
နေပြည်တော် အောက်တိုဘာ ၃
ပဲခူးမြို့နယ် ဘုရားကြီးမြို့ ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ်သိန်း ၃၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပဲခူးမြို့နယ် ဘုရားကြီးမြို့ ရန်ကုန်-မော်လမြိုင်သွားကားလမ်းရှိ ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အောင်မိုးသူ (ခ) သားသား (၂၇ နှစ်) မောင်းနှင်လာသည့် Nissan Wingroad ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၄၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၄ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ရန်ကုန်မြို့မှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်