သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးလာရောက်သူ ၅၀၀၀ ကျော်ရှိ

ညောင်ဦး   အောက်တိုဘာ   ၂၀


မန္တလေးတိုင်းဒေသကြီး   ညောင်ဦးမြို့နယ်  ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ သီတင်းကျွတ်လပြည့် နေ့(အဘိဓမ္မာနေ့)တွင်     မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ     လာရောက်လည်ပတ်လျက်ရှိရာ သမိုင်းဝင်အထင်ကရဘုရားများနှင့်     သမိုင်းဝင် အဆောက်အအုံ၊ သာသနိကအဆောက်အအုံများ၌ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့် ပြည်သူ ၅၀၀၀ ကျော်ခန့်ရှိကြောင်း   ရွှေစည်းခုံ ဂေါပကအဖွဲ့  ရုံးအဖွဲ့မှူး  ဦးသန်းမြင့်အောင်ထံမှ သိရသည်။
ပြန်လည်ဖူးမြော်ခွင့်ပြု


ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့     ဘုရား ဖူးမြော်ခွင့်ကို ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင်ကူးစက်ချိန်မှစတင်ပြီး ပုဂံဒေသရှိ ဘုရားများ ဖူးမြော်ခွင့်၊ လေ့လာခွင့်ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစတင်ပြီး    ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ  ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူ အပါအဝင်  ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများ   အား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


ယခုရက်ပိုင်း   ဘုရားဖူးများ   အလွန်များပြားလာ ပြီး   ဟဲဟိုး၊   တကောင်း၊   တောင်ကြီး၊  ဟိုပုံး၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်း တောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့များမှ  လာရောက်ကြကြောင်း၊  တုရင်တောင် စွယ်တော်မြတ်စေတီ၊    ဓမ္မရံကြီး၊    စူဠာမဏိ၊ ရွှေဆံတော်၊  ထီးလိုမင်းလို၊  ရွှေစည်းခုံ၊  မနူဟာ၊ အာနန္ဒာ ၊ ဗူးဘုရား၊ အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊ ပြာသာဒ်ကြီးဘုရား၊ သဗ္ဗညုဘုရားနှင့် ကန်တော့ပလ္လင် ဘုရားများသို့ လာရောက်ဖူးမြော်သူ ၂၅၀၀ မှ ၅၀၀၀ အထိ ရှိလာကြောင်း သိရသည်။


မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် သမိုင်းဝင်အထင်ကရ ဘုရားများအပြင် ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက်အအုံ၊ စေတီ ပုထိုး၊ ဘုရားများရှိ နံရံဆေးရေးပန်းချီများကိုလည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း၊   ယခုရက်ပိုင်း ကဲ့သို့ ဘုရားဖူးများ လာရောက်ခဲ့ပါက ဈေးဆိုင်များ၊  မြင်းလှည်းအငှားလိုက်သူများ၊ လျှပ်စစ်စက်ဘီးငှားသူ များ၊ သုံးဘီးအငှားသမားများ၊ ဗူးဘုရားမြစ်ဆိပ်၌ စက်လှေအငှားလိုက်သူများ ပြန်လည်အဆင်ပြေလာ နိုင်ကြောင်း၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်သို့ ဘုရားဖူးလာရောက်သူများပြားလာသည်မှာ နှစ်နှစ်အတွင်း သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့)တွင် ဘုရားဖူးလာရောက်သည့် ဦးရေအများဆုံး ဖြစ်ကြောင်း၊ ဂေါပကအဖွဲ့ရှိသည့် ဘုရား ၁၉ ဆူတွင် ကိုဗစ်-၁၉   ရောဂါစည်းကမ်းချက်များနှင့်အညီ ဖူးမြော်စေကြောင်း    ထီးလိုမင်းလိုဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်လှဦးက ရှင်းပြသည်။ 


ကိုထိန်၊ KPD