
ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၌ ယခင်ယာယီရပ်နားထား သော ဓာတ်လှေကားများကို ယခုအခါ ဘုရားဖူးပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်မှစတင် ကာ စောင်းတန်းများရှိ ဓာတ်လှေကားများ ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ရုံးအဖွဲ့မှ သိရသည်။
လူတန်းစားမရွေး
“ ဓာတ်လှေကားတွေ ပြန်လည် ဖွင့်လှစ်လိုက်တာ စက်တင်ဘာ ၃ ရက် ကစပြီး ဖွင့်လှစ်ခဲ့တာပါ။ ဘုရားစတင် ဖွင့်လှစ်ချိန် နံနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပါပဲ။ အဓိကတော့ ဘုရားဖူးလာ တဲ့ ရဟန်းသံဃာတွေ၊ သက်ကြီးဘိုးဘွား တွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေလောက် သာ အရင်ကတော့ ခွင့်ပြုခဲ့တာ။ အခု အောက်တိုဘာ ၃ ရက် နံနက်ပိုင်းကစပြီး လူတန်းစားမရွေး ဓာတ်လှေကားနဲ့ တက်ရောက်ဖူးမြော်ခွင့်ပြုလိုက်တာပါ” ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ပြည်သူများအကြား ရောဂါပျံ့နှံ့မှုမရှိစေရန် ယာယီပိတ်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ရဟန်းသံဃာ၊ သက်ကြီးဘိုးဘွားများနှင့် ကျန်းမာရေး ချို့တဲ့သူများကိုသာ ဓာတ်လှေကားဖြင့် ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့သည်။
တက်ရောက်ဖူးမြော်ခွင့်ပြု
ယခုအခါ ရွှေတိဂုံစေတီတော်မြတ် ကြီးတွင် ပြည်သူအများ အကန့်အသတ် မရှိ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ နှင့်အညီ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ နေ့စဉ်ဖူးမြော်ခွင့်ပြုလိုက်ပြီဖြစ် သည်။ ယင်းသို့ ဓာတ်လှေကားဖြင့် တက်ရောက်ဖူးမြော်ခွင့်ပြုရာတွင် အရှေ့ ဘက်စောင်းတန်းမှ လည်းကောင်း၊ တောင်ဘက်စောင်းတန်း မှလည်းကောင်း၊ မြောက်ဘက်စောင်းတန်းမှ လည်းကောင်း ဓာတ်လှေကားများ ဖွင့်လှစ်ပေးထားသော် လည်း အနောက်ဘက် စောင်းတန်းမှ ဓာတ်လှေကားကိုမူ လတ်တလော ယာယီ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
သတင်း- မြင့်မိုရ်
ဓာတ်ပုံ- မင်းထက်