ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော် အောက်တိုဘာ   ၂၀


ယနေ့သည်  သီတင်းကျွတ်လပြည့်  အဘိဓမ္မာနေ့ဖြစ်သည်နှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီ၊  ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

 


ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင် တော်မြတ်ကြီး၊   ကုသိုလ်တော်ဘုရား၊    မန္တလေးတောင်တော်တို့၌ လည်းကောင်း၊ ပြင်ဦးလွင်မြို့ မဟာအံထူး ကံသာဆုတောင်းပြည့်ဘုရား ကြီး၊ ကျောက်ဆည်မြို့ရှိ မဟာရွှေသိမ်တော်ဘုရား၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိဘုရားများနှင့်  မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မြသလွန်ဘုရားတို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သမိုင်းဝင်ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၊ ဇလွန်မြို့ရှိ မာရ်အောင်မြင်   ပြည်တော်ပြန်ဘုရားကြီးနှင့်    ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ   ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးတို့၌ လည်းကောင်း သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မိဘ ပြည်သူများက ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော် ကြည်ညို ကုသိုလ်ယူခဲ့ကြသည်။

 


ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်း ခြေ နှင့် ငွေဆောင်ကမ်းခြေများ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပိတ်ချင်းမြောင် မဟာနန္ဒာ လိုဏ်ဂူတော်ကြီးတို့၌ လည်းကောင်း  လာရောက်အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်း ရရှိသည်။                                                                  

သတင်းစဉ်