
ပွင့်ဖြူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် စက်တင် ဘာလဆန်းပိုင်းက နေ့စဉ်မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုး ရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံ တွင် မိုးရေဝင်ရောက်မှုများပြီး တမံရေပိုလွှဲမှ သုံး ပေခွဲခန့်အထိ ရေကျော်ကျမှုများရှိခဲ့ကာ ယခုအခါ မိုးရွာသွန်းမှုရပ်တန့်သွားပြီဖြစ်၍ တမံရေပိုလွှဲမှ ရေကျော်ကျမှု တဖြည်းဖြည်း လျော့နည်းကျဆင်း လာပြီး ယနေ့နံနက် ၆ နာရီတွင် တမံရေပြည့်မှတ် ဖြစ်သည့် ပေ ၃၄၀ အထက် တမံရေပိုလွှဲမှ ၂ ဒသမ ၈ ပေခန့်သာ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။
“ပြီးခဲ့တဲ့ရက်တွေက တမံရေပိုလွှဲမှ သုံးပေခွဲခန့် ရေကျော်ကျမှုတွေရှိခဲ့လို့ အရေးပေါ်အခြေအနေ အဆင့်(၁) သတ်မှတ်ပြီး အစိမ်းရောင်အလံစိုက်ထူ ပြီး တမံအောက်ဘက်ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ကြိုတင်အသိပေးနှိုးဆော်ထားရှိခဲ့ပါတယ်။ ခုတော့ မိုးရွာသွန်းမှုက ရပ်တန့်သွားပြီဖြစ်လို့ ရေကျော်ကျမှုလည်း တဖြည်းဖြည်း လျော့နည်း ကျဆင်းသွားပါပြီ။ ဒီနေ့နံနက် ၆ နာရီ တိုင်းထွာရာမှာ တမံရေပြည့်မှတ်ဖြစ်တဲ့ ပေ ၃၄၀ အထက် ရေပိုလွှဲက နေ ၂ ဒသမ ၈ ပေခန့်သာ ရေကျော်ကျမှု ရှိပါတော့ တယ်။ ဒါကြောင့် တမံရေပိုလွှဲ မှ ရေကျော်ကျမှုအနေနဲ့ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိတော့ပါဘူး” ဟု တာဝန်ခံက ပြောသည်။ တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်မှုအခြေအနေ ကို အများပြည်သူသိရှိနိုင်ရေးအတွက် အွန်လိုင်းမှ တစ်ဆင့်လည်း အသိပေးကြေညာထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မင်းဘူး ခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်နိုင်သည့် ဆည်တစ်ခုဖြစ်ကာ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိသော လျှပ်စစ် ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးလျက်ရှိသည်။ ထို့အပြင် မြို့နယ်အတွင်း ရှိ ဒေသခံတောင်သူများ နွေ ၊ မိုး ၊ ဆောင်း သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေ လွှဲဆည်သို့ ရေများပို့လွှတ်ကာ ဆည်ရေသောက် ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများကို စိုက်ပျိုး ရေနှင့် သီးနှံအောင်ရေ အလုံအလောက် ဖြန့်ဝေပေး နေသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် တမံတစ်ခုဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံ မှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)