ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်စစ်သည်အား စစ်တရားရုံးဖြင့်စစ်ဆေး၍ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်

နေပြည်တော်   နိုဝင်ဘာ  ၁၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာရှိ  အမျိုးသမီးတစ်ဦးအား စစ်သည်တစ်ဦးက အလိုမတူဘဲ အဓမ္မပြုကျင့် ခဲ့သဖြင့် ၎င်းစစ်သည်အားဖော်ထုတ်၍ တရား ဥပဒေအတိုင်း အရေးယူပေးစေလိုကြောင်း ဒေသခံအချို့က သက်ဆိုင်ရာသို့ တိုင်ကြား လာခဲ့သည်။


တိုင်ကြားသောကိစ္စရပ်သည် ပြည်သူ လူထုနှင့်ပတ်သက်၍သော်လည်းကောင်း၊ တပ်မတော်၏     ဂုဏ်သိက္ခာပိုင်းအရသော်လည်းကောင်း ကြီးလေးသည့် ရာဇဝတ်မှုမျိုး ဖြစ်သည့်အတွက်      သတင်းရရှိသည်နှင့် တစ်ပြိုင်တည်း သက်ဆိုင်ရာနယ်မြေသို့  တာဝန်ရှိ သူများစေလွှတ်၍ စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။


စိစစ်ဖော်ထုတ်ချက်အရ ကွတ်ခိုင်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ   နိုဝင်ဘာ ၇ ရက် မွန်းလွဲ   ၂    နာရီခန့်တွင်   အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်   တပ်သားအဆင့်ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေနှင့် မိုးဝင်းတို့သုံးဦး သည်     အခြေပြုနေရာမှ    သောက်သုံးရေ သွားရောက်ခပ်ယူစဉ်        ရေဆိပ်အနီးရှိ တောင်ယာတဲအတွင်းမှ     ခြံစောင့်ဖြစ်သူ အမျိုးသမီးတစ်ဦးကို   တပ်သားမင်းမင်းစိုး က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦး ဖော်ထုတ်သိရှိခဲ့ရသဖြင့်   အဆိုပါစစ်သည် သုံးဦးအား သီးခြားစီခွဲ၍ ထပ်မံစစ်ဆေးခဲ့ရာ တပ်သား မင်းမင်းစိုးမှာ အမှန်တကယ် ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။


အဆိုပါ ပြစ်မှုကျူးလွန်ခဲ့သည့် စစ်သည် အား  စစ်စည်းကမ်းအရ  အရေးယူနိုင်ရေး အတွက် အများပြည်သူရှေ့မှောက်တွင် တရား စီရင်မှု (Open Court) စစ်တရားရုံးဖြင့်ပွင့်လင်း မြင်သာစွာ အမြန်ဆုံးစစ်ဆေးသွားမည်ဖြစ်ပြီး ယင်းဖြစ်ရပ်မျိုးအတွက်        လုံးဝသည်းခံ ခွင့်လွှတ်ခြင်းမရှိခဲ့သည့်အစဉ်အလာအတိုင်း ပြစ်မှုကျူးလွန်သူအား ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
                                     

သတင်းစဉ်