
ဝါရှင်တန်ဒီစီ စက်တင်ဘာ ၂၃
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ အန်းဒရူး လေတပ်အခြေစိုက် စခန်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အိန္ဒိယနွယ်ဖွား အမေရိကန် ရွှေ့ပြောင်းနေထိုင်သူ များက ကြိုဆိုခဲ့ကြသည်။
မိုဒီက ၎င်းအား နွေးထွေးစွာ ကြိုဆိုခဲ့သည့် ဝါရှင်တန်ဒီစီရှိ အိန္ဒိယနွယ်ဖွား အမေရိကန် အသိုင်းအဝိုင်းကို ကျေးဇူးတင် ကြောင်း ပြောသည်။ အိန္ဒိယ နွယ်ဖွား ရွှေ့ပြောင်းနေထိုင်သူ များသည် မိမိတို့၏ ခွန်အားများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ကမ္ဘာ ပေါ်တွင် မည်ရွေ့မည်မျှ ထင်ရှား ကျော်ကြားသည်ကို ပြသခြင်း ဖြစ်ကြောင်း မိုဒီက ချီးကျူးလိုက် သည်။
လေကြောင်းခရီးရှည် သွား ရသည့်တစ်လျှောက် မိုဒီသည် လေယာဉ်ပေါ်တွင် ဖိုင်တစ်ထပ် နှင့် အလုပ်ရှုပ်လျက်ရှိကြောင်းကို တွစ်တာပေါ်တွင် တင်ထားသော ပုံများတွင် တွေ့မြင်နိုင်သည်။
၂၀၁၄ ခုနှစ် ဝန်ကြီးချုပ်ရာထူး ရရှိပြီးနောက် ခုနစ်ကြိမ်မြောက် အမေရိကန်ခရီးစဉ်တွင် ၎င်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိ များနှင့် အမေရိကန်နိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က လာရောက်ကြိုဆိုခဲ့ကြသည်။
၎င်း၏ အမေရိကန်ခရီးစဉ် အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ၎င်း၏ လက်ထောက် ကာမလာဟားရစ် နှင့် ပထမဆုံး တွေ့ဆုံသွားမည် ဖြစ်ကြောင်း မိုဒီက ပြောသည်။
ထို့အပြင် မိုဒီသည် ပွဲဦးထွက် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ လေးနိုင်ငံ လုံခြုံ ရေး ဆွေးနွေးဖက်အဖွဲ့(ကွဒ်) အစည်းအဝေးကိုလည်း တက် ရောက်မည်ဖြစ်ပြီး နယူးယောက် တွင်ပြုလုပ်မည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကိုလည်း တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
၎င်း၏ခရီးစဉ်သည် အင်ဒို-အမေရိကန်ဘက်စုံ ကမ္ဘာလုံး ဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးတက် အောင်မြင်ရန် အခွင့်အလမ်း ဖြစ်သလို ဂျပန်နှင့် သြစတြေးလျ နိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း တောင့်တင်းခိုင်မာစေမည် ဖြစ် သည်။
အိန္ဒိယတူဒေး