
စကားပြေသည် လူမျိုး၏အသက်၊ လူမျိုး၏ အားထားရာ၊ လူမျိုး၏ တန်ဆောင်ဆီမီး ဖြစ်သည် ကို မပြတ်သတိရသင့်ပေသည်ဟု မြန်မာစာဆိုကြီး တစ်ဦးဖြစ်သည့် ဆရာမင်းသုဝဏ်က ဆိုထားသည်။ ယနေ့ခေတ် မြန်မာစကားပြေကို လေ့လာသူတိုင်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ စကားပြေ သဘောတရားဆိုင်ရာ တင်ပြချက်၊ ဖော်ပြချက် များကို လေ့လာမိမည်မှာ မလွဲဧကန်ဖြစ်သည်။ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)သည် ဘာသာဗေဒ ရှုထောင့်ကနေ၍ မြန်မာဘာသာစကား၏ မတူ ကွဲပြားသော အသံအတက်အကျနှင့် ဖိသံဖော့သံ၊ စကားလုံးနှင့် စကားစုတို့၏ ပေါင်းစပ်ဖွဲ့စည်းမှုတို့ကို သုတေသနပြုနေသော မြန်မာစာပေပညာရှင်တစ်ဦး ဖြစ်သည်။ ဆရာကြီး၏ ရေးသားတင်ပြချက်များ သည် စာဖတ်သူများအတွက် မြန်မာဘာသာစကား ကို လေ့လာလိုစိတ် ဖြစ်ပေါ်စေမည့် ရိုးရှင်းသော တင်ဆက်မှုမျိုးဖြစ်ပြီး မြန်မာဘာသာစကား လေ့လာသူများအတွက် ပြည့်စုံလုံလောက်ပြီး အင်မတန်အသုံးဝင်သော တင်ပြချက်များပင် ဖြစ်သည်ဟု ၁၉၈၉ ခုနှစ် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးကော်မတီက ဆိုထားပါသည်။
စာရေးသူအနေဖြင့် ဆရာကြီး၏ စာပေများကို စာပေဗိမာန်တွင် တာဝန်မထမ်းဆောင်မီကပင် စာအုပ်စာပေများမှတစ်ဆင့် လေ့လာခွင့်ရခဲ့ကာ ဆရာကြီး၏ ကိုယ်တိုင်စာပေသင်ကြားမှုကိုမူ စာပေဗိမာန်တွင် တာဝန်ထမ်းဆောင်ချိန်တွင် စတင်ခံယူရခြင်းဖြစ်သည်။ စာပေဗိမာန်၏ စာပေလုပ်ငန်းဟူသမျှ ဆရာကြီးကိုယ်တိုင် ပါဝင်ပြီး စာတမ်းဖတ်ရ၊ ဟောပြောရ၊ ရေးသားရ၊ စီစဉ်ရ၊ အကြံပြုရသည်ချည်းသာ ဖြစ်ပါသည်။ စာပေဗိမာန် စာတည်းဝန်ထမ်း ကြီးငယ်ဟူသမျှ ဆရာကြီးကို လေးစားအားကိုးကြသည်ကို တွေ့ရပါသည်။ စာပေဗိမာန် နှစ် ၇၀ ပြည့် အထိမ်းအမှတ် မဂ္ဂဇင်း တွင် “စာပေဗိမာန်နှင့်အတူ” ဆောင်းပါး၌ “...နိုင်ငံ တော်၏ စာပေအဖွဲ့အစည်းတစ်ခုအဖြစ် စာပေ တာဝန်အမျိုးမျိုးကို မမောတမ်း ထမ်းဆောင်လျက် ရှိသော စာပေဗိမာန်နှင့် နှစ်ငါးဆယ်ကျော်ထိတွေ့ခွင့်ရခဲ့သည်ကို သတိရတိုင်း ခင်မင်သည့် မိတ် ကောင်းဆွေကောင်း တစ်ယောက်အကြောင်းကို သတိရသကဲ့သို့ စိတ်ထဲတွင် အေးမြသွားပါသည်...” ဟူ၍ ဆရာကြီးက ရေးသားခဲ့ပါသည်။ ဆရာကြီး၏ စကားပြေသဘောတရားဆိုင်ရာ စာပေလက်ရာများ မှာ လေ့လာမှတ်သားဖွယ်ရာများဖြစ်သကဲ့သို့ ဆရာကြီး၏ စာပေဆိုင်ရာ ခံယူချက်သဘောထားများ၊ စွမ်းဆောင်နိုင်စွမ်းများမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
ဆရာကြီး၏ကိုယ်ရေးအကျဉ်း
ဆရာကြီး၏ နာမည်ရင်းမှာ ဦးခင်အေးဖြစ်ပြီး ကလောင်အမည်မှာ မောင်ခင်မင် (ဓနုဖြူ)ဖြစ်သည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂ ရက် ကျုံတနီးကျေးရွာ ဓနုဖြူမြို့နယ်တွင် အဘ ဦးရာမ၊ အမိ ဒေါ်စောတင် တို့က မွေးဖွားခဲ့သော ဆရာကြီး မောင်ခင်မင်သည် ၁၉၅၇ ခုနှစ် အလယ်တန်းကျောင်းသားအရွယ်တွင် စာများစတင်ရေးသားခဲ့သည်။ ဆရာကြီးသည် ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မြန်မာစာ၊ သင်္ချာဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် မြန်မာစာအမှတ်အများဆုံးရရှိကာ ငွေတာရီရွှေတံဆိပ်ဆုနှင့် လှသမိန်ရွှေတံဆိပ်ဆု တို့ကိုပါ ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ထို့ပြင် တက္ကသိုလ် ပညာသင်ဆုကိုပါ ရရှိခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာအထွေထွေဂုဏ်ထူးဘွဲ့ကို ပထမတန်းဖြင့် ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ပါသည်။
စာပေဆိုင်ရာဆောင်ရွက်ချက်
၁၉၆၃ ခုနှစ်တွင် ပုသိမ်ကောလိပ်ရှိ မြန်မာ စာဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့သည်။ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့တွင် အမှုထမ်းခဲ့ပါ သည်။ ဆရာကြီးသည် နိုင်ငံတော်အစိုးရ၊ ပညာရေး ဝန်ကြီးဌာန၏ တာဝန်ပေးစေလွှတ်ချက်အရ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာ တက္ကသိုလ် တွင် မြန်မာဘာသာရပ်ဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ နှစ်နှစ်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဘွဲ့ကို လက်ခံရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခအဖြစ်မှ အငြိမ်း စားယူခဲ့သည်။ ၂၀၀၇ ခုနှစ် ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ ၂၀၂၀ ပြည့်နှစ်တွင် ဝိဇ္ဇာပညာထူးချွန် တံဆိပ် (ပထမဆင့်)တို့ကို နိုင်ငံတော်က ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဆရာကြီးသည် မြန်မာစာပေမြှင့်တင်ရေး အတွက် အရေးကြီးကဏ္ဍများတွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ရွှေရတု၊ စိန်ရတု အထိမ်းအမှတ်ပွဲများ၊ စာပေဗိမာန်စာတမ်းဖတ်ပွဲများ၊ နိုင်ငံတကာသုတေသနဆွေးနွေးပွဲများတွင် စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ သုတေသနစာတမ်းများ ဖတ်ကြားခဲ့သည်။ ဆရာကြီးသည် ဘာသာစာပေနှင့် အထွေထွေဆောင်းပါးပေါင်း ၃၀၀၀ ကျော်ကို ရေးသားခဲ့ကာ ဘာသာစာပေဆိုင်ရာ လုံးချင်းစာအုပ် ပေါင်း ၁၀၀ ကျော် ပြုစုထုတ်ဝေခဲ့ပြီးလည်းဖြစ် သည်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်တွင် ကျင်းပသော မိခင်ဘာသာစကားကို နိုင်ငံခြား ဘာသာစကားဖြင့် သင်ကြားခြင်းဆိုင်ရာ နိုင်ငံ တကာဆွေးနွေးပွဲတို့တွင် စာတမ်းများ ဖတ်ကြား ခဲ့သည်။ မြန်မာစာပါရဂူသင်တန်းများတွင် သင်တန်း ပို့ချခြင်း၊ ပါရဂူကျမ်းများ ကြီးကြပ်စစ်ဆေးခြင်း၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် (ရန်ကုန်)နှင့် ဝန်ကြီး ဌာနအဖွဲ့အစည်းများ၏ ပညာရေးဆိုင်ရာနှင့် စာပေဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိသည်။ ယခုအခါ ပညာရေးဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားဦးစီးဌာန မြန်မာစာ အဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
ချီးမြှင့်ခံရသောစာပေဆုများ
ဆရာကြီးသည် စာပေဆုများစွာကို အပ်နှင်း ခြင်းခံထားရသူတစ်ဦးလည်းဖြစ်သည်။ ၁၉၈၇ ခုနှစ် တွင် “မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ” စာမူဖြင့် စာပေဗိမာန် စာမူပထမဆု(သုတပဒေသာဝိဇ္ဇာ)၊ ၂၀၀၂ ခုနှစ်တွင် “နှစ်လေးဆယ် ဘဝမှတ်တိုင်များ” စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ)၊ ၂၀၀၉ ခုနှစ်တွင် “ဘာသာအမြင် စာပေအမြင်” စာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပဒေသာ)နှင့် “အိုဆာကာဧည့်သည်” စာအုပ်ဖြင့် သုတစွယ်စုံ စာပေဆု၊ ၂၀၁၀ ပြည့်နှစ်တွင် “ကိုလိုနီခေတ် မြန်မာစာပေသမိုင်း” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆုနှင့် ၂၀၁၃ခုနှစ်တွင် “အမွေခံသူတစ် ယောက်၊ အမွေပေးသူတစ်ရာ (လူငယ်နှင့် ပညာ ဆိုင်ရာစာစု)”စာအုပ်ဖြင့် အမျိုးသားစာပေဆု (လူငယ်စာပေ)၊ ၂၀၁၉ခုနှစ်တွင် “မင်းသုဝဏ်ဋီကာ” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု (အတ္ထုပ္ပတ္တိစာပေဆု)တို့ကို ရရှိခဲ့သည်။
ဆရာကြီးသည် မြန်မာစာပေလောက ဖွံ့ဖြိုး ရေးအတွက် ဟောပြောခြင်း၊ သုတေသနပြုခြင်း၊ ပြည်တွင်းပြည်ပစာတမ်းများ ဖတ်ကြားခြင်းတို့ အပြင် နိုင်ငံတော်အဆင့် စာပေဖွံ့ဖြိုးရေးလုပ်ငန်း များတွင် နှစ်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ ထို့အတူ အမျိုးသားစာပေ တစ်သက်တာစာပေဆု၊ ဆရာဝန်တင်ရွှေစာပေ တစ်သက်တာဆု(၂၀၁၂)၊ ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု(၂၀၁၆)နှင့် သုတစွယ်စုံ တစ်သက်တာစာပေဆု (၂၀၁၇)တို့ကို ရရှိခဲ့သည်။ မိမိတစ်သက်တာလုံး ကိုယ်တိုင် စာပေပြုစုရေးသား သည့်အပြင် မြန်မာစာပေဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် သုတစာပေပညာ ရှင်ကြီး ဒေါက်တာခင်အေး(ဆရာ မောင်ခင်မင်- ဓနုဖြူ)သည် ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
ဘဝခံယူချက်နှင့် ဘဝအားမာန်ကို
ဖြစ်ပေါ်စေခဲ့သော လက်ကိုင်ဆောင်ပုဒ်
မောင်ခင်မင်(ဓနုဖြူ) စာပေအင်တာဗျူး စာအုပ်တွင် ဆရာကြီးကိုယ်တိုင် ဖြေကြားထား သည်မှာ ဆရာကြီးက ဘဝတွင်ရည်မှန်းချက် သိပ်ကြီးကြီးမထားပေ။ လူ့ဘဝဆိုသည်မှာ တကယ့် သက်တမ်းတိုတိုလေးဖြစ်သောကြောင့် ဘဝရဲ့အစ မှအဆုံးတိုင် ပညာနှင့်အသက်မွေးရသော လူတစ်ယောက်အဖြစ်နှင့် ရပ်တည်ခဲ့ရသည်ကိုပင် ကျေနပ်နေမိသည်။ စီးပွားရေးအောင်မြင်မှုက မိမိနှင့်အလှမ်းဝေး၍ ပညာနှင့် ကြီးပြင်းခဲ့ရသော မိမိအနေဖြင့် ပတ်ဝန်းကျင်ကို လက်လှမ်းမီသရွေ့ ပညာနှင့် အကျိုးပြုနိုင်သည်ကိုပင် ဘဝ၏ အရသာ အဖြစ်နှင့် ခံယူထားပေသည်။
လူ့ဘဝဖြစ်လာသခိုက် သက်တမ်းတိုတိုလေး အတွင်းတွင် အေးအေးဆေးဆေးနေနိုင်ရန် မိမိ ကြိုးစားနေပါသည်။ သို့မှသာ ဘဝတွင် နေရကျိုး နပ်မည်ဟု ဆိုပါသည်။ မိမိတတ်ထားသမျှ ဝေမျှ ပေးရခြင်းသည် ပတ်ဝန်းကျင်ကို အကျိုးရှိတန် သလောက် အကျိုးရှိစေနိုင်မည်ဖြစ်သည်။ မိမိ တပည့်များကို ပြောလေ့ရှိသောစကားကိုပဲ ပြောရလျှင် မည်သည့်နေရာတွင်မဆို အပေးအယူ မျှလျှင် ကောင်းပေသည်။ ကိုယ်ကချည်းမယူပါနှင့်၊ ကိုယ်ကလည်း ပေးဝေရမည် ဆိုခြင်းဖြစ်သည်။ ပေးခြင်း၊ ယူခြင်းမျှတလျှင် ဘဝတွင် နေပျော်ကာ ကိုယ်ကများများပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် ပူလောင်မှု နည်းပြီး ငြိမ်းအေးမှုများရရှိမည်ဖြစ်သည်ဟု ဆရာကြီးက ဆိုပါသည်။
မိမိဘဝအကြောင်းနှင့် စပ်လျဉ်း၍ မိမိမှာ ငယ်ငယ်ကတည်းက ချူချာသည်။ ကျန်းမာရေး မကောင်းပေ။ ခွန်အားစိုက်ထုတ်ရသော အလုပ် မျိုးဆိုပါက ဘာမျှမလုပ်နိုင်ပေ။ ထို့ကြောင့် စာဖတ်သည်ကိုပဲ အဖော်ပြုခဲ့ရသည်။ ဆရာ၏ ဘဝရည်မှန်းချက်မှာလည်း ကျောင်းဆရာဖြစ် သည့်အတွက် ပညာတတ်မှ ဖြစ်မည်၊ ပညာတတ်ဖို့ ဆိုလျှင် စာတော်မှရမည်၊ စာမကြိုးစားလျှင် ကျန်သောကိစ္စများတွင် အဆင်ပြေမည်မဟုတ်ပေ၊ အားကိုးအားထားရာက စာပဲရှိသည်။ သို့ဖြင့် စိတ်ကို ပြဋ္ဌာန်းလိုက်သောအခါ ‘ပညာမှတစ်ပါး ကိုးကွယ်စရာမရှိ’ ဆိုသော အဆိုအမိန့်ကို စူးစူး နစ်နစ် ခံယူပြီးသား ဖြစ်သွားသည်။ ထိုခံယူချက် အတိုင်းပင် မဆုတ်မနစ် ကြိုးစားခဲ့ပေသည်။
နောက် မိမိပို့ချသော စာသင်ခန်းတိုင်းတွင် ပြောတတ်သော စကားတစ်ခွန်းရှိသည်။ “လေးစားထိုက်သော အလုပ်ဟူသမျှတွင် ဖြတ်လမ်းမရှိ” ဆိုသော စကားပင်ဖြစ်သည်။ ထိုစကားသည် မိမိပြောသောစကားမဟုတ်ပေ။ ဆရာဇော်ဂျီပြောခဲ့သော စကားပင်ဖြစ်သည်။ ဆရာသိပ်ကြိုက်သည်။ သိပ်တန်ဖိုးထားသည်။ ကျောင်းသားဘဝတွင် စာများဖတ်ရသည်များ၍ ငြီးငွေ့စိတ်ဝင်မိလာသည့်အခါ၊ ပင်ပန်းလွန်းသည့် အခါမျိုးတို့တွင် ထိုစကားလေးကို ပြန်တွေးလျက် အားပြန်သွင်းရသည်။ မိမိလုပ်နေသောအလုပ်မှာ လေးစားထိုက်သောအလုပ်ဖြစ်သည်။ သို့ဖြင့် အပင်ပန်းခံရမည်။ မှန်မှန်နှင့် ခရီးပေါက်ရန် လျှောက်ရမည်။ အားလျှော့၍မဖြစ်ပေ။ ဖြတ်လမ်း ကသွားချင်၍မရပေ။ မိမိကို မည်သူကမျှ အတင်းအကျပ်ခိုင်းခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ခဲ့သောလမ်း ဖြစ်သည့်အတွက် မိမိပင် အပင်ပန်းခံရမည်။ သက်သာမည့် ဖြတ်လမ်း လိုက်လျှင် တကယ်တတ်သောပညာရှင် ဖြစ်မည် မဟုတ်ပေ။ ယခုကဲ့သို့ မိမိစိတ်ကိုမိမိ ဆုံးမပြီး မာန်ပြန်တင်းနိုင်စေသော အင်အားမျိုးကို ဆရာ ဇော်ဂျီ၏ ယင်းအဆိုအမိန့်ကလေးက ပေးစွမ်းနိုင် သည်ဟု ဆရာကြီးက ဆိုပါသည်။
ရသစကားပြေအရေးအသားပေါ်အမြင်
ဆရာကြီးက ရသစကားပြေအရေးအသားနှင့် စပ်လျဉ်း၍ ရသစကားပြေဆိုသည်မှာ စာဖတ်သူ စိတ်ထဲတွင် ရသဆိုသော နှစ်သက်မှုခံစားရစေရန် ရေးသော ဝတ္ထု၊ ပြဇာတ်၊ စာတမ်း (အက်ဆေး)ဆို သော စာပေများ၊ နောက် ရသပါသော အတ္ထုပ္ပတ္တိများ၊ မှတ်တမ်းများ စသည့်အရာများအားလုံး အကျုံးဝင် သည်။ ရသစကားပြေ၏ နယ်ပယ်မှာ အင်မတန်ကျယ် ပြောသည်။ စေ့စပ်သေချာစွာ ပြောနိုင်ရန် မလွယ်ကူ သည့်အတွက် ယေဘုယျခြုံ၍ပြောလိုသည်။ ရသ စကားပြေဆိုသည်မှာ စာဖတ်သူ စိတ်ညွတ်နူးစေရန်၊ စိတ်ထဲတွင် အရသာပေါ်လာစေရန် ရေးရသော စကားတစ်မျိုးဖြစ်သည့်အတွက် ယခုကဲ့သို့ စိတ်ညွတ် နူးစရာ၊ အရသာပေါ်စရာ အကွက်အကွင်းများ ပါရှိရမည်ဖြစ်သည်။ ပညာပေးသော သုတစကားပြေ များတွင်မူ သိစရာ၊ မှတ်စရာ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ အမည်နာမများ၊ ခံစားမှုမယှဉ်သော ဓမ္မဓိဋ္ဌာန်ကျသော ဖြစ်ရပ်များ အလေးကဲမည်ဖြစ် သည်။ စာရေးသူ၏ ခံစားချက်များ၊ ထင်မြင်ချက်များ ထင်ဟပ်ပြသော အသုံးအနှုန်းများ၊ စာဖတ်သူ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သော အသုံးအနှုန်းများ၊ ဝါကျဖွဲ့ရာတွင် အကြောင်းအရာနှင့်လိုက်ရန် အလေး အပေါ့၊ အပျော့အမာခွဲ၍ ဖွဲ့ခြင်း၊ ဝါကျကို ပုံစံတူ ဖွဲ့ခြင်းများ၊ ပုံစံခွဲ၍ ဖွဲ့ခြင်းများ၊ အလင်္ကာများသုံးခြင်း စသည်တို့ပါဝင်သည်။ ခြုံပြောရမည်ဆိုပါက ရသစကားပြေသည် အကြောင်းအရာဘက်က ကြည့်ကြည့်၊ အရေးအဖွဲ့ဘက်က ကြည့်ကြည့် စာဖတ်သူ၏ စိတ်အာရုံတွင် စွဲငြိစရာ သွင်ပြင် လက္ခဏာများ ပါရမည်ဖြစ်သည်။ ၎င်းတို့သည် ရသစကားပြေ၏ ကောင်းကွက်၊ လှကွက်များပင် ဖြစ်သည်ဟု ဆိုထားပါသည်။
မှန်ကန်သောစကားပြေရေးသားမှု
စကားပြေရေးသားမှုနှင့် စပ်လျဉ်း၍ ဆရာကြီး က စကားပြေလေ့လာသူ တစ်ယောက်အနေဖြင့် ဘယ်လိုရေးသလဲဆိုသည်ကို အာရုံပြုနိုင်ပါမှ ဘက်ညီမျှတသော လေ့လာမှုနှင့် ပြည့်စုံမည်ဖြစ် သည်။ တချို့မှာ ဘယ်လိုရေးသလဲဆိုသည်ကို သိပ် အာရုံစိုက်လွန်းပါက ရသခံစားမှုဘက်တွင် အားလျော့ သွားနိုင်သည်ဟု ထင်ကြသည်။ ၎င်းမှာ မဟုတ်ပေ။ ဘယ်လိုရေးသည်ဆိုသည်ကို သိလိုက်၊ မြင်လိုက်သည့် အတွက် ရသခံစားမှုကို မထိခိုက်စေသည့်အပြင် ပုံသဏ္ဌာန်၏အလှကို နှစ်သက်သော ခံစားမှုကိုပင် ဖြစ်လာနိုင်ပါသည်။ ၎င်းမှာ မိမိကိုယ်တွေ့ဖြင့် ပြောဆိုခြင်းဖြစ်သည်။ ဥပမာ- ဆရာဇော်ဂျီ၊ ဆရာ တိုက်စိုးတို့၏စာများကို ဖတ်ရသောအခါမျိုးတွင် ပိုသိသာသည်။ ၎င်းဆရာတို့၏ စာများက သူတို့ ကိုယ်တိုင်လည်း ပြောပါသည်။ စိတ်ကူးကနေထွက်လာ သောစာကို တိုက်ရိုက်ပြန်ရေးခြင်းမျိုးမဟုတ်ဘဲ ဦးနှောက်နှင့်ချိန်ပြီး ဖန်တီးလိုက်ခြင်းအတွက် ဆရာတို့၏ ဝါကျများက လှပြီးချောနေခြင်းဖြစ် သည်။ ထိုကဲ့သို့ချောပြီး လှနေသော ဝါကျအဖွဲ့အနွဲ့ လေးများကို သဘောကျပြီး ဖတ်မိခြင်းများ များစွာ ရှိပေသည်။ အထူးသဖြင့်ဆရာဇော်ဂျီ၊ဆရာတိုက်စိုး၊ ဆရာမောင်ထင်တို့ကဲ့သို့ ပုဂ္ဂိုလ်များ၏စာမှာ ယခု ကဲ့သို့ အလှမျိုးကို ပိုခံစားမိသည်ဟု ဆိုထားပါသည်။
မှန်ကန်သောဝါကျဖွဲ့ထုံး၏ အစွမ်း
မှန်ကန်သောဝါကျဖွဲ့ထုံး၏ အစွမ်းနှင့် ပတ်သက် ၍ လူတစ်ယောက်နှင့် တစ်ယောက် ဘာသာစကား နှင့် ဆက်သွယ်သည်ဆိုသည်မှာ ဝါကျများနှင့် ဆက် သွယ်ခြင်းဖြစ်သည်။ စကားလုံးများနှင့် ဆက်သွယ် ခြင်း မဟုတ်ပေ။ စကားလုံးများကို ဝါကျဖြစ်အောင် ဖွဲ့ပြီး ပြောမှရေးမှ အဓိပ္ပာယ်ရှိသော စကားများ ဖြစ်လာမည်ဖြစ်သည်။ ဝါကျဖွဲ့ စည်းကမ်းအတိုင်း မဖွဲ့ဘဲ စကားလုံးများကို စိတ်ကြိုက်တန်းစီထားပါ က အဓိပ္ပာယ်ပေါ်မည်မဟုတ်ပေ။ ဘာသာစကား တစ်ခုကို တတ်ကျွမ်းသည်ဆိုသည်မှာ ထိုဘာသာ စကားထဲကစကားလုံးများကို ဝါကျဖွဲ့ပြီး ပြောတတ် ရေးတတ်မှ တတ်ကျွမ်းသည်ဟု ခေါ်ရမည်ဖြစ်သည်။
ဝါကျဖွဲ့ထုံးသာ မှန်ကန်မည်ဆိုပါက မည်သူ မဆိုမည်သူမျှ မပြောဖူး၊ မရေးဖူးသော ဝါကျအသစ် စက်စက်ကို ဖန်တီးပြီးပြောနိုင်၊ ရေးနိုင်သကဲ့သို့ ယခုကဲ့သို့ ဖန်တီးထားသော ဝါကျအသစ်များကို လည်း မည်သူမဆို အဓိပ္ပာယ် နားလည်နိုင်မည်ဖြစ် သည်။ဥပမာ-မိမိက “ဘရာဇီးနိုင်ငံသားတစ်ယောက် သည် ရာဇကုမာရ်ကျောက်စာကို အလွတ်ရွတ်ဆို ရင်း အင်္ဂါဂြိုဟ်ပေါ်တွင် ရေကူးနေသည်” ဆိုသော ဝါကျကို ရေးလိုက်သည်ဆိုပါက ထိုဝါကျမှာ ကမ္ဘာ ပေါ်တွင် မည်သူမျှ မရေးဖူးသေးသော ဝါကျအသစ် စက်စက်ဆိုသည်မှာ သေချာလောက်မည်ဖြစ်သည်။ ထိုဝါကျကို မိမိက အသစ်ဖန်တီးပြောနိုင်စွမ်းရှိသကဲ့ သို့ ကြားသူကလည်း အရင်က တစ်ခါမျှ မကြားဖူး သော်လည်း အဓိပ္ပာယ်နားလည်နိုင်စွမ်းရှိမည် ဖြစ်သည်။ ထိုကဲ့သို့ပင် “အင်မတန် အရပ်ရှည်သော လူပုကလေးသည် ရေမရှိသော သမုဒ္ဒရာထဲတွင် ပျော်ရွှင်ငိုကြွေးနေသည်” ဆိုသော ဝါကျမျိုးမှာ အဓိပ္ပာယ်များ သွေဖည်နေသော်လည်း အနည်းဆုံး တင်စားသုံးသော ဝါကျအဖြစ် တွေးတောနိုင်ပါ သည်။ ဝါကျ ဖွဲ့ထုံးမှန်သော မြန်မာဝါကျတစ်ခုအဖြစ် လက်ခံနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဝါကျဖွဲ့ထုံးသာမှန်ပါက ဝါကျ ထဲတွင် တွဲစပ်ဖြစ်ပေါ်နေသော စကားလုံးများကို ဆက်စပ်၍ အဓိပ္ပာယ်တစ်ခုခုကို ကောက်၍ရနိုင် မည်ဖြစ်သည်။ အဓိပ္ပာယ် ဝါးချင်ဝါးမည်။ နှစ်ခွ ဖြစ်ချင်ဖြစ်မည်။ သို့သော် အဓိပ္ပာယ်မဲ့တော့ ဖြစ်မည်မဟုတ်ပေဟူ၍ ဆရာကြီးက ဆိုထားပါ သည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments