
နေပြည်တော် အောက်တိုဘာ ၂၀
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ရက်မြတ် ကာလအတွင်း သာသနာ့နွယ်ဝင် ဦးတည်အုပ်စုဖြစ်သည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ နှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဆံတော်ရပ်ကွက် ရှိ ဇောတိကာရုံ ပါဠိတက္ကသိုလ်ဆေးထိုးစုရပ်နှင့် နဝဒေးရပ်ကွက်ရှိ ဝင်္ဂဘာတောရကျောင်းတိုက် ဆေးထိုးစုရပ်တို့၌ ပြည်တောင်တန်းတောရကျောင်း တိုက်ပေါင်း ၆၆၇ တိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၆၉၁ ပါး၊ သီလရှင် ၅၆၃ ပါးနှင့် ကပ္ပိယ ၁၀၈၃ ဦး တို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်မြေခံ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လာရောက် ကြည့်ရှုအားပေးကြပြီး ဆေးထိုးစုရပ်ရှိ တာဝန် ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
အလားတူ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မင်းကွန်းဒေသနှင့် စစ်ကိုင်း တောင်ရိုးတို့တွင် သီတင်းသုံးတော်မူသော ရဟန်း သံဃာများနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကို သီတင်းကျွတ် ရက်မြတ်ကာလအတွင်းတွင် ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၁၅ ရက်အထိ သာသနာ့ဝန်ထမ်း အပါး ၃၆၀၀ ကို ဆေးထိုးနှံပေးခဲ့ပြီး သီတင်းကျွတ် လပြည့်နေ့နှင့် အဖိတ်နေ့များဖြစ်သော အောက် တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် သီတဂူ သံဃာ့ ဆေးရုံနှင့် မင်းကွန်းဒေသ၊ စစ်ကိုင်းချောင်တို့မှ စုစုပေါင်း အပါး ၁၉၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနသည် သာသနာ့နွယ်ဝင် ဦးတည်အုပ်စုများဖြစ်သည့် ဆရာတော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို တစ်နိုင်ငံလုံးတွင် အရှိန် အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်