သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးသည့် ပြန်စိုက်သီးနှံများအတွက် ဓာတ်မြေဩဇာထောက်ပံ့

 

ညောင်လေးပင်  အောက်တိုဘာ  ၃၁


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု ကြောင့် မိုးစပါးသီးနှံ ထိခိုက်ဧရိယာများနှင့် ပျက်စီးသွားသောဧရိယာ များတွင် ပြန်လည်စိုက်ပျိုးထားသော စိုက်ခင်းများအတွက်  စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ယူရီးယားဓာတ်မြေဩဇာများကို အောက်တိုဘာ ၃၀ ရက်က ထောက်ပံ့ ပေးအပ်သည်။

 


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌  ပြုလုပ်သည့် မြေဩဇာများ ပေးအပ်ပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့   အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးနေလင်း၊  ဦးဇော်မင်းယုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက သဘာဝဘေးကျရောက်မှုကြောင့်  ထိခိုက်မှုများကို     နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် အကျိုးရှိရှိ အသုံးချစေလိုကြောင်း ပြောကြားသည်။ ထို့နောက်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်ထူးအောင်က  သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုအပေါ်  ကွင်းဆင်းစာရင်းကောက်ယူမှုများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်က ဓာတ်မြေ ဩဇာထောက်ပံ့သည့်  ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြား၍ တောင်သူများအား ဓာတ်မြေဩဇာများ ပေးအပ်သည်။

 


ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ ထိခိုက်မှု ဧက ၁၃၂၈ ဧကအတွက် တောင်သူ ၃၆၉ ဦးအား တစ်ဧကလျှင် ၂၃ ဒသမ ၇၂ ကီလိုနှုန်းဖြင့် ၃၁၅၀၀ ဒသမ ၁၆ ကီလို(အိတ် ၆၃၀)ကိုလည်းကောင်း၊ ပျက်စီးပြန်စိုက်မှု ၇၂၉ ဧကအတွက် တောင်သူ ၂၄၆ ဦးအား တစ်ဧက လျှင် ၂၅ ဒသမ ၀၂ ကီလိုနှုန်းဖြင့် ၁၈၂၃၉ ဒသမ ၅၈ ကီလို (၃၆၄ အိတ်)ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


 နေလင်း(ညောင်လေးပင်)