နတ်မောက်မြို့ မြို့မစည်ပင်သာယာစျေး အသစ်ပြန်လည်တည်ဆောက်ပြီးစီး

 

နတ်မောက်    မတ်    ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့မ စည်ပင်သာယာစျေး အသစ်ပြန်လည်တည်ဆောက် ပြီးစီးမှုအခြေအနေကို တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့    ညွှန်ကြားရေးမှူး      ဦးထင်အောင်နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 


မြို့စည်ပင်သာယာစျေးကြီးသည်  ၂၀၂၁  ခုနှစ် နိုဝင်ဘာ ၁၃ ရက်က မီးလောင်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်တွင်   ၂၀၂၁-၂၀၂၂   ဘဏ္ဍာနှစ်(မီနီဘတ်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေကျပ် သိန်း ၅၅၀၀ ဖြင့်   တည်ဆောက်ခဲ့ရာ   ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 


အဆိုပါ     မြို့မစည်ပင်သာယာစျေးကြီးတွင် စျေးဆိုင်ခန်းသစ်ဆောက်လုပ်ခြင်း ၂၂ ရုံ၊ အသားငါး ဆိုင်ခန်း တစ်ရုံ၊ မြို့မဈေးအတွင်း  တောင်/မြောက် လမ်းသွယ်(၁) မူလ ၁၂ ပေ အကျယ်လမ်းကို ၂၄ ပေ အကျယ်ကွန်ကရစ် လမ်းသားချဲ့ခြင်း၊ မြို့မဈေး အတွင်း တောင်/မြောက် လမ်းသွယ်(၁) လမ်း အရှေ့ ဘက်ခြမ်း အုတ်ရေမြောင်း  ဆောက်လုပ်ခြင်းနှင့်ရေမြောင်းပြုလုပ်ခြင်းများနှင့်   ဆိုင်ခန်းပေါင်း   ၄၇၈ ခန်း     တည်ဆောက်ထားရှိမှု    အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့က        လိုက်လံကြည့်ရှု စစ်ဆေးပြီး  ယာယီစျေးတွင်   ရောင်းချနေသော စျေးသည်များအား   မြို့မစျေးကြီးတွင်   အမြန်ဆုံး ပြန်လည်ရောင်းချနိုင်ရေး မှာကြားခဲ့ကြောင်း သိရ သည်။                                        

သင်းသင်းမြတ်