လူငယ်တွေဖတ်သင့်သည့်စာပေ

Type

 

စာချစ်သူ
 

စကော့လူမျိုး  ကမ္ဘာကျော်စာရေးဆရာကြီး သောမတ်ကာလိုင်း   (Thomas Carlyle) က  “အတ္ထုပ္ပတ္တိစာပေသည်   ဖတ်ရှုစရာစာပေများတွင်  ဖတ်ပျော်ဖွယ် အရှိဆုံးနှင့်  အကျိုးအမြတ်အရှိဆုံး ဖြစ်သည်” ဟုဆိုသည်။

 


အမေရိကန်စာရေးဆရာကြီး ရပ်ဝါလာဒိုအီမာ ဆန်(R.W. Emerson)ကတော့ “လူထူးလူချွန်တို့၏ တကယ့်ဘဝသည်  သူတို့၏စာပေများနှင့်ဆောင်ရွက် ချက်များတွင်ရှိသည်”ဟု ဆိုပါသည်။

 


လူထူးလူချွန်တို့၏ တကယ့်ဘဝ


လူထူးလူချွန်တို့၏   တကယ့်ဘဝကို    သူတို့၏ စာပေများထဲမှတစ်ဆင့်   ထဲထဲဝင်ဝင်    ကျွန်တော် စတင်မိတ်ဆက်လေ့လာမိသည့်     အချိန်ရယ်က ၁၉၈၀ ကျော် ဆယ်ကျော်သက်အရွယ်မှာဖြစ်သည်။ ထိုစဉ်က  ရပ်ကွက်စာအုပ်အငှားဆိုင်ယဉ်ကျေးမှု အားအကောင်းဆုံးအချိန်ကာလဖြစ်သည်။

 


တစ်နေ့    ရပ်ကွက်စာအုပ်အငှားဆိုင်လေးမှာ စာအုပ်ရွေးရင်း     ဥပဓိရုပ်က   ခန့်ခန့်ထည်ထည်၊ ဂျစ်တိဂျစ်ကန် ပန်းချီရုပ်ပုံလွှာမျက်နှာဖုံးနှင့် စာအုပ် တစ်အုပ်ကို   တွေ့လိုက်ရသည်။ ထိုစာအုပ်က ဆရာ တက္ကသိုလ်စိန်တင်၏ “မုန်တိုင်းဗိုလ်ရဲဒင်”။ သမိုင်း နောက်ခံကား   လွတ်လပ်ရေးကြိုးပမ်းမှု  တော်လှန် ရေးကာလနှင့်   လွတ်လပ်ရေးရပြီးစ   သောင်းကျန်း မှုအန္တရာယ်မှ    ကာကွယ်တားဆီးခဲ့သည့်    ခေတ် ကာလတို့တွင်        အတ္ထုပ္ပတ္တိရှင်ပါဝင်ခဲ့သော ဆောင်ရွက်ချက်များဖြစ်လေသည်။

 


ထို့ပြင် မုန်တိုင်းဗိုလ်ရဲဒင်၏ စရိုက်ဗီဇကိုလည်း ဆရာတက္ကသိုလ်စိန်တင်က အမိအရဖော်ကျူးထား ပြန်သည်။   တော်လှန်ရေးကာလတွင်   ရရှိခဲ့သည့် ငှက်ဖျားရောဂါ၏ အချိန်မှန်နှိပ်စက်မှုကို မခံစားနိုင် သည့်အဆုံး  တစ်နေ့ဝယ်    မုန်တိုင်းဗိုလ်ရဲဒင်သည် အဖျားရောဂါတက်နေချိန်တွင်    မြစ်ကမ်းစပ်သို့ သွားရောက်ပြီး        တစ်ကိုယ်လုံးရေဆင်းစိမ်ရာမှ ငှက်ဖျားရောဂါပျောက်ကင်းသွားသည့်   ဖြစ်စဉ်လည်း ပါဝင်သည်။

 


မုန်တိုင်းဗိုလ်ရဲဒင်၏ မိုက်တိမိုက်ကန်း ထင်ရာ ဇွတ်လုပ်တတ်သောဗီဇကို   လူငယ်ပီပီ ကျွန်တော် ကြိုက်သွားသည်။    ပြီးတော့ အတ္ထုပ္ပတ္တိစာပေကို ထိုစာအုပ်တစ်အုပ်တည်းနှင့်       ကျွန်တော်စွဲလမ်း နှစ်သက်သွားသည်။

 


ထို့နောက်  ထို့နောက်မှတော့ ဆရာတက္ကသိုလ် စိန်တင်၏    အောင်ဆန်းသူရိယ   ဗိုလ်တိုက်ချွန်း၊ အောင်ဆန်းသူရိယဗိုလ်မှူးအေးချို၊ စောစံဖိုးသင် စသဖြင့်အတ္ထုပ္ပတ္တိစာပေကို လက်ထဲကမချတော့။

 


ဆက်လက်၍   အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင် တင်မြ၏   ဘုံဘဝမှာဖြင့်၊  မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စသည့်နိုင်ငံရေး အတ္ထုပ္ပတ္တိများ၊  တောင်မြို့ဆရာတော်      အရှင်ဇနကာဘိဝံသ၊ မဟာစည်ဆရာတော်ကြီး၊ ဘုန်းတော်ကြီး ဦးသီလ စသည့်ဆရာတော်ကြီးများ၏      ထေရုပ္ပတ္တိများ၊ ဆရာကြီးရွှေဥဒေါင်း၏ “တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ”၊        ဆရာသော်တာဆွေ၏ “ကျွန်တော့်ဘဝဇာတ်ကြောင်း”     စသည်ဖြင့် အတ္ထုပ္ပတ္တိစာပေဝင်္ကပါထဲဝယ်    တဝဲလည်လည် ဖြစ်ရတော့သည်။

 


ထိုမှတစ်ဆင့်   ကမ္ဘာကို   လှမ်းမျှော်ကြည့်မိပြန် တော့ မိုရှေဒါယန်၊ အန်ဝါဆဒတ်၊ မာရှယ်တီတိုး၊ ကစ်ဆင်ဂျာ၊ လင်ကွန်း၊ နစ်ဆင်၊ အိုက်စင်ဟောင်ဝါ၊ ကနေဒီ၊   ရီဂင်၊   ဂျော့ချ်ဘုရှ်(စီနီယာ)၊   ဒေးဗစ်ဘင် ဂူရီယန်၊ ဂိုလ်ဒါမေယာ၊  မာဂရက်သက်ချာ၊ ဟီလာရီ ကလင်တန်၊   ကွန်ဒိုလီဇာရိုက်စ်၊   ကိုးလင်းပါဝဲလ်၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ မော်စီတုန်း၊ တိန့်ရှောင်ဖိန်၊ ကျန်ဇီမင်း၊ ဟူကျင်ထောင်း၊ ရှီကျင့်ဖျင်၊ အီမြောင် ဘတ်   စသည့်    ခေတ်အလိုက်    ခေတ်ပြိုင် ကမ္ဘာ့ခေါင်းဆောင်များ၏      ကမ္ဘာ့ဇာတ်ခုံပေါ်မှ  ဆောင်ရွက်ချက်များကို     အတ္ထုပ္ပတ္တိစာပေများမှ တစ်ဆင့်   လှမ်းမြင်တွေ့ခဲ့ရပြန်ပါသည်။

 


အတ္ထုပ္ပတ္တိစာပေများ


ထိုသို့ဖတ်ရှုရာတွင်  စကော့လူမျိုး ကမ္ဘာကျော် စာရေးဆရာကြီး    သောမတ်ကာလိုင်းဆိုခဲ့သလို အတ္ထုပ္ပတ္တိစာပေများထဲက  မည်သည့်အကျိုးအမြတ် တွေရရှိခဲ့ပါသနည်းဟုဆိုသော် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏   “ဆိုင်းစုမှသည်    မန်ဟိုင်းဆီသို့” ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်မှရရှိခဲ့သည့် အတွေး အမြင်တစ်ခုကို ဖော်ပြလိုပါသည်။

 


“ဟိုင်နန်ကျွန်းစစ်သင်တန်းတွင် ကျွန်တော်တို့လက်နက်စပြီးကိုင်ရသောနေ့ကို    ကျွန်တော်တို့ အမှတ်ရနေ၏။    ကျွန်တော်တို့စစ်သင်တန်း   စ၍ ဆင်းပြီး   တစ်ပတ်ကြာသောအခါ   လေးမိုင်မျှ ဝေးသော ဂျပန်ရေတပ်မှ  ကျွန်တော်တို့  ကိုင်စွဲရ မည့်    လက်နက်သေတ္တာကြီးများကို     ထမ်း၍        လက်နက်တိုက်သို့ သွင်းရ၏။       လက်နက်ကိုင်ရ တော့မည်ဖြစ်၍      ကျွန်တော်တို့   ရဲဘော်များ   ဝမ်းမြောက်နေကြ၏။    နောက်နေ့တွင်   စစ် လေ့ကျင့်ခန်းဆင်းရန်    စစ်သားတစ်ယောက်အဖြစ် ကိုယ်ပိုင်ကိုင်စွဲရမည့်     ရိုင်ဖယ်သေနတ်များကို အခမ်းအနားဖြင့် လက်ခံယူရ၏။

 


ထိုနေ့     စစ်သင်တန်းမှခေတ္တရပ်ပြီး     ရှိသမျှ ဝတ်ကောင်းစားလှများဝတ်ဆင်၍    လက်ခံရ၏။ အမဲဆီများပေကျံနေသော    ချက်ကိုစလိုဗက်လုပ် ရိုင်ဖယ်နှင့်လှံစွပ်များကို     အစီအစဉ်ဖြင့်  တစ်ဦးစီ ခေါ်၍ပေး၏။  နေပူထဲတွင် တန်းစီ၍ အခမ်းအနား ဖြင့် လက်ခံကြရ၏။

 


ကျွန်တော်သည် ပူအိုက်ပြီး ချွေးများစိုရွှဲနေသည် ကို ဂရုမပြုနိုင်၊  လက်ထဲသို့ ပထမဆုံးရောက်လာသော ရိုင်ဖယ်သေနတ်နှင့်  လှံစွပ်တို့အပြင်  ပခုံးကြိုးသိုင်း တို့ကို   လက်နှစ်ဖက်နှင့်ကိုင်လျက်  မိမိတန်းစီရာသို့ ပြန်ရပ်နေ၏။ ရဲဘော်များ မျက်လုံးများ ဝင်းတောက် နေကြ၏။   ပျော်ရွှင်နေကြ၏။    ကျွန်တော့်မှာ ဝမ်းသာခြင်း၊ တုန်လှုပ်ခြင်းဖြင့် ကတုန်ကယင်ဖြစ်ခဲ့ ၏။ ယင်းကို ယခုအထိ သတိရနေမိ၏။

 


၁၉၄၁ ခုနှစ်   ဒီဇင်ဘာလ ၂၆ ရက်နေ့သည် နယ်ချဲ့လက်အောက်တွင်   မြန်မာအမျိုးသားတို့၏ ပထမလက်နက်ကိုင်တပ်မတော်ကြီး(BIA)ကို စတင် ဖွဲ့စည်းသောနေ့ကြီးဖြစ်သည်။

 


ကျွန်တော်တို့သည် မြန်မာဘုရင်များလက်ထက် မှ  ကိုလိုနီဖြစ်ခဲ့ရသော နှစ်ပေါင်း ၁၀၀ ခန့်အတွင်း အဆက်ပြတ်နေခဲ့သော       မြန်မာအမျိုးသား တပ်မတော်ကြီးကို တည်ထောင်နိုင်ခဲ့ပြီ။   ကျွန်တော် တို့၏  လွတ်လပ်ရေးတိုက်ပွဲ  နောက်ဆုံးအောင်ပွဲ အတွက်  လက်နက်ကိုင်တပ်ကြီး ထူထောင်မိကြပြီး မကြာမီ   အောင်ပွဲရလိမ့်မည်ဟု   မျှော်မှန်းကာ  ကျွန်တော်တို့ များစွာကြည်နူးအားတက်မိကြသည်”    ဟူသည့်အတိတ်က    သမိုင်းမြင်ကွင်းတစ်ရပ်ကို ဖတ်ရှုလိုက်ရသည့်   အခိုက်ဝယ်     နယ်ချဲ့ဗြိတိသျှ လက်အောက်၌ လက်နက်ဟူ၍ အပ်တိုတစ်ချောင်း ပင်   ကိုင်ဆောင်ခွင့်မရှိသည့်အခြေအနေမှ   မြန်မာ့ လွတ်လပ်ရေးအတွက်   မျိုးချစ်လူငယ် ၃၀ တို့က ဟိုင်နန်ကျွန်းတွင်  ဂျပန်ထံမှ   အပင်ပန်းအဆင်းရဲ ခံကာ     ဗမာ့လွတ်မြောက်ရေး တပ်မတော်  (BIA)   မှသည်  ဗမာ့ကာကွယ်ရေးတပ်မတော်   (BDA)၊   မျိုးချစ်တပ်မတော်၊    ပြည်သူ့တပ်မတော်  စသဖြင့် အဆင့်ဆင့်ကြိုးပမ်း တည်ဆောက်ခဲ့ပြီး ယခုခေတ်မီ တပ်မတော်တစ်ရပ်အဖြစ် ကူးပြောင်းရပ်တည်လာ မှုအပေါ်     မြန်မာတို့တန်ဖိုးထားလေးစားမြတ်နိုး ကြရပေမည်။   တပ်မတော်အင်အားရှိမှ      တိုင်းပြည် အင်အားရှိမည်ဟူသော     အတွေးအမြင်များကို ဖြစ်ပေါ်စေသည်။


ကမ္ဘာ့အလယ်တွင်  နိုင်ငံမဲ့၊  တိုင်းပြည်မဲ့အဖြစ် မျက်နှာငယ်ရသည့်ဘဝမှ         အစ္စရေးနိုင်ငံအဖြစ် ဖြစ်တည်ပေါ်ပေါက်လာစေရန်  ရုန်းကန်ကြိုးပမ်း ခဲ့ကြသော  အစ္စရေးနိုင်ငံ၏ဖခင်ကြီး    ဝန်ကြီးချုပ် ဒေးဗစ်ဘင်ဂူရီယန်နှင့်      အမျိုးသမီးဝန်ကြီးချုပ် ဂိုလ်ဒါမေယာတို့၏   ဆောင်ရွက်ချက်ဘဝအဖုံဖုံကို လေ့လာသိရှိပါမှ    နှစ်ပေါင်း ၁၀၀ ကျော်   နယ်ချဲ့ ဗြိတိသျှလက်အောက်တွင်  ကျွန်သပေါက်ဘဝဖြင့် နေခဲ့ရသည့်     မြန်မာပြည်ကို   လွတ်လပ်ရေးရရှိရန် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော   အမျိုးသား ခေါင်းဆောင်ကြီး      ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှေးဘိုးဘွားစဉ်ဆက်က  ခေါင်းဆောင်များအပေါ်  ချစ်ခင်လေးစားတန်ဖိုးထားတတ်ကြပါလိမ့်မည်။  အမိမြန်မာနိုင်ငံတော်၏      အချုပ်အခြာအာဏာကို  အလေးထား   ထိန်းသိမ်းကာကွယ်နိုင်ကြပေလိမ့်မည်။

 


တရုတ်နိုင်ငံ၏ ခေါင်းဆောင်ကြီးများ


အိမ်နီးချင်းတရုတ်နိုင်ငံ၏      အစဉ်အဆက် ခေါင်းဆောင်ကြီးများဖြစ်ကြသော        မော်စီတုန်း၊ တိန့်ရှောင်ဖိန်၊   ကျန်ဇီမင်း၊  ဟူကျင်ထောင်းနှင့် လက်ရှိ  ရှီကျင့်ဖျင်တို့၏  အတ္ထုပ္ပတ္တိစာပေများကို ဖတ်ရှုပါမှ   ပစ္စက္ခအင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံ  ဖြစ်လာသော    တရုတ်ပြည်ကြီး၏    အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုအပေါ် ဆဝါးသိမြင်နိုင်ပေမည်။

 


တရုတ်ပြည်ကြီး၏       ပြုပြင်ပြောင်းလဲရေး ဗိသုကာ   တိန့်ရှောင်ဖိန်၏  ရှင်းလင်းပြတ်သားပြီး လက်တွေ့ဆန်သော  အတွေးအခေါ်  သဘောတရား ရေးရာအမြင်တို့ကလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသော နိုင်ငံတော်သစ်တည်ဆောက် ရေးကို    ရည်မှန်းချက်ပန်းတိုင်အဖြစ်     ကိုင်စွဲထား သည့် အမိမြန်မာနိုင်ငံတော်ကြီး၏  မျိုးဆက်သစ် ခေါင်းဆောင်များအတွက် တန်ဖိုးရှိလှသောအတွေ့ အကြုံကောင်းများ၊ သင်ခန်းစာများဖြစ်ပေသည်။

 


၁၉၈၉ ခုနှစ် နွေဦးနှင့် နွေရာသီစပ်ကူးမပ်ကူး ကာလတွင်  ဖြစ်ပေါ်ခဲ့သည့် ထျန်းအန်းမင်အရေးအခင်းနှင့်ပတ်သက်၍  တိန့်ရှောင်ဖိန်က “တရားက အလွန့်ကို ရိုးရိုးရှင်းရှင်းလေးပါ။ တရုတ်ပြည်ဟာ လူဦးရေဒီလောက်များပြီး အခြေခံက နည်းပါးလွန်း လှတယ်။ တည်ငြိမ်စည်းလုံးညီညွတ်တဲ့  နိုင်ငံရေး ပတ်ဝန်းကျင်မရှိရင်   တည်ငြိမ်တဲ့   လူမှုရေးအခြေ အနေလည်း ရှိမှာမဟုတ်ဘူး။  ဘာမှလည်း  လုပ်လို့ ဖြစ်လာမှာမဟုတ်ဘူး။  လုပ်လို့ဖြစ်တဲ့တိုင် ရလာတဲ့ အသီးအပွင့်အားလုံးလည်း   ဆုံးရှုံးသွားလိမ့်မယ်။ တည်ငြိမ်ရေးက အရာရာကို လွှမ်းမိုးထားတယ်”ဟု ပြောကြားခဲ့သည်။

 


တစ်ဆက်တည်းမှာပင်    “ဒီနေ့    ဒီအပိုင်းက လူတွေက လမ်းပေါ်တက်လိုက်၊  နောက်တစ်နေ့ ဟိုအပိုင်းက    လူတွေက    လမ်းပေါ်ထွက်လိုက်၊ တရုတ်ပြည်မှာ လူသန်း ၁၀၀၀ ရှိတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်ရှိနေတာ  နေ့တိုင်းပြဿနာရှိ နေမယ်ဆိုရင် နေထိုင်မှုဘဝတွေကို  ကျော်ဖြတ်နိုင် ပါ့မလား။ ဘယ့်နှယ်လုပ် ကိုယ်အားဉာဏ်အားထုတ် တည်ဆောက်ရေးတွေ  လုပ်နိုင်ပါ့မလဲ။   ဒါကြောင့် ခင်ဗျားတို့ထောင့်ကနေ တရုတ်ပြည်ပြဿနာတွေ ကို   ကြည့်လို့မဖြစ်နိုင်ဘူး။   တရုတ်ပြည်ရဲ့အဓိက ရည်မှန်းချက်က   ဖွံ့ဖြိုးတိုးတက်ရေး၊    ခေတ် နောက်ကျမှုက ရုန်းထွက်ရေး၊ နိုင်ငံတော်ရဲ့အင်အား တိုးတက်လာစေရေးဖြစ်တယ်။        ပြည်သူလူထု နေထိုင်စားသောက်မှုဘဝ  ပြည့်စုံကုံလုံလာစေရေး ဖြစ်တယ်။   ဒီလိုကိစ္စတွေကို   ဆောင်ရွက်ဖို့ဆိုရင် တည်ငြိမ်တဲ့     နိုင်ငံရေးပတ်ဝန်းကျင်ရှိရမယ်။ တည်ငြိမ်တဲ့         နိုင်ငံရေးပတ်ဝန်းကျင်မရှိရင် ဘာကိစ္စမှလုပ်လို့မရနိုင်ဘူး”ဟူ၍လည်း ထောက်ပြ ခဲ့ဖူးသည်။

 


တိန့်က ဥက္ကဋ္ဌကြီးမော်နှင့်ပတ်သက်၍ ၁၉၈၀ ပြည့်နှစ် ဩဂုတ်လတွင်  အီတလီသတင်းထောက် အိုရီယာနာဖလက်စီနှင့်     တွေ့ဆုံမေးမြန်းခန်း၌   “မော်စီတုန်းရဲ့ စွမ်းဆောင်အောင်မြင်ချက်တွေဟာ ပထမနေရာမှာရှိပြီး  သူ့ရဲ့အမှားတွေဟာ  ဒုတိယ နေရာမှာသာ ထားရမှာပါ”ဟု အကဲဖြတ်ပြောဆိုခဲ့ သည်။  
ဆက်လက်၍  တိန့်က  “သူဟာ   တရုတ်ပြည် ကွန်မြူနစ်ပါတီ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို အဓိကထူထောင်ခဲ့သူဖြစ်တယ်။  တရုတ်ပြည်သူ တွေအတွက်     သူလုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကို ချေဖျက်ပစ်လို့ မဖြစ်နိုင်ပါဘူး။ 


ကျွန်တော်တို့ တရုတ်ပြည်သူတွေရဲ့  စွဲလမ်းစိတ်၊ သံယောဇဉ်တွေက   အစချီပြောရရင်တော့  သူ့ကို ကျွန်တော်တို့ပါတီနဲ့ နိုင်ငံတော်ကိုထူထောင်ခဲ့သူ အဖြစ် အထိမ်းအမှတ်ပြုနေရမှာပါ။ သူဟာ ပါတီနဲ့ နိုင်ငံတော်ကို    အကျပ်အတည်းများအတွင်းမှာ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ပါတယ်။ ဥက္ကဋ္ဌ မော်သာမရှိရင် ကျွန်တော်တို့တရုတ်ပြည်သူတွေ ဟာ အမှောင်ထုအတွင်း  ပိုကြာကြာစမ်းတဝါးဝါးနဲ့ လျှောက်လှမ်းနေရဦးမှာပါ”ဟု ဆိုသည်။

 


တိန့်၏   ဆိုခဲ့ပါဦးနှောက်သာမက နှလုံးသား ကြီးမှု၊     သဘောထားကြီးမားမှုသင်္ကေတတို့ကို မြန်မာလူငယ်မောင်မယ်များ  အတ္ထုပ္ပတ္တိစာပေထဲက တစ်ဆင့် လှမ်းမြင်တွေ့နိုင်ပေသည်။

 


အင်္ဂလန်နိုင်ငံ      ဂရန်သမ်မြို့ကလေး၏ ပွဲတော်တစ်ခုတွင်  ကဗျာရွတ်ဆိုပြိုင်ပွဲ၌     ကိုးနှစ် သမီး  ကလေးတစ်ဦး  ပထမဆုဆွတ်ခူးရရှိခဲ့သည်။
သူကလေး၏ကျောင်းမှ   ကျောင်းအုပ်ဆရာမ ကြီးက ဝမ်းသာအားရချီးကျူးစကား  ပြောဆိုသည်။
“သမီး ကံကောင်းတယ်နော်၊   သမီး  ခုလိုဆုရ တာ ဆရာမကြီး သိပ်ဝမ်းသာတာပဲ”
ကိုးနှစ်သမီးလေးက  ချက်ချင်းပြန်ပြောလိုက် သည်မှာ -


“ကံကောင်းလို့မဟုတ်ပါဘူး  ဆရာမကြီးရှင့်၊ သမီးနဲ့ထိုက်တန်လို့     ဆုရတာပါ    ဆရာမကြီး၊ ကံကောင်းလို့ရတာမဟုတ်ပါဘူး”
ကိုးနှစ်သမီးလေး၏အဖြေကို   ဆရာမကြီးက ချက်ချင်းနားလည်သွားသဖြင့်    ပျာပျာသလဲပြော လိုက်ရသည်။
“ဪ ... ဟုတ်တာပေါ့၊  သမီးတော်လို့ဆုရတာ ပေါ့။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”


ထိုကိုးနှစ်သမီးလေးကား   အခြားသူမဟုတ်။ နောင်နှစ်  ၄၀  ခန့်အကြာတွင်       ဗြိတိန်နိုင်ငံကြီး၏ ပထမဆုံး       အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာမည့် မာဂရက်သက်ချာပေတည်း။

 


တောက်မည့်မီးခဲ     အရှိန်နှင့်ရဲရဲဆိုသလို သက်ချာသည် ငယ်စဉ်ကတည်းက “ဇ” ကလေးကို ပြခဲ့လေသည်။ ထိုအရွယ်ကတည်းက  ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်ရှိခဲ့ပါသည်။

 


ဆယ်ကျော်သက်အရွယ်  မြန်မာအမျိုးသမီး ငယ်တွေ  ဗြိတိန်ဝန်ကြီးချုပ်  မာဂရက်သက်ချာ၊ အစ္စရေး ဝန်ကြီးချုပ် ဂိုလ်ဒါမေယာ၊     အိန္ဒိယဝန်ကြီး ချုပ် အင်ဒီရာဂန္ဒီ၊       အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်      ကွန်ဒိုလီဇာရိုက်စ်တို့၏ ထိုထိုသော  ကိုယ်ရေးအတ္ထုပ္ပတ္တိများကို   ဖတ်ရှုခဲ့ကြ ပြီးပြီလား။
ဆယ်ကျော်သက်အရွယ်        မြန်မာအမျိုးသား လူငယ်များသည်လည်း  ထိုထိုသော  ပြည်တွင်း၊ ပြည်ပ နိုင်ငံ့ခေါင်းဆောင်များ၏  ကိုယ်ရေးအတ္ထုပ္ပတ္တိ များကို ဖတ်ရှုခဲ့ကြပြီးပြီလား။


မဖတ်ကြရသေးလျှင်ဖြင့်         ထိုထိုသော အတ္ထုပ္ပတ္တိစာပေလက်ရာမွန်များကို      လက်လှမ်းမီ သမျှ  ဖတ်ရှုလေ့လာစေချင်ပါသည်။ အနာဂတ် နိုင်ငံ တော်၏ကံကြမ္မာသည်    မြန်မာလူငယ်မောင်မယ် တို့၏လက်ထဲတွင်   ရှိနေပါသည်။   မြန်မာလူငယ် မောင်မယ်တို့   ဗဟုသုတအဖြာဖြာ     ပညာပြည့်ဝ နှလုံးလှမှ အနာဂတ်နိုင်ငံတော်သည်    သာယာလှပ နိုင်ပေလိမ့်မည်။

 


သို့ဖြင့်    လူထူးလူချွန်တို့၏  တကယ့်ဘဝနှင့် ဆောင်ရွက်ချက်များကို         လေ့လာသိရှိနိုင်ရန် အတွက် ဖတ်ရှုစရာစာပေများတွင် ဖတ်ပျော်ဖွယ် အရှိဆုံးနှင့် အကျိုးအမြတ်အရှိဆုံး အတ္ထုပ္ပတ္တိစာပေ များကို    မောင်တို့မယ်တို့   လေ့လာဖတ်ရှုကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါ၏။       ။