
ကန့်ဘလူ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူ မြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်စမ်းသပ် ထုတ်လုပ်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့အား အောက်ဆီဂျင်စက်ရုံမှ တာဝန်ရှိသူများက စက်တပ်ဆင် ထားရှိမှုအခြေအနေ၊ အောက်ဆီဂျင်ထုတ်လုပ်မှု အခြေအနေ၊ စက်စွမ်းအားပြည့်ထုတ်လုပ်ပါက အောက်ဆီဂျင်ရရှိနိုင်မှုအခြေအနေကို ရှင်းလင်း တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ် သည်များကို မှာကြားခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်သည် ကျပ်သိန်း ၁၄၀၀ တန်ဖိုးရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့က ထောက်ပံ့ပေးထားကြောင်း၊ အောက်ဆီဂျင် စက်ရုံ (၂၅x၃၅x၁၂) ပေ Steel Structure၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် လျှပ်စစ်မီးကြိုးများ သွယ်တန်းခြင်းတို့အတွက် ဒေသခံအလှူရှင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ ဆရာတော်၊ သံဃာတော်များ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံမှ တစ်နာရီလျှင် လီတာ ၄၀ဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံး ထုတ်လုပ်နိုင်ပြီး စက်စွမ်း အားပြည့်ထုတ်လုပ်ပါက လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး ၁၅၀ မှ ၁၈၀ ထိထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်း များနှင့် ဒေသတွင်းပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်ကို လုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)