး  လှူထားတယ်။ အရင်က တစ်ပတ် သုံးရက် ကြို/ပို့  ဆောင်ရွက်နိုင်ပေမယ့် အခုအချိန်မှာ စက်သုံးဆီနဲ့ ယာဉ်ပြင်ဆင် စရိတ် ကြီးတာကြောင့် တစ်ပတ်ကို တနင်္လာ၊ သောကြာ နှစ်ရက်ပဲ ကြို/ပို့ လုပ်နိုင်တော့တယ်” ဟု ပြောပြ သည်။
ကျန်းမာတက်ကြွ သက်ကြီးဘဝ
ဂေဟာအုပ်ချုပ်ရေးမှူး/     ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဝေဝေဖြိုးလှိုင်က  “သက်ကြီးရွယ်အို တွေ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင် ရာပါ ကျန်းမာနေဖို့   လိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးက ခံယူကျင့်သုံးထားတဲ့ ကျန်းမာတက်ကြွ သက်ကြီးဘဝ (Active and healthy aging) ကို ရရှိအောင် ဆောင်ရွက်နိုင်ဖို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။     ကျွန်မတို့ဌာနအနေနဲ့   ကာယသုခ၊ စိတ္တသုခ၊ လူမှုသုခတွေရရှိပြီး “ပျော်ရွှင်တက်ကြွတဲ့ သက်ကြီးဘဝ” ရရှိနိုင်အောင် မျှော်မှန်း ဆောင်ရွက်  နေပါတယ်။    ဒုတိယ   မျှော်မှန်းချက်ကတော့ အနာဂတ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး က မြို့ကြီးပြကြီးတွေမှာ အလားတူ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး      ဂေဟာတွေတိုးချဲ့ ဖွင့်လှစ်တဲ့အခါ ဒီဂေဟာမှာ လက်တွေ့ပြုစုစောင့် ရှောက်ခြင်းက ရရှိလာတဲ့ အတွေ့အကြုံနဲ့ နည်း ပညာတွေကို အသုံးပြုပြီး ထောက်ပံ့ကူညီသွားနိုင် ဖို့ပဲ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
သက်ကြီးရွယ်အိုများအတွက် ပြုစု စောင့်ရှောက်သူ  သင်တန်း
ဤဂေဟာကား       သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်မှုလုပ်ငန်း        သက်သက်ကိုသာ ဆောင်ရွက်နေခြင်းမဟုတ်ပေ။ ဂေဟာဝင်းအတွင်းရှိ သီးသန့်နှစ်ထပ်ဆောင်၌    “သက်ကြီးရွယ်အိုများ အတွက်ပြုစုစောင့်ရှောက်သူ     (Care    Giver) သင်တန်း” ကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ဂေဟာက   သတ်မှတ်ထားသော   သင်တန်းသား အရည်အချင်းနှင့် ပြည့်စုံသူများ တက်ရောက်နိုင် ကြသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာန များ၊    ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန၊ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းတို့မှ  ကျွမ်းကျင်ပုဂ္ဂိုလ် များက   သက်ကြီးရွယ်အိုများကို  အနီးကပ်ပြုစု စောင့်ရှောက်မှုပေးရာတွင်   လက်တွေ့အသုံးချနိုင် မည့်   ဘာသာရပ်များကို    ပို့ချပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းမှာသာမက ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လူငယ်မောင်မယ်များပါ တက်ရောက်ကြသည်ကို တွေ့ရသည်။ 
ယခု ဖွင့်လှစ်နေဆဲ   အမှတ်စဉ်  (၁၂)   အထိ သင်တန်းသား စုစုပေါင်း ၃၃၀ မွေးထုတ်ခဲ့ပြီး ဖြစ် ကြောင်း သိရ၍ အားတက်ကြည်နူးမိသည်။
သက်တမ်းအားဖြင့် ကိုးနှစ်နီးပါးတာ ကာလ အတွင်း ဤကဲ့သို့ ဖြစ်ထွန်းအောင်မြင်မှုများ ရရှိခြင်း သည် ဤဂေဟာ၏ အေးမြစိုရွှမ်း မခန်းသောမေတ္တာ၊ မနွမ်းသော  ကရုဏာ၊  ဝမ်းမြောက်လိုလားသော မုဒိတာတို့ကြောင့်ပင်ဖြစ်သည်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းကို စိတ်ပါဝင်စားသူများ၊ ပုဂ္ဂလိကဂေဟာဖွင့်လှစ်၍ ဝန်ဆောင်မှုပြုလိုသူများ၊ သင်တန်းတက်ရောက်လိုသူများ၊   ပါဝင်အားဖြည့် လှူဒါန်းလိုသူများကို ဤဂေဟာက ဝမ်းပန်းတသာ ကမ်းလင့်ကြိုဆိုလျက်ရှိပါသည်။    သို့ဖြစ်၍    နုပျို ကျန်းမာသက်ကြီးသူတို့မွေ့လျော်ပျော်စံရာ    ဤ ဂေဟာသည်          သက်ကြီးရွယ်အိုလောကကို တစ်ခေတ်ဆန်းစေမည့်            တွေးတောကြံစည် အားထုတ်မှုများဖြင့်          ဆတက်ထမ်းပိုးတိုး၍ တိုးတက်အောင်မြင်ပါစေဟု            ဆန္ဒပြုလိုက်ပါ သည်။        ။