နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကိစ္စများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွင် ငွေကြေး၊ နည်းပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ထောက်ပံ့အကူအညီပေးရေး ဆွေးနွေး

နေပြည်တော်   စက်တင်ဘာ   ၃၀


အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်း(APSC)မဏ္ဍိုင်မှ (၁၅)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး (15th AMMTC)၏ ဆက်စပ်အစည်းအဝေး များကို     ဘရူနိုင်းဒါရုဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဗီဒီယိုကွန်ဖရင့် ဖြင့် ဆက်လက်ကျင်းပသည်။


အခမ်းအနားသို့   အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ AMMTC ခေါင်းဆောင်/ ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိ ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေး မှူးချုပ်နှင့် ရုံးအဖွဲ့များ တက်ရောက်သည်။ မြန်မာနိုင်ငံမှ    AMMTC  ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက နေပြည်တော်ရှိ အစည်း အဝေးခန်းမမှ ပါဝင်တက်ရောက်သည်။ 


အမြင်ချင်းဖလှယ်ဆွေးနွေး


အစည်းအဝေးများတွင်  သမားရိုးကျ မဟုတ်သော လုံခြုံရေးကိစ္စရပ်များနှင့် အကြမ်းဖက်မှု      တိုက်ဖျက်ရေးတွင် အစွန်းရောက်မှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ တိုက်ဖျက်ရေး၊ ဆွေးနွေးဖက်နိုင်ငံများမှ      စွမ်းရည် မြှင့်တင်ရေးကဏ္ဍတွင်       ငွေကြေး၊ နည်းပညာနှင့်     လေ့ကျင့်ရေးဆိုင်ရာ ထောက်ပံ့အကူအညီပေးရေး အစီအစဉ် များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတွင် ဖြစ်နိုင်ခြေရှိသော လုပ်ငန်းနယ်ပယ်များ တွင်    ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။ 


8th AMMTC + China ညှိနှိုင်းဆွေးနွေး မှုအစည်းအဝေးတွင်     ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီး ဌာန အမြဲတမ်းဒုတိယဝန်ကြီး Mr. Du Hangwei  (မစ္စတာတုဟန်းဝေ)တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ သည်။ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်က ဒေသတွင်း    သမားရိုးကျမဟုတ်သည့် လုံခြုံရေးကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံရှိ တရားဥပဒေ စိုးမိုးရေး   အာဏာပိုင်အဖွဲ့အစည်းများ အကြား ထိရောက်လျင်မြန်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်   အမျိုးသားအဆင့် Focal Point တစ်ခု ထူထောင်ရေးနှင့် ပတ်သက်၍       ဆက်လက်ဆွေးနွေး အကောင်အထည်ဖော်ရေး၊    ငွေကြေး ခဝါချမှုနှင့် တရားမဝင် ငွေကြေးစီးဆင်းမှု များ တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ် ဆေးဝါးများ  သယ်ဆောင်ရောင်းဝယ်မှု သည် အာဆီယံဒေသအပေါ် ထိခိုက်မှုရှိ သည့်အတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အကြမ်းဖက်မှု၊  လူကုန်ကူးမှု၊  တောရိုင်း တိရစ္ဆာန်      တရားမဝင်ကုန်ကူးမှုနှင့် ဆိုက်ဘာမှုခင်းများသည်     ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့်  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ်   များစွာ ထိခိုက်မှုများဖြစ်ပေါ်နေ၍   တားဆီး နှိမ်နင်းရေးတွင် လုပ်ငန်းစွမ်းရည်မြင့်မား စေရေး၊ တရားစီရင်ရေးဆိုင်ရာကဏ္ဍတွင် အပြန်အလှန်  အကူအညီပေးရေး၊ မှုခင်း သတင်းအချက်အလက်   ဖလှယ်ရေးတို့ တွင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးတို့နှင့်     စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 


ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လို


11th AMMTC + 3 (တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ) အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ   ကာကွယ်ရေး ဝန်ကြီးနှင့်      နိုင်ငံတော်လုံခြုံရေး ဗဟိုကော်မတီဥက္ကဋ္ဌ Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof က သဘာပတိအဖြစ် ဆောင်ရွက် သည်။ ယင်းအစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး  စိုးထွဋ်က ယခုအခါတွင် Telecom Fraud နှင့် Online Gambling တို့သည်     နိုင်ငံတစ်နိုင်ငံထက်ပို၍ ဖြန့်ကြက်လာနေသည်ကို    သတိပြုတွေ့ရှိ ရကြောင်း၊      နိုင်ငံဖြတ်ကျော်မှုခင်း သဘောသဘာဝရှိလာသော    Telecom  Fraud ၊   Online Gambling တို့နှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် + ၃   နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှု     ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊       နိုင်ငံခြားသား အကြမ်းဖက်  တိုက်ခိုက်ရေးသမားများ အပါအဝင်  အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာမှုကို     ကြိုတင်သိရှိ ဟန့်တားနိုင်ရေးအတွက်   ကုလသမဂ္ဂ လုံခြုံရေးကောင်စီ   ဆုံးဖြတ်ချက်အမှတ် (၂၃၉၆)ပါ တိုက်တွန်းပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ များအနေဖြင့်  ကူညီပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊   ၂၀၂၂ ခုနှစ်အတွင်း လူပုဂ္ဂိုလ်ကိုယ်တိုင်    တက်ရောက်သည့် စနစ်ဖြင့်  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်   12th  AJCTD  ၌ ဆွေးနွေးမှုများ     ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း၊  အာဆီယံ + ၃ လုပ်ငန်းနယ်ပယ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး      စီမံချက်များ အောင်မြင်အောင်  ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။


ဆွေးနွေးအတည်ပြု


15th AMMTC နှင့် ဆွေးနွေးဖက်နိုင်ငံ များ၏ ညှိနှိုင်းအစည်းအဝေးများတွင် 8th AMMTC + China ၊ 6th AMMTC + Japan ၊ 2nd AMMTC + Korea နှင့် 11th AMMTC + 3 (China, Japan, Korea)တို့၏ ဝန်ကြီး အဆင့် အစည်းအဝေးပူးတွဲကြေညာချက် များကို အတည်ပြုခြင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးနယ်ပယ်တွင် တရုတ်၊ ဂျပန်၊  ကိုရီးယားနိုင်ငံတို့၏ အကူအညီ ပေးရေးနှင့်   ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊   ရှေ့လုပ်ငန်းစဉ် များကို    ဆွေးနွေးအတည်ပြုခြင်းတို့ ဆောင်ရွက်သည်။ 


ထို့နောက် အိမ်ရှင် ဘရူနိုင်းဒါရုဆလမ် နိုင်ငံ AMMTC ခေါင်းဆောင် ကာကွယ်ရေး ဝန်ကြီးနှင့်          နိုင်ငံတော်လုံခြုံရေး ဗဟိုကော်မတီဥက္ကဋ္ဌ  Dato  Paduka Seri  Haji Awang Halbi bin Haji Mohd Yussof နှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်  မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင် အဖြစ် တာဝန်ယူကျင်းပမည့် ကမ္ဘောဒီးယား နိုင်ငံ  AMMTC  ခေါင်းဆောင် ဒုတိယ ဝန်ကြီးချုပ်နှင့်      ပြည်ထဲရေးဝန်ကြီး Samdech Krolahom Sar Kheng (ဆမ်ဒက်ကရိုလာဟွန်ဆာကျန်)တို့က အမှာစကားများပြောကြား၍ အစည်း အဝေးကို    ညနေပိုင်းတွင်  ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။          

 

  သတင်းစဉ်