တွန်းဆွဲရေယာဉ်အသစ် နှစ်စင်း လုပ်ငန်းခွင်စတင်ဝင်ရောက်ခြင်းအခမ်းအနားနှင့် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကျင်းပ

 

ရန်ကုန်    စက်တင်ဘာ   ၃၀


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က      တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မှာယူတည်ဆောက်ခဲ့သည့် တွန်းဆွဲ  ရေယာဉ်သစ် နှစ်စင်း လုပ်ငန်းခွင်စတင်ဝင်ရောက် ခြင်း အခမ်းအနားနှင့်  ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကို ယနေ့  နံနက် ၈ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး    ပန်းဆိုးတန်းရှိ   ကျန်းမာရေး ဆိပ်ကမ်းတံတား၌ ကျင်းပသည်။  


တက်ရောက်


အဆိုပါ   အခမ်းအနားသို့       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးလှစိုး၊  ရန်ကုန်တိုင်း  စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ညွန့်ဝင်းဆွေ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  ရန်ကုန် တိုင်းဒေသကြီး   ဝန်ကြီးများ၊    မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆိပ်ကမ်း တံတားများနှင့် သင်္ဘောလိုင်းများမှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များ   အသင်းချုပ်နှင့်    ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ဆိပ်ကမ်းတံတားစုစုပေါင်း  ၄၅ စင်းရှိလာ


အခမ်းအနားတွင်       ပြည်ထောင်စုဝန်ကြီးက  ပင်လယ်ရေကြောင်း   ကုန်သွယ်ရေး      (Maritime Trade) သည် ကမ္ဘာ့စီးပွားရေးတွင်လည်းကောင်း၊  မြန်မာ့စီးပွားရေးတွင်လည်းကောင်း အလွန်အရေး ပါမှုရှိပြီး    မြန်မာနိုင်ငံ၏   နိုင်ငံတကာရေကြောင်း ကုန်သွယ်မှုအတွက် ရန်ကုန်ဆိပ်ကမ်းသည် အဓိက  ဝင်/ထွက်ပေါက်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင်     ကုန်သွယ်မှုတန်ဖိုး    စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၇ ဘီလီယံကျော်ရှိသည့် အနက်     မြန်မာနိုင်ငံ၏      ပင်လယ်ရေကြောင်း ကုန်သွယ်မှုတန်ဖိုးသည် ၂၆ ဒသမ ၈ ဘီလီယံကျော်၊  ရာခိုင်နှုန်းအားဖြင့်   ၇၃   ရာခိုင်နှုန်း  ရှိပါကြောင်း၊  နှစ်စဉ်တိုးတက်နေသော နိုင်ငံတော်၏ ရေကြောင်း ကုန်သွယ်မှုပမာဏကို   နိုင်နင်းစွာ  ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက်     ဆိပ်ကမ်း   တံတားများကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်အဆင့် မြှင့်တင်ခြင်း၊     ကုန်ကိုင်တွယ်   စက်ကိရိယာများ ဖြည့်တင်းခြင်း၊     လူ့စွမ်းအားအရင်းအမြစ်များကို စုဆောင်းလေ့ကျင့်   ပျိုးထောင်ခြင်း၊ နည်းပညာကို ထိရောက်အကျိုးရှိစွာ   အသုံးချခြင်းတို့ကို     နိုင်ငံ တကာနည်းတူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  ယခုအခါ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် နိုင်ငံတော် နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု Public-Private Partnership ၏ ရလဒ်ကောင်းများကြောင့် နိုင်ငံ တကာ  ကုန်သွယ်သင်္ဘောကြီးများ  တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်သည့်   ဆိပ်ကမ်း   တံတားစုစုပေါင်း  ၄၅ စင်းရှိလာပြီဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက်     မြန်မာ့ဆိပ်ကမ်း   အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက    ရေယာဉ်နှစ်စင်းနှင့် စပ်လျဉ်းသည့်   အချက်အလက်များကို    ရှင်းလင်း တင်ပြပြီး တွန်းဆွဲရေယာဉ်နှစ်စင်း တည်ဆောက်ခြင်း ဆိုင်ရာ Video မှတ်တမ်းကို ပြသသည်။ 


လှည့်လည်ကြည့်ရှုအားပေး


ယင်းနောက် ယနေ့တွင် လုပ်ငန်းခွင်သို့ စတင် ဝင်ရောက်မည့်   တွန်းဆွဲ  ရေယာဉ်သစ်   နှစ်စင်းကို ပြည်ထောင်စုဝန်ကြီးနှင့်       တက်ရောက်လာသူ များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီး (အပေါ်ပုံ) တွန်းဆွဲ ရေယာဉ်နှစ်စင်းအား လှည့်လည်ကြည့်ရှုအားပေး သည်။ 


မြန်မာ့ဆိပ်ကမ်း   အာဏာပိုင်သည်    လက်ရှိ အသုံးပြုလျက်ရှိသည့်  တွန်းဆွဲရေယာဉ်များထက် စက်စွမ်းအားနှင့် နည်းပညာအရ သာလွန်ကောင်းမွန် သည့်  တွန်းဆွဲရေယာဉ်အသစ်  နှစ်စင်းကို   စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၆၃ သန်းဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ သည်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်) အစည်း အဝေးခန်းမ၌ ကိုဗစ် -၁၉ ရောဂါ သတ်မှတ်ချက်များ နှင့်အညီ   ကျင်းပပြုလုပ်သည့်  ၂၀၂၁  ခုနှစ်  ကမ္ဘာ့ ပင်လယ်ရေကြောင်းနေ့   အခမ်းအနားသို့    တက် ရောက်သည်။ 


အဆိုပါ    အခမ်းအနားသို့    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရေကြောင်းဘက်ဆိုင်ရာ   ပြည်တွင်းပြည်ပ  အဖွဲ့ အစည်းများဖြစ်သော   International   Maritime Organization (IMO) Consultant ၊ International Maritime Law Institute (IMLI) ၊ India Ocean MoU    အတွင်းရေးမှူးချုပ်ရုံး၊   အရှေ့တောင်အာရှ ပင်လယ်ပြင်   ညစ်ညမ်းမှု   ကာကွယ်တားဆီးရေး ကိုယ်စားလှယ်   (IMO-IPECA   GISEA ၊  အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ရေကြောင်းဌာနများမှ တာဝန်ရှိ သူများ၊      အမေရိကန်နိုင်ငံနှင့်      ဖိလစ်ပိုင်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များ၏   ကိုယ်စားလှယ်များ၊ Oil Spill Response Limited (OSRL) တို့မှ တာဝန် ရှိသူများ ၊ ဆွီဒင်နိုင်ငံ World Maritime University မှ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း  နိုင်ငံပေါင်း  ၂၀  မှ ကိုယ်စားလှယ် ၅၆ ဦး  Virtual  Platform  ဖြင့် ပါဝင်တက်ရောက်ကြသည်။ 


အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပ


အခမ်းအနားတွင်      ပြည်ထောင်စုဝန်ကြီးက  ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် အခမ်း အနားများအား   အပြည်ပြည်ဆိုင်ရာ  ရေကြောင်း အဖွဲ့ချုပ်   (IMO)  မှ  ကြီးမှူး၍   ရေကြောင်း  ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ရေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ် များအပေါ် အထူးဂရုပြုဆောင်ရွက်လာနိုင်စေရေး အတွက် အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပကြပြီး  မြန်မာနိုင်ငံအနေဖြင့်လည်း   ယနေ့တွင်  လက်တွဲ ပါဝင်ကျင်းပခြင်းဖြစ်ပါကြောင်း၊  ၂၀၂၁ ခုနှစ်  ကမ္ဘာ့ ပင်လယ်ရေကြောင်းနေ့   အထိမ်းအမှတ်ဆောင်ပုဒ် သည် “ရေကြောင်းကဏ္ဍ အနာဂတ်၏ ဗဟိုချက်သည် ပင်လယ်ကူးသင်္ဘောသားများဖြစ်သည် (Seafarers: at the core of shipping’s future)” ဟူ၍ ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက  အဖွဲ့ဝင်နိုင်ငံများကို သင်္ဘောသားများအား အဓိက ကျသော    လုပ်သားများအဖြစ်    သတ်မှတ်ပေးရန်၊ သင်္ဘောမှဆင်း၍    ၎င်းတို့၏        မိခင်နိုင်ငံများသို့    ပြန်ခွင့်ပြုရေး     အထောက်အပံ့များ     ပေးရန် တိုက်တွန်းခဲ့ပါကြောင်း၊ လက်ရှိအချိန်အထိ မြန်မာ သင်္ဘောသား ၁၀၀၀၀ ကျော်ကို သင်္ဘောအတက်၊ အဆင်း  ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊  နိုင်ငံခြား သင်္ဘောသားများနှင့် ရေကြောင်းကဏ္ဍမှ ပုဂ္ဂိုလ်  များအတွက်    ကျန်းမာရေး  စောင့်ရှောက်မှုပေးခြင်း ကို   ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊   ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဒုက္ခများအကြား ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှုကို    လုံခြုံချောမွေ့စွာ     ပို့ဆောင်ပေးနေ သည့်     ပင်လယ်ကူး   သင်္ဘောသားများကိုလည်း ချီးကျူး ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။ 

သတင်းစဉ်