
နေပြည်တော် စက်တင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံး ဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ် ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၁ ခုမှ ငွေကျပ် တစ်သိန်းကျော်တန်ဖိုးရှိ အိမ်သုံး ဆေးဝါး ၁၅၆ မျိုး ရောင်းချပေးခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/ ၁၀၈) နေရာ၌လည်း ၂၈ ရက်အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် ခြောက်သောင်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း များ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများအသင်းတို့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်