မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ၁၁ ရာခိုင်နှုန်းအထိ လျော့နည်းလာသည်ကို တွေ့ရှိရ

 

မကွေး စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး Corona- virus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃၂/၂၀၂၁)ကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်း ဒေသကြီးဝန်ကြီးချုပ် က ပြည်သူလူထု၏ မျက်ခြည် မပြတ် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ပိုးတွေ့ မှုရာခိုင်နှုန်း ကျဆင်းလာသည်ကို တွေ့ရှိရ ကြောင်း၊ ယမန်နေ့အထိ မကွေးတိုင်းဒေသကြီး အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိမှု ၁၁ ရာခိုင်နှုန်းအထိ လျော့နည်း လာသည်ကို တွေ့ရှိရကြောင်း၊ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များ အရှိန်အဟုန်မပျက် ပိုမို ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးတွင်လည်း အောက်ဆီ ဂျင်စက်ရုံများ တည်ဆောက်ခဲ့ ပြီး အောက်ဆီဂျင်ထုတ်လုပ်မှုကို မြို့နယ်အချို့ စတင်လည်ပတ် ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်သည့် အတွက် တိုင်းဒေသ ကြီးအတွင်းမှ ကိုဗစ်လူနာများ၏ အောက်ဆီဂျင် လိုအပ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေ အနေများ၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုနှင့်ပတ်သက်၍ စာရင်းဇယား များ စနစ်တကျ ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်း ပူးပေါင်းကာ ပိုမိုလုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ် ထားသည့် ကော်မတီဝင်များ၊ မကွေးတပ်နယ်မှူးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ ကြသည်။

ယင်းနောက် တာဝန်ရှိသူ များ၏ တင်ပြဆွေးနွေးမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အချိန်နှင့် တစ်ပြေးညီ လိုက်နာဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။

ကိုအောင်