မွေးမြူရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သဖြင့် စနစ်တကျဖြင့် စံပြဖြစ်အောင်စီမံ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး သားဖောက်ခြင်းလုပ်ငန်းများအား သုတေသနပြုဆောင်ရွက်

 

နေပြည်တော်  အောက်တိုဘာ  ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့်        ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊   ရန်ကုန်တိုင်း   စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန် တိုင်းဒေသကြီး  ကျောက်တန်းမြို့နယ်၊  ရန်ကုန်မြစ် နှင့် မှော်ဝန်းချောင်းအကြားနေရာရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်    အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အား မွေးမြူရေးဇုန်ရှင်းလင်း ဆောင်၌   မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် တာဝန်ရှိသူများက သီလဝါ  ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊   ၂၆  မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် တွံတေးမြို့နယ်ရှိ ရွှေမုယင်းငါးကန်တို့၏   လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက် ပြီးစီးပြီး  လုပ်ငန်းလည်ပတ်နေမှု  အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏    လမ်းညွှန်ချက်များကို    အကောင် အထည်ဖော်  ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

သုတေသနပြုဆောင်ရွက်


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုး မွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက် ရှိခြင်းမှာ  ရန်ကုန်တိုင်းဒေသကြီးအတွင်း  အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊   သက်ဆိုင်ရာဇုန်များ၌   ဒေသ အလိုက်   မွေးမြူရေးလုပ်ငန်းများ   ဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့်   အသား၊   ငါးများအား တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်းသက်သာစွာ စားသောက်နိုင်ပြီး ပြည်သူများ အသားနှင့် ငါးစား သုံးမှုမြင့်မားလာကာ ကျန်းမာကြံ့ခိုင်မှု ရှိလာမည် ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများသည် ရေရှည် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သဖြင့် စနစ်တကျ ဖြင့် စံပြဖြစ်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကောင်း မျိုးသန့်များရရှိရေး  သားဖောက်ခြင်းလုပ်ငန်းများ အား သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း။


မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာ၌ ဒေသတွင်း ဖူလုံမှုကို ဦးစွာ စဉ်းစားဆောင်ရွက်ပြီး ပိုလျှံအသားကို အေးခဲအသားနှင့် ကုန်ချောထုတ်ကုန်အဖြစ် စီမံ၍ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌   နို့နှင့် နို့ထွက်ပစ္စည်းများကို   ပြင်ပမှ တင်သွင်းရလျက်ရှိသည့်အတွက်   နွားမွေးမြူရေး လုပ်ငန်းများမှ နို့နှင့် နို့ထွက်ပစ္စည်းများ အောင်မြင် အောင်ထုတ်လုပ်ပြီး   ပြည်ပသွင်းကုန်   အစားထိုး နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နို့ထွက်နှုန်း ကောင်းမွန်ရန် ပထမဦးစားပေး စဉ်းစားပြီး ယင်းမှ တစ်ဆင့် နို့ဆီ၊ နို့စိမ်း၊ ထောပတ် အစရှိသည့် Product အဖြစ်   အဆင့်ဆင့်လုပ်ဆောင်၍  အရည်အသွေး ရှိသည့်   တန်ဖိုးမြင့်ထုတ်ကုန်များ   ထွက်ပေါ်လာ အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဆိုင်စားအတွက် Table size နှင့်  စားသုံးသူအများစုအတွက် ခုတ်သားများ ထုတ်လုပ်နိုင်ရေး    အကန့်လိုက်    အရွယ်အစားခွဲ၍ ထည့်သွင်းတွက်ချက်မွေးမြူကြရန်လိုပြီး အသားပေါ များစွာ စားသုံးနိုင်ရေး လုပ်ဆောင်ပေးရန်လိုကြောင်း။


စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် Market  နှင့် Target ကို သိရှိရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့်  ရာသီသီးနှံ များကို စိုက်ပျိုးကြရန်လိုကြောင်း၊  တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့်   စီးပွား ဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စဉ်းစားတွက်ချက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်လျက်ရှိသည့် ဒေသခံများ၏ ဈေးကွက်ကို မထိခိုက်စေရန် ဈေးကွက်လိုလားချက်နှင့် လိုအပ်ချက်ကို သိရှိအောင် လုပ်ဆောင်ပြီး စဉ်းစားတွက်ချက် လုပ်ဆောင်ကြစေလို ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များမှ ပိုလျှံသည်များကို  လေလွင့်မှု မဖြစ်ပေါ်စေရေး  ရေရှည်ထားရှိအသုံးပြုနိုင်သည့် အခြောက်ခံကုန်ချော များ အဖြစ် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ အုန်းဆီ၊ အုန်းမီးသွေး၊ အုန်းဆံတုံး စသည့် အုန်းနှင့် အုန်းထွက်ပစ္စည်းများသည် နေ့စဉ် အသုံးအဆောင်များတွင် မရှိမဖြစ် ပါဝင်နေပြီး ဈေးကွက်ခိုင်မာ ခြင်း၊ ကမ်းရိုးတန်းဒေသများတွင် အုန်းပင်စိုက်ပျိုးထားရှိပါက   သဘာဝ ဘေးအန္တရာယ်ကို  အကာအကွယ်ပေးနိုင်ခြင်းတို့ကြောင့်  ဒေသခံများ ကိုလည်း အုန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ အသိပညာပေး တိုက်တွန်း ကြရမည်ဖြစ်ကြောင်း။


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   ဆောင်ရွက်ရာတွင် ဇုန်အသီးသီးရှိ ပတ်ဝန်းကျင်ဒေသခံများကိုလည်း   ခေတ်မီပြီး နည်းစနစ်ကျနသည့်  စိုက်ပျိုးမွေးမြူမှုများဖြစ်ပေါ်လာအောင်  နည်းစနစ်နှင့် မျိုးများမျှဝေပေးရမည်ဖြစ်ကြောင်း၊ အသား၊ ငါးများ အား သက်သာသော ဈေးနှုန်း များဖြင့် ဈေးကွက်အတွင်း  ရောင်းချပေးနိုင်ရေး  ဆောင်ရွက်ခြင်းဖြင့် အသား၊ ငါး ဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင်  အသား၊ ငါးထွက်ကုန်များအား ပြည်ပသို့တင်ပို့နိုင်ရေး အတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ တပ်မိသားစုဝင်များသာမက ပြည်သူများအသား၊ ငါးနှင့် စိုက်ပျိုးရေး ထုတ်ကုန်များအား သက်သာ သောဈေးနှုန်းများဖြင့်        ဝယ်ယူစားသုံးနိုင်ရေး        စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။  


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေး  ဇုန်တွင် မွေးမြူထားရှိသည့်    ငါးအမျိုးအစားနမူနာ    ပြသထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘဲဥ၊ ထိုင်ဝမ်သင်္ဘော၊   ကျောက်စိမ်းဖီးကြမ်းငှက်ပျော၊ နို့ထွက်ပစ္စည်းများ၊ အုန်းထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကိုကြည့်ရှုပြီး မွေးမြူရေးဇုန်အတွင်းရှိ ငါးသား ဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးမွေးမြူ ထားရှိမှုနှင့်  ဘဲမွေးမြူ ထားရှိမှု  အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြကြောင်း  သိရသည်။ 


သတင်းစဉ်