
နေပြည်တော် အောက်တိုဘာ ၁၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ရှိတွင် တစ်နိုင်ငံလုံး အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများမှာ တည်ငြိမ်စပြုနေပြီဖြစ်ပြီး ပိုးတွေ့ရှိသူအရေအတွက် မှာလည်း ကျဆင်းလာပြီဖြစ်ပါကြောင်း၊ သို့ရာတွင် အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ပိုးတွေ့ရှိမှု နှုန်းနှင့် ပိုးတွေ့ရှိသူအရေအတွက် များပြားလျက် ရှိနေသည့်အတွက် တစ်နိုင်ငံလုံးတွင် ပိုးတွေ့ရှိမှု နှုန်းအနေဖြင့် (၇ ဒသမ ၈) ရာခိုင်နှုန်းမှ (၇ ဒသမ ၉) ရာခိုင်နှုန်းခန့်တွင် တန်းလျက်ရှိနေပါကြောင်း။
မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည် နယ် (အရှေ့ပိုင်း) တို့တွင် ပိုးတွေ့လူနာနှင့် ပိုးတွေ့ရှိ မှုနှုန်း များပြားလျက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရောဂါ ဖြစ်ပွားမှုအခြေအနေများကို ဒေသအလိုက် ဆန်းစစ် သုံးသပ်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်နိုင် မည့် အခြေအနေများနှင့် ဗဟိုမှပံ့ပိုးပေးနိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း။
ကာကွယ်ဆေးများ ထိုးနှံ
ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ် လျက်ရှိသည့် နယ်စပ်ဝင်ပေါက်များရှိရာ တိုင်းဒေသ ကြီး/ပြည်နယ်များအနေဖြင့် အထူးဂရုပြု ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေး အမြန်ဆုံးပြန်လည်စတင်နိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်ဒေသများတွင် ကာကွယ်ဆေး တစ်သန်း doses ခန့်ကိုလည်း စတင်ထိုးနှံလျက်ရှိပါကြောင်း၊ အလားတူ အခြားနယ်စပ်ဒေသများတွင် ကာကွယ် ဆေးလွှမ်းခြုံမှု ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့်လည်း ကာကွယ်ဆေးများ ထိုးနှံ ပေးလျက် ရှိပါကြောင်း။
အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်
ရောဂါ ဖြစ်ပွားမှုများပြားလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကာကွယ်ဆေး ထိုးနှံခြင်းကို ကျေးရွာများအထိ ရောက်ရှိစေရေး အထူးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်သည့် လုပ်ငန်းစဉ်အလိုက် ပြန်လည်သုံးသပ်၍ လိုအပ်သလို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူး သဖြင့် ရောဂါပိုးတွေ့ရှိမှုများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေ၍ သီးသန့်ခွဲခြားနေထိုင်ရေး ဆောင်ရွက်သည့် လုပ်ငန်းများ၊ ဓာတ်ခွဲစစ်ဆေးသည့် လုပ်ငန်းများစသည့် လုပ်ငန်းများ၏အားနည်းချက်များကို ရှာဖွေ ဖြည့်ဆည်း၍ အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
နယ်စပ်ဒေသဝင်ထွက်ဂိတ်များတွင် ရောဂါပိုး အတည်ပြုလူနာ တွေ့ရှိမှုများမှ ဓာတ်ခွဲနမူနာများ ရယူ၍ ဆေးသုတေသနဦးစီးဌာနသို့ ပေးပို့ပြီး ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲသော ရောဂါပိုးများ ဝင်ရောက်လာမှုအခြေအနေကို စစ်ဆေးရမည်ဖြစ်ပါကြောင်း။
မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်/ ကျေးရွာအလိုက် ပိုးတွေ့ရှိသူနှင့် ပိုးတွေ့ရှိနှုန်းများပြားရာ ဒေသများတွင် ကူးစက်မှုရင်းမြစ်နှင့် ကူးစက်ရသော အကြောင်းအရင်းများကို ရှာဖွေကာ ၎င်းကို ဦးတည်၍ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အထူးအားဖြည့်ဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနဆိုင်ရာများနှင့်လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါ ထိန်းချုပ်ခြင်း၊ ထိတွေ့လူနာများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများစသည့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ နိယာမနှင့် လုပ်ထုံးလုပ်နည်းများကို သေချာစွာ ရှင်းလင်းအသိပေးထားရမည်ဖြစ်ပြီး ၎င်းတို့အတိုင်း တိကျစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ပုံမှန်အတိုင်း ပြန်လည်လည်ပတ်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက် ဖြစ်ပွားမှု ပိုမိုလျော့ကျလာမှသာ နေအိမ်တွင် နေထိုင် ရေးအစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များအား ဖြေလျှော့ပေးခြင်း၊ ကုန်စည်ကူးသန်းရေး လုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေး၊ ပညာရေး လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
မိမိတို့ဒေသအလိုက် အဆင့်ဆင့်လုပ်ငန်းလိုအပ် ချက်များနှင့် တင်ပြချက်များကိုသိရှိပြီး မိမိတို့ အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက ဗဟိုသို့ ဆက်လက်တင်ပြရမည်ဖြစ်ပြီး ဗဟိုမှလည်း အထူးအလေးထား၍ သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်