မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသော ပုဂံယဉ်ကျေးမှုနယ်မြေမှ စေတီပုထိုး ၂၀ ခန့်ကို ရှေးမူမပျက် ပြန်လည်ပြုပြင်နေ

ညောင်ဦး    အောက်တိုဘာ  ၂၆


အောက်တိုဘာလတတိယပတ်က နှစ်ရက်ဆက်တိုက် ရွာသွန်းခဲ့သောမိုးကြောင့်  ပုဂံယဉ်ကျေးမှုနယ်မြေရှိ  စေတီပုထိုး ၂၀ ခန့် ပျက်စီးခဲ့ရာ  အဆိုပါ ပျက်စီးမှု များကို ရှေးမူမပျက် အချိန်မီပြုပြင်နေကြောင်း  ပုဂံ ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီး  ဌာနမှ သိရသည်။


ယခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် အဆက်မပြတ် မိုးရွာသွန်းခဲ့ပြီး     ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ ကိုရီးယားနိုင်ငံ YOE LAY BUDDHIST,  SECT SUK IN WANG က ပြန်လည်ပြုပြင်လှူဒါန်း ထားသည့် သံပျင်စွာဘုရားတိုက်မ တောင်ဘက်နံရံ ပြိုကျခဲ့ရာ ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး  ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ 


ထို့အတူ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စေတီ ပုထိုး ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့ရာ နိုင်ငံ၏  ရှေးဟောင်း အမွေအနှစ်များ ထပ်မံထိခိုက်မှုမရှိစေရန် အချိန်မီ ဆက်လက်ပြုပြင်လျက်ရှိသည်။


“သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပြီး ထိခိုက် ပျက်စီးသွားတဲ့      ပုဂံကဘုရား၊       စေတီတွေကို    ရှေးမူမပျက်ပြန်လည်ပြုပြင်နေပါတယ်။ မိုးများတဲ့ အတွက် ပုဂံမှာရှိတဲ့စေတီပုထိုး၊ ဘုရားတွေရဲ့ သုည ဒသမ ၅ ရာခိုင်နှုန်း ဒါမှမဟုတ်  တစ်ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့   ဆိုရမှာပါ။  ဒါကြောင့် ရှေးမူမပျက်အင်္ဂါစုံပြုပြင်တဲ့ စေတီပုထိုးနဲ့ ဆက်လက် ထိန်းသိမ်းထားတဲ့ စေတီပုထိုးဆိုပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဩဂုတ်လနဲ့ စက်တင်ဘာလက ထိခိုက် ခဲ့တဲ့ စေတီပုထိုးတွေနဲ့ပတ်သက်တဲ့  ပြုပြင်မွမ်းမံမှု အပိုင်းလည်း ပြီးသွားပါပြီ။ ဒီလထဲမှာ ထိခိုက်ပျက်စီး ခဲ့တဲ့ စေတီပုထိုးနဲ့ အုတ်တံတိုင်းတွေကို ပညာရှင်တွေ၊  အင်ဂျင်နီယာတွေ၊  အတွေ့အကြုံရှိတဲ့  ပန်းရန်ဆရာ  တွေနဲ့ ရှေးမူမပျက်ပြုပြင်ဆောင်ရွက်နေပါတယ်”ဟု  ပုဂံရှေးဟောင်းသုတေသနနှင့်   အမျိုးသားပြတိုက် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုး က ပြောသည်။


ပုဂံရှေးဟောင်းနယ်မြေ၌  ၂၀၁၆ ခုနှစ် ဩဂုတ် လ တတိယပတ်က လှုပ်ခတ်ခဲ့သာ ငလျင်ဒဏ်ကြောင့်  ဘုရား၊  စေတီပုထိုးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ယခုနှစ် တွင်လည်း မိုးများသည့်ဒဏ်ကြောင့် စေတီပုထိုးအချို့ ပြိုကျပျက်စီးမှုရှိခဲ့ရာ  အချိန်မီပြန်လည်ပြုပြင်ရန် ဆောင်ရွက်လျက်ရှိသည်။ 


သတင်း - ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး