မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမည့်ဝါဧက ၁ ဒသမ ၈ သိန်းအတွက် ဝါမျိုးကောင်းမျိုးသန့်များ လုံလောက်မှုရှိ

မန္တလေး  စက်တင်ဘာ  ၂၃


မန္တလေးတိုင်းဒေသကြီး    ဝါသီးနှံဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ဝါမျိုးကောင်းမျိုးသန့်များ   လွှမ်းခြုံနိုင်ရေးအတွက် ရည်ရွယ်၍    ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို       စက်တင်ဘာ ၂၁ နံနက်ပိုင်းက မိတ္ထီလာခရိုင်၌  ကျင်းပသည်။


ညှိနှိုင်းဆွေးနွေး


အဆိုပါ  ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ဝါနှင့်လျှော်မျှင်ထွက်သီးနှံ ဌာနခွဲ(ရုံးချုပ်)မှ   ညွှန်ကြားရေးမှူး၊  မန္တလေး တိုင်းဒေသကြီး   စိုက်ပျိုးရေးဦးစီးဌာနမှ  ဒုတိယ တိုင်းဦးစီးမှူးနှင့်   ခရိုင်၊    မြို့နယ်ဦးစီးမှူးများ၊ခြံတာဝန်ခံများ၊       ဝါစိုက်တောင်သူများနှင့်  လုပ်ငန်းရှင်စုစုပေါင်း ၄၇ ဦး တက်ရောက်ဆွေးနွေး ခဲ့ကြောင်း၊ တက်ရောက်လာသူများက   ခိုင်မာသည့် ဝါဈေးကွက်များရရှိရေး၊  အထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်သော    ဝါမျိုးကောင်းမျိုးသန့်များ   ရရှိ စိုက်ပျိုးနိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 


ထို့ပြင်   မန္တလေးတိုင်းဒေသကြီး   ဒုတိယ တိုင်းဦးစီးမှူး ဦးစိုင်းသန်းအောင်က ယခုနှစ်မိုးနှောင်း တွင် တိုင်းဒေသကြီးအတွင်း ဝါအထူးဇုန်ဧက ၂၇၈၂ ရှိပြီး ရုံးချုပ် Quick Win အစီအစဉ်ဖြင့် ၄၇၅ ဧက ပံ့ပိုးထားသဖြင့် ၂၀၂၂-၂၀၂၃ မိုးတွင် စိုက်ပျိုးမည့်ဧက ၁ ဒသမ ၈ သိန်းအတွက် ဝါမျိုးကောင်းမျိုးသန့်များ လုံလောက်မှုရှိမည်ဖြစ်ကြောင်း၊ ဝါစိုက်တောင်သူ အသင်းအဖွဲ့များ  သမဝါယမအသင်းများ၊  မျိုးစေ့ထုတ် တောင်သူအသင်းများ  ဖွဲ့စည်းနိုင်ရေး  အလေးထား ဆောင်ရွက်ရန်  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။                

 မင်းထက်အောင်(မန်းကိုယ်ပွား)