
နတ်မောက် ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက်တွင် (၇၇)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း ၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေး ကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်း ဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသ ရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူ များ၊ ကျောင်းသား ကျောင်းသူများဖြင့် စည်ကားခဲ့သည်။
ခင်းကျင်းပြသပေးထား
“ဒီကနေ့မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် ယခင်နှစ်တွေနဲ့ မတူဘဲ အထူးပြခန်းအနေနဲ့ ဗိုလ်ချုပ် ရဲ့ ငယ်ဘဝကနေ နိုင်ငံရေးကြိုးပမ်း လှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံတွေကို ခင်းကျင်းပြသထားပြီး ကျောင်းသား လူငယ်တွေ အသိပညာဗဟုသုတကြွယ်ဝ စေဖို့အတွက် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးရဲ့ ဘဝဖြစ်စဉ် အကျဉ်းတွေကိုပါ ခင်းကျင်းပြသ ပေးထားပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန မကွေးဌာနခွဲမှ ဦးစီး အရာရှိ ဦးရဲလွင်က ပြောသည်။
မှတ်တမ်းဓာတ်ပုံများပြသ
ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ် ၏ မိခင်အသုံးပြုခဲ့သည့် ဆီသိုလှောင် သည့် ဂိုဒေါင်ဟောင်းနှင့် နေအိမ် အောက်ထပ်တွင် စပါးကျီချိုင့်၊ ဗိုလ်ချုပ် အစ်မ ရက်ခဲ့သည့် မူရင်းရက်ကန်းစင်၊ ဗိုလ်ချုပ်ငယ်စဉ်ဘဝက ကိုင်ဆောင်ခဲ့ သည့် စာအုပ်မျက်နှာဖုံးများ၊ ဗိုလ်ချုပ်၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ နိုင်ငံ ရေးလှုပ်ရှားမှုများမှသည် ကျဆုံးခဲ့သည့် အချိန်အထိ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားပြီး နေအိမ်အပေါ်ထပ် တွင် ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်း အမှတ်အဖြစ် ထုလုပ်ထားသည့် ဆီလီ ကွန်ရုပ်တု၊ ဗိုလ်ချုပ် မိဘအိမ်ပြန်လာစဉ် အိပ်ခန်း၊ အိပ်ခန်းအတွင်းမှ မူရင်းကြိုး ခုတင်၊ ဗိုလ်ချုပ်၏ မိခင်အိပ်ခန်း၊ ဗိုလ်ချုပ် မိသားစုအိပ်ခန်း၊ အမျိုးသမီးပြင်ဆင် ခန်း၊ မီးဖိုခန်း၊ နေအိမ်ခြံဝင်းအတွင်း၌ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကျောက်စာတိုင်နှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ် အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်း ဓာတ်ပုံများကို ခင်းကျင်းပြသထား သည်။
လေ့လာကြည့်ရှု
ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် ကို ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် အများ ပြည်သူရုံးပိတ်ရက်များမှအပ ကျန် နေ့ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လာရောက်ကြည့်ရှုလေ့လာ နိုင်ပြီး ယနေ့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အများ ပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရပြီး ယနေ့တွင် ပြခန်းများသို့ လာရောက် ကြည့်ရှုလေ့လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများကို အာဇာနည်နေ့နှင့်ပတ်သက်သည့် သိသင့် သိထိုက်သည့် ဗဟုသုတမေးခွန်းများကို မေးမြန်း၍ ဖြေဆိုနိုင်သူများကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန မကွေးဌာနခွဲမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။
သိမ့်သိမ့်မိုး
ဓာတ်ပုံ- လှဝင်း(နတ်မောက်)