
စာချစ်သူ
======
“အခုတစ်လော ကျုပ်တို့ရွှေပြည်ကြီးမှာ ဓမ္မနဲ့အဓမ္မဆိုတဲ့ စကားသံတွေ အတော့်ကို ရေပန်းစားနေပါလားဗျ”
တစ်နေ့က မိတ်ဆွေတစ်ဦးက စကားစပ်မိရင်း ထိုသို့ဆိုသည်။ ကျွန်တော်လည်း သတိပြုမိပါသည်။ အထူးသဖြင့် လူမှုကွန်ရက် စာမျက်နှာထက်တွင် ဓမ္မနှင့်အဓမ္မ၊ ဓမ္မကို အဓမ္မက နိုင်ရိုးထုံးစံမရှိတို့၊ ဓမ္မဝါဒီ အဓမ္မဝါဒီ၊ ဓမ္မဘက်တော်သား၊ အဓမ္မဘက်တော်သား စသဖြင့် ရေးကြသားကြ၊ ပြောကြဆိုကြ၊ ငြင်းကြခုံကြဖြင့် အတောမသတ်နိုင် သည်မှာ ကြာခဲ့ချေပြီ။
“ခင်ဗျားရော ဓမ္မနဲ့ အဓမ္မကို ဘယ်လိုခွဲခြားရှုမြင်သလဲ”
မိတ်ဆွေကြီးက ပြောပြောဆိုဆိုနှင့် တစ်ဆက်တည်း ကျွန်တော့်ကို မေးခွန်းထုတ်ပြန်ပါသည်။
“ကျွန်တော့်အမြင်ကိုမပြောခင် အရင်ဆုံး ရပ်ရွာထဲက လူအများစု ရဲ့ ဓမ္မနဲ့ အဓမ္မအပေါ် သုံးသပ်ချက်အမြင်ကို ပြောချင်တယ်။ အများစု က ဓမ္မဆိုတာ အမှန်၊ အဓမ္မဆိုတာ အမှားလို့ ယေဘုယျကိုင်စွဲပြီး နိုင်ငံရေးအပါအဝင် လောကီရေးရာကိစ္စတွေမှာ ငါတို့လုပ်ရပ်က မှန် တယ်၊ သူတို့လုပ်ရပ်က မှားတယ်။ ငါတို့က ဓမ္မဘက်တော်သား၊ သူတို့ က အဓမ္မ ဘက်တော်သား။ ဒါကြောင့် ဓမ္မကို အဓမ္မက နိုင်ရိုးထုံးစံမရှိ ဘူး။ ငါတို့နိုင်ရမယ်ဆိုတဲ့ ငါတကောကော အတွေးအမြင်တွေနဲ့ သုံးသပ်ဆုံးဖြတ်ပြီး ပြောလာကြတာပဲဗျ”
“နိုင်ငံရေးကိစ္စတွေမှာ ဘာသာရေးအသုံးအနှုန်းတွေကို ဒီလိုပဲ လိုရာဆွဲပြီး ယူသုံးလို့ ရသလားဗျ”
“ရတာပေါ့ဗျ။ မြန်မာတင်မကဘူး၊ ကမ္ဘာမှာလည်း ဒီလိုပဲပြောကြ ဆိုကြတာပဲ။ သမ္မတဂျော့ဘုရှ်(ဂျူနီယာ)ဆို အီရန်တို့၊ အီရတ်တို့ကို မိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေလို့ သုံးနှုန်းစွပ်စွဲခဲ့ဖူးတာပဲ။ တစ်ဖက်ကလည်း ဘုရှ်နဲ့အမေရိကန်ကို စေတန်နတ်ဆိုးလို့ ပြန်ပြောတာပဲ။ တစ်ခါ ၉/၁၁ ကိစ္စနဲ့ အာဖဂန်စစ်ပွဲကာလအတွင်းမှာ သမ္မတဘုရှ်က ‘အမေ ရိကန်နိုင်ငံအပေါ်ပြုလုပ်ခဲ့ကြတဲ့ မကောင်းမှုအကုသိုလ်တွေထဲကပဲ ငြိမ်းချမ်းသာယာတဲ့ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာပါတော့မယ်’တို့၊ “လွတ်လပ်မှုဆိုတာ အမေရိကန်က ကမ္ဘာသူကမ္ဘာသားတွေကို ပေးတာမဟုတ်ပါ ဘူး၊ ဘုရားသခင်ကပေးတဲ့ လက်ဆောင်ဖြစ်ပါတယ်” တို့ ပြောကြတာပဲဗျ။
မသူတော်ဝါဒ
တစ်ခါ သမ္မတဂျော့ဘုရှ်ရဲ့ Pre-emption လို့ခေါ်တဲ့ လက်ဦးမှုရယူ တိုက်ခိုက်ခြင်းမူဝါဒကို နိုင်ငံအတော်များများက “မသူတော်ဝါဒ”လို့ ဝေဖန်ပြောဆိုကြတယ်။ အီရတ်ဘာသာရေးမြို့တော် ကာဘာလာက ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦးကဆိုရင် “ကျုပ်တို့ အမေ ရိကန်တွေကို အလိုမရှိဘူး။ သူတို့က ကျုပ်တို့ရဲ့ရေနံကို သုံးချင်လို့ ရောက်လာတာ။ သူတို့က ဘာသာတရားမရှိတဲ့လူတွေ၊ ကျုပ်တို့က ဘာသာရေးကို ခိုင်မာစွာ သက်ဝင်ယုံကြည်ကြတယ်”တို့ ပြောကြတာ ပဲ။ သူ့အုပ်စု ကိုယ့်အုပ်စု ဘက်အမြင် ဘက်အတွေးတွေနဲ့ ဝါဒဖြန့် ပြောကြ၊ ဆိုကြတဲ့အထဲမှာ အနောက်အုပ်စုမဟာမိတ်နိုင်ငံများက သူတို့ကိုယ်သူတို့ မြင့်မြတ်သန့်ရှင်းသော မဟာမိတ်(holy alliance)လို့ဆိုကြပြီး သူတို့နဲ့ ဝါဒရေးရာ၊ စစ်မက်ရေးရာပြိုင်ဆိုင်နေကြတဲ့ နိုင်ငံများကိုတော့ မသန့်ရှင်းသော မဟာမိတ်များ (Unholy alliance) လို့ ခေါ်ဝေါ်တံဆိပ်ကပ်သမုတ်ကြတာပဲဗျ။ လောကီရေးရာ ကိစ္စတွေမှာ ဓမ္မနဲ့ အဓမ္မကို ရှုမြင်သုံးသပ်ရာမှာ ရှုထောင့်တွေကတော့ မျိုးစုံပဲပေါ့ဗျာ”
မိတ်ဆွေကြီး၏ မေးမြန်းမှုများကို လေ့လာမိသလောက် တတ်အား သရွေ့ ဆွေးနွေးပြောကြားရင်း ကျွန်တော်သည် ပါမောက္ခချုပ် ဆရာတော်ကြီး၏ “သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်”တရားတော်မှ “တရားချစ်ခင်သူတော်စင်အပေါင်းတို့ ‘ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ မှန်ကန်တဲ့အမြင်’ဆိုတာ ဓမ္မအမြင်သာလျှင်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ‘သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်’ မှာ ‘သူ့အမြင် ကိုယ့်အမြင်’ဆိုတာတွေ က မှန်ချင်မှ မှန်တယ်။ ‘ဓမ္မအမြင်’ကသာ မှန်ကန်တဲ့အမြင်ဖြစ်တယ် ဆိုတာကို မှတ်သားနာယူကြပြီးတော့ ဓမ္မအမြင်မျိုးကိုရရှိအောင် နေ့စဉ်နဲ့ အမျှ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း”ဟူ သည့် ဆုံးမဩဝါဒကို အမှတ်ရမိသည်။
“ဒါဆိုရင် ဓမ္မနဲ့အဓမ္မကို ဘာသာရေးရှုထောင့်ကနေ ဘယ်လိုခွဲခြား ရှုမြင်ရမလဲဗျ”
“ကံ၊ ကံ၏အကျိုးကိုယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အမြင်အရတော့ ဓမ္မနဲ့ အဓမ္မကို ကုသိုလ်ကံ၊ အကုသိုလ်ကံရယ်လို့ပဲ ရှုမြင်ရမှာပဲဗျ။ ကံ၊ ကံ၏အကျိုးကို ယုံကြည်လက်ခံတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အမြင်ဟာ ဗုဒ္ဓဘာသာဖြစ်ဖို့ ပထမမူလ အခြေခံပဲလေ။ ကောင်းမှုတစ်ခုခုကိုလုပ်တဲ့အခါ (ကမ္မဉ္စံ - ကံကိုလည်းကောင်း၊ ကမ္မ ဖလဉ္စံ - ကံ၏အကျိုးကိုလည်းကောင်း၊ သဒ္ဓံဟိတွာ - ယုံကြည်ပါကုန် သည်ဖြစ်၍)လို့ ဘုန်းတော်ကြီးက တိုင်ပေးတာကို လိုက်ဆိုကြရတာ ပဲဗျ။”
သို့ကြောင့်မို့ ဂင်္ဂါဝါဠု သဲစုမက ပွင့်ထွန်းတော်မူခဲ့တဲ့ မြတ်စွာ ဘုရားရှင်တိုင်းက
“သဗ္ဗ ပါပဿ အကရဏံ၊
ကုသလဿုပ သမ္ပဒါ။
သစိတ္တ ပရိယော ဒါပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။”
“မကောင်းမှုမှန်သမျှရှောင်၊ ကောင်းမှုမှန်သမျှဆောင်၊ စိတ် စင်ကြယ်အောင်ထား” ဆိုတဲ့ အဆုံးအမဩဝါဒကို ဟောကြားတော်မူခဲ့ တာပဲဗျ။ လင်္ကာဆန်ဆန် ကာရန်အရ ဆိုရင်တော့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”လို့ ဆိုရမှာပေါ့။
“အေးဗျာ၊ အခု ခင်ဗျားပြောမှပဲ ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ပထမမူလ အခြေခံဖြစ်တဲ့ သရဏဂုံသုံးပါးနဲ့ ကံ၊ ကံ၏အကျိုးကို ယုံကြည်မှုဆိုတာ တွေကို ပြန်လည်အမှတ်ရမိပေတော့တယ်”
မိတ်ဆွေကြီးသည် သူတော်ကောင်းစရိုက်ရှိပုံရသည်။ တရားဓမ္မကို နာယူဆွေးနွေးမှုတွင် စိတ်အားထက်သန်မှုရှိလေသည်။ ထို့ကြောင့် ကျွန်တော်သည် ဓမ္မဒါနပြုလိုစိတ်များ တဖွားဖွားပေါ်လာမိလေသည်။
“ဒီမယ်၊ ခင်ဗျား ဗုဒ္ဓဘာသာကောင်းတစ်ယောက် ပီသချင်ရင် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ထုတ်ဝေတဲ့ ‘ဗုဒ္ဓ ဘာသာကောင်းတစ်ယောက်’ကျမ်းစာအုပ်ကို ဆက်ပြီးဖတ်ရှုလေ့လာ ပေါ့ဗျာ။ အဲဒီမှာ ခင်ဗျား အခုပြောနေတဲ့ ဓမ္မနဲ့အဓမ္မကို ကိုယ်တိုင်ခွဲခြား သိမြင်ချင်ရင် စာမျက်နှာ ၁၉၇ ကို လှန်ဖတ်ကြည့်ပေါ့”
“ဘာတရားတွေနဲ့ ဘယ်လိုခွဲခြားထားတာလဲဗျ”
“ဒုစရိုက်နဲ့ သုစရိုက်ပေါ့ဗျာ။ ဒုစရိုက်(၁၀)ပါး အပြား(၄၀)၊ သုစရိုက် (၁၀)ပါး အပြား (၄၀)ကို တွေ့လိမ့်မယ်။ ကနဦး ဒုစရိုက်(၁၀)ပါး အပြား (၄၀)ကို အကျယ်ပြောရရင်တော့
“ကာယဒုစရိုက် - ကာယကံ (၃)ပါးဖြစ်တဲ့
(၁) ပါဏာတိပါတ - သူ့အသက်သတ်မှု၊
(၂) အဒိန္နာဒါန - အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်
သော သူ့ဥစ္စာကိုခိုးမှု၊
(၃) ကာမေသုမိစ္ဆာစာရ - ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာ
ကျင့်မှု။
ဝစီဒုစရိုက် - ဝစီကံ(၄)ပါးဖြစ်တဲ့
(၄) မုသာဝါဒ - မုသားပြောဆိုမှု၊
(၅) ပိသုဏဝါစာ - ချောပစ်ကုန်းတိုက်မှု၊
(၆) ဖရုသဝါစာ - ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ
ဆဲဆိုမှု၊
(၇) သမ္ဖပ္ပလာပ - သိမ်ဖျင်းသောစကားကို ပြောဆိုမှု။
မနောဒုစရိုက် - မနောကံ (၃)ပါးဖြစ်တဲ့
(၈) အဘိဇ္ဈာ - သူတစ်ပါး၏စည်းစိမ်ကို “ငါ့ဟာဖြစ်
လျှင် ကောင်းလေစွ”ဟု မတရား
ကြံစည်မှု၊
(၉) ဗျာပါဒ - သေကျေပျက်စီးသွားလျှင်ကောင်းလေ
စွဟု သူတစ်ပါးကိုပစ်မှားမှု၊
(၁၀) မိစ္ဆာဒိဋ္ဌိ - အယူမှားမှု (ကံ, ကံ၏ အကျိုးကို
မယုံကြည်မှု)။
ဤဒုစရိုက်ဆယ်ပါးကို အပယ်ရောက်ကြောင်း မကောင်းသော ခရီးလမ်း “အကုသလ ကမ္မပထတရား”ဟုလည်း ခေါ်ဆို၏။ ယင်း အကုသလကမ္မပထတရားဆယ်ပါးကို
(၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊
(၂) သူတစ်ပါးကိုပြုလုပ်ခိုင်းခြင်း၊
(၃) ဒုစရိုက်ပြုလျှင် ရနိုင်မည့် လောကီအကျိုးကို ပြောပြ၍
တိုက်တွန်းခြင်း၊
(၄) သူတစ်ပါးတို့ အလိုအလျောက်ပြုနေသည်ကို ဝမ်းမြောက်
သဘောတူခြင်း။
ဤလေးမျိုးကို မြှောက်လိုက်လျှင် ဒုစရိုက် (၄၀)ဖြစ်လာ၏” ဆို တာ နာယူမှတ်သားနိုင်ပါလိမ့်မယ်။ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်း ကုသလကမ္မပထ တရား (၄၀)ကတော့ ခုနက ဒုစရိုက်တရားတွေကို ရှောင်ကြဉ်ခြင်းပါပဲဗျာ။
ပါမောက္ခချုပ်ဆရာတော်ကြီးက “အခွင့်ကောင်းကိုရအောင်ယူ” တရားတော်မှာ “ဓမ္မကိုကျင့်သုံးရမယ်၊ ဒါကတော့ လက်တွေ့လုပ်ဖို့လို တယ်။ ဓမ္မကိုကျင့်သုံးတယ်ဆိုတာ သုစရိုက်တရားတွေကို ဆောင်ရွက် ကာ ဒုစရိုက်တရားတွေကိုရှောင်တာပဲ”ဆိုပြီး ဆုံးမဩဝါဒပေးထား တယ်ဗျ။ ကုသိုလ်စိတ်နဲ့ ပတ်သက်ပြီး ‘ကုသိုလ်စိတ်ကို ကိုယ်အရ ယူဖို့လိုတယ်။ ကုသလာအနဝဇ္ဇသုခဝိပါက လက္ခဏ - အပြစ်ကင်း တယ်တဲ့။ အပြစ်ကင်းတယ်ဆိုတဲ့သဘောတရားက ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲမှာ အကုသိုလ်မဖြစ်တာ၊ အကုသိုလ်ဖြစ်တာကမှ တကယ် ကြောက်စရာကောင်းတာ’လို့လည်း ဟောကြားတော်မူခဲ့တယ်ဗျ။
မင်္ဂလာတရားတော်နှင့် လျော်ညီ
နိုင်ငံရေးအလို့ငှာ သုံးနှုန်းလာသည့် ဓမ္မနှင့် အဓမ္မ တရားတို့မှ စလိုက်သည့် ကျွန်တော်တို့စကားဝိုင်းသည် အချိန်ကြာလာသည် နှင့်အမျှ၊ အရှိန်ရလာသည်နှင့်အမျှ အခါအားလျော်စွာ တရားတော် ကိုဆွေးနွေးခြင်းဟူသော “ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံမင်္ဂလမုတ္တမံ” မင်္ဂလာတရားတော်နှင့် လျော်ညီလာပေသည်။
“တစ်လက်စတည်း ကျွန်တော်ဆက်ပြောဦးမယ်။ အဘိဓဇမဟာ ရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီးက ‘ကုသိုလ်အလုပ်ဆိုတာ ဘယ်သူမဆို လုပ်ရမှာပျင်းကြတယ်၊ မလုပ်ချင်ပေမယ့် ပေပြီးလုပ်။ အကုသိုလ်ကျတော့ ဘယ်သူမဆို မတိုက်တွန်းရဘူး၊ လုပ်ချင်နေ ကြတယ်။ အကုသိုလ်အလုပ်ကို လုပ်ချင်နေပေမယ့် ပေပြီးမလုပ်ဘဲ ရှောင်နေရမယ်’ လို့ ဩဝါဒအဆုံးအမပေးတော်မူခဲ့တယ်ဗျ”
တိပိဋက မင်းကွန်းဆရာတော်ဘုရားကြီးက “အကုသိုလ်လုပ်ငန်း ဆိုတာ ကိုယ်က တာဝန်ယူရတယ်။ ကုသိုလ်လုပ်ငန်းကတော့ ကိုယ်က ဘာမျှ ကြောင့်ကြစိုက်ရန်မလို။ သူက ကိုယ့်ကိုတာဝန်ယူရတယ်”လို့ ဆုံးမဩဝါဒပေးတော်မူခဲ့တယ်ဗျ။ ကဲ၊ ဒါဆို ခင်ဗျားတို့ အခုပြောဆို ရေးသားနေကြတဲ့ ဓမ္မနဲ့ အဓမ္မကို သေသေချာချာ၊ ရေရေရာရာ ခွဲခြား သိမြင်ပြီပေါ့။
“သိပါပြီဗျာ၊ သိပါပြီ။ ဒါပေမယ့် အချို့လူတွေကတော့ ဓမ္မက အဓမ္မကို နိုင်တယ်လို့၊ ဓမ္မကို အဓမ္မက နိုင်ရိုးထုံးစံမရှိဘူးလို့ ဆိုတာ တွေက ရှိနေဦးမှာပဲဗျ။ အဲဒါကို လက်ခုပ်လက်ဝါးတီး ထောက်ခံနေ သူတွေကလည်း ရှိနေဦးမှာပဲ”
“ရှိချင်လည်း ရှိပေါ့ဗျာ၊ သူ့ပရိသတ်နဲ့ သူပေါ့။ အရေးကြီးတာက မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ကာလာမသုတ္တန်ပါ အဆုံး အမအတိုင်း “ဒီအလုပ်ဟာ အပြစ်ရှိလား၊ မရှိဘူးလား၊ ကုသိုလ်အလုပ် လား၊ အကုသိုလ်အလုပ်လား၊ ပညာရှိတွေ ချီးမွမ်းသလား၊ ကဲ့ရဲ့ သလား၊ လက်တွေ့ကျင့်သုံးတဲ့အခါ ကောင်းကျိုးချမ်းသာပေးသလား၊ မပေးဘူးလား”ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားသုံးသပ်ပြီး မကောင်းတာကို ချက်ချင်းပယ်၊ ကောင်းတာဆိုရင် ချက်ချင်းပြောင်း လဲကျင့်သုံးနိုင်ဖို့ကသာ အဓိကပါပဲဗျာ။ ကဲ - အချိန်လည်းလင့်ပြီမို့ တော်ကြပေဦးစို့”
“အေးဗျာ၊ စကားကောင်းနေတာနဲ့ အချိန်ကုန်လို့ ကုန်မှန်းတောင် မသိလိုက်ဘူး။ သာဓုပါဗျာ၊ သာဓု၊ သာဓု”
- Log in to post comments