နိုင်ငံရေးအစိုးရ မဟုတ်သော်လည်း ပကာသနကိုလျှော့ချကာ တိုင်းပြည်အတွက် လက်တွေ့အကျိုးရှိပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့်လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုအပ်

 

နေပြည်တော်  စက်တင်ဘာ  ၂၂


ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊   ဘဏ္ဍာရေးဆိုင်ရာကော်မရှင်  အတွင်း ရေးမှူး၊     စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်များက     Video   Conferencing   စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။


ဆွေးနွေးအတည်ပြု


ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား    ပြောကြားရာတွင်   ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်     အစည်းအဝေး     အမှတ်စဉ် (၁/၂၀၂၁) တွင်    ၂၀၂၁  ခုနှစ်၊   အောက်တိုဘာလ (၁) ရက်မှ   ၂၀၂၂  ခုနှစ်၊  မတ်လ (၃၁) ရက်အထိ (၆) လအတွက် ပြည်ထောင်စု၏အရအသုံး ခန့်မှန်း ခြေငွေစာရင်းနှင့်  ပြည်ထောင်စု၏  ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြု ကြရန် ဖြစ်ကြောင်း။


နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ(၂၆)ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင်  ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း။


မိမိတို့အနေဖြင့်   နိုင်ငံတော်၏  တာဝန်များကို ခေတ္တတာဝန်ယူ    ထိန်းသိမ်းခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရတစ်ရပ်အနေဖြင့်   ပြည်သူတို့၏ လူမှုစီးပွားဘဝများကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန် နိုင်ငံတော်၏ မူဝါဒများအဖြစ် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်  ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ထား ပြီးဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့်  မိမိတို့၏ မူဝါဒများကို  အကောင်အထည်ဖော်နိုင်ရန် ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကိုလည်း ကောင်းမွန်ထိရောက် အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု  (Public Financial Mana-gement) စနစ်ဆိုသည်မှာ နိုင်ငံတော်၏ ရငွေများ၊ အခွန်အကောက် စနစ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များ၊ ကြွေးမြီစီမံခန့်ခွဲမှုများ စသည်ဖြင့် စုပေါင်းပါဝင်သည့် စနစ်ပင် ဖြစ်ကြောင်း။ 


ထို့ကြောင့် မိမိတို့ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရငွေများ တိုးတက်ရရှိရေးအတွက်     ကြိုးပမ်းကြရမည်ဖြစ် ပြီး   အသုံးစရိတ်များကိုလည်း    ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ စနစ်တကျခွဲဝေသုံးစွဲ သွားကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် ၂၀၀၈  ခုနှစ်၊    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၁၀၀၊ ပုဒ်မခွဲ(ခ)ပါ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် အရ အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းများကို နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


ပြောင်းလဲပြင်ဆင်သတ်မှတ်


လယ်ယာစိုက်ပျိုးရေးကို   အခြေခံသည့်  မိမိတို့ နိုင်ငံအနေဖြင့် ဘဏ္ဍာရေးနှစ်သည် ဧပြီလမှ မတ်လ အထိ    သတ်မှတ်ခြင်းသည်    ပိုမိုသင့်လျော်မှုရှိခြင်း ကြောင့် ဘဏ္ဍာရေးနှစ်ကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေး နှစ်ကစပြီး   ဧပြီလ (၁) ရက်မှ  မတ်လ (၃၁) ရက် အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်သွားမည်ဖြစ်သည့် အတွက် ကူးပြောင်းချိန်အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ   (၆) လတာကာလအတွက်  ဌာန၊ အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း ကို ရေးဆွဲဆောင်ရွက်ရခြင်း ဖြစ်ကြောင်း။


မဖြစ်မနေသုံးစွဲနိုင်အောင် ဆောင်ရွက်


လက်ရှိကာလသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့်    နိုင်ငံတော်၏  စီးပွားရေးကို   ထိခိုက်ခဲ့ ရပြီး နိုင်ငံရေးအဖျက်အမှောင့် လုပ်ရပ်များကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသည့်အတွက်     နိုင်ငံတော်၏ ရငွေ၊ သုံးငွေများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အလွန်အရေးကြီးကြောင်း၊၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေး နှစ်တွင် အခွန်အကောက်ရငွေများ၊ အခြားရငွေများ ကို ကင်းလွတ်ခွင့်ပြုခြင်း၊ ရွှေ့ဆိုင်းပေးခြင်း အစရှိ သည့် ဖြေလျှော့ပေးခဲ့ရမှုများကြောင့် အခွန်ဝင်ငွေများ ကျဆင်းခဲ့ရသကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ၏ ဝင်ငွေလည်း ကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အသုံးစရိတ်များကို  ခြိုးခြံချွေတာ၍  စိစစ်သုံးစွဲကြ ရမည်ဖြစ်ပြီး သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များ ကိုမူ မဖြစ်မနေ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။


ငွေလုံးငွေရင်း    အသုံးစရိတ်များ   သုံးစွဲရာတွင် အမျိုးသားစီမံကိန်းဥပဒေနှင့်အညီ  (၆)လတာကာလ အတွင်း ပြီးစီးနိုင်မည့် ဆောင်ရွက်ဆဲ တည်ဆောက် ရေးလုပ်ငန်းများ၊ လုပ်ငန်းသစ်များ၊  မဖြစ်မနေလိုအပ် သည့် ပစ္စည်းဝယ်ယူခြင်းများကို ထိထိရောက်ရောက် ဖြစ်အောင် သုံးစွဲကြရန်လိုကြောင်း၊ (၆) လတာကာလ အတွက်သာဖြစ်သဖြင့် ရန်ပုံငွေသုံးစွဲနိုင်မည့် အချိန် ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းကျပ်ငွေဖြင့် ဝယ်ယူနိုင်သည့်ပစ္စည်းများကို ပြည်တွင်းကျပ်ငွေဖြင့်သာ ဝယ်ယူပြီး နိုင်ငံခြားသုံးငွေ သုံးစွဲမှုကို  တတ်နိုင်သမျှ  လျှော့ချရန်  မှာကြားလို ကြောင်း။


တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် အုပ်ချုပ် ရေးဆိုင်ရာ    အသုံးစရိတ်များထက်   ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်မည့်  လမ်း၊  ရေ၊  လျှပ်စစ်မီး အသုံးစရိတ်များ၊ ကုန်ထုတ်လုပ်မှုအသုံးစရိတ်များ၊ ပညာရေး၊   ကျန်းမာရေးဆိုင်ရာ   အသုံးစရိတ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များတို့ ကို ဦးစားပေးပြီး ထိထိရောက်ရောက် သုံးစွဲကြစေလို ကြောင်း။


ကျစ်ကျစ်လျစ်လျစ် သုံးစွဲ


ဌာန၊   အဖွဲ့အစည်းများအနေဖြင့်  (၆) လတာ ကာလအတွင်း ထိထိရောက်ရောက် အကျိုးရှိရှိသုံးစွဲ နိုင်မည့် အသုံးစရိတ်များကိုသာ ဘဏ္ဍာငွေ အလေ အလွင့် မရှိစေဘဲ   ကျစ်ကျစ်လျစ်လျစ်  သုံးစွဲကြရန် မှာကြားလိုကြောင်း၊  ထိုသို့  ဆောင်ရွက်သည့်အခါ တွင် နိုင်ငံတော်၏ ဘဏ္ဍာရေး မူဝါဒ၊ စီမံကိန်းမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒအစရှိသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများက  အကောင်အထည်ဖော်  ဆောင်ရွက်ကြ ရန် နှင့်      တိုင်းဒေသကြီးနှင့်     ပြည်နယ်များကလည်း ဒေသန္တရစီမံကိန်းများဖြင့် အထောက်အကူပြု ဆောင် ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြား သည်။


ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန၊    အဖွဲ့အစည်းများမှ  တင်ပြလာသော အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့် ဆောက်လုပ် ရေးလုပ်ငန်း    စိစစ်ညှိနှိုင်းရေးအဖွဲ့၊   စက်ပစ္စည်း ကြီးကြပ်မှုကော်မတီ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ မှ   ငွေလုံးငွေရင်းအသုံးစရိတ်များကို  အသေးစိတ် စိစစ်ခဲ့မှုအခြေအနေများ၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့မှ    တာဝန်ရှိသူများနှင့်    ချိတ်ဆက် တွေ့ဆုံပြီး ဘဏ္ဍာငွေ အရအသုံးလျာထားချက်များ  စိစစ်ခဲ့မှု၊ ယခင်ခန့်မှန်းခြေစာရင်းများအပေါ် အခြေခံ ၍ ယခု (၆)လအတွက် လျာထားသည့် ရငွေ၊ သုံးငွေ များကို စိစစ်ခဲ့မှုအခြေအနေများ၊ ယာယီရပ်ဆိုင်း ထားသော   နိုင်ငံပိုင်စက်ရုံများကို   မူဝါဒနှင့်အညီ ပြန်လည်လည်ပတ်နိုင်ရေးအတွက် အသုံးစရိတ်များ  လျာထားပေးခဲ့မှု   အခြေအနေများ၊     သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက်    အရေးပေါ်ရန်ပုံငွေလျာထားပေးခဲ့မှု အခြေအနေများ၊   ပြည်သူများ၏  လိုအပ်ချက်များ ကို   ပိုမိုဖြည့်ဆည်းပေးနိုင်ရန်  တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့  ထောက်ပံ့ငွေများ တစ်နှစ်ထက် တစ်နှစ်   ပိုမိုထောက်ပံ့ပေးနိုင်ခဲ့မှုနှင့်  ယခု (၆)လအ တွက် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်း အချုပ်အခြေအနေများကို  ဆွေးနွေးပြောကြားသည်။


ယင်းနောက်     ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ     (၆)လအတွက်  ပြည်ထောင်စု၏  အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ လမှ     ၂၀၂၂ ခုနှစ်    မတ်လအထိ    (၆)လအတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍      ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က   ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကို အကြံပြုဆွေးနွေးတင်ပြသည်။


အခွန်ငွေပြည့်ပြည့်၀ဝ ရရှိမည်


ယင်းနောက်   ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍    အစိုးရတစ်ရပ်အနေဖြင့်   တိုင်းပြည် သာယာ၀ပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်ရကြောင်း၊ တစ်ဖက်ကလည်း ကုန်ထုတ် လုပ်မှုတိုးတက်ရေးနှင့်  ဖွံ့ဖြိုးရေးအပိုင်းကို ဆောင် ရွက်ရကြောင်း၊ ငွေကြေးကိစ္စနှင့်စပ်လျဉ်း၍ ဝင်ငွေ ရှာဖွေရာတွင်     ပြည်ထောင်စု၊    တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်      ထုတ်ကုန် တိုးတက်မြင့်မားရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှု  တိုးတက်ပြီး   ပြည်သူများ  ဝင်ငွေ ရရှိမှသာ အခွန်ငွေပြည့်ပြည့်၀ဝ ရရှိမည်ဖြစ်ကြောင်း။ 


စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး လည်ပတ်မှုရှိရန် လိုအပ်ကြောင်း၊ ရငွေသုံးစွဲမှုအပိုင်း တွင်  စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှု လုပ်ငန်းများအတွက်  အဓိကသုံးစွဲရကြောင်း၊  မိမိ နိုင်ငံသည်  ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း အစိုးရ တာဝန်ယူရသည့်ကဏ္ဍများ များပြားကြောင်း၊ အခွန် ပေးဆောင်ရန်အတွက် ထုတ်လုပ်သူများအနေဖြင့် တာဝန်သိရန် လိုအပ်ကြောင်း၊ ကြွေးမြီသက်သာခွင့် နှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်း ပြု၍ ရှောင်ရှားနေသူများရှိကြောင်း၊ အခွန်ငွေရရှိမှု လျာထားရာတွင်     အမှန်တကယ်    ရရှိနိုင်မည့် လမ်းကြောင်းများကို   သိရှိရန်   လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် အခွန်ရငွေနှင့် အခွန် နှုန်းများကို     ခေတ်ကာလနှင့်    လျော်ညီအောင် ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းသည် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေလို၍ မဟုတ်ဘဲ ပြည်သူအပေါ် ဝန်ဆောင်မှုဆောင်ရွက် နိုင်ရန်အတွက်    ရသင့်ရထိုက်သည့်   အခွန်ငွေများ ရရှိရန်သာဖြစ်ကြောင်း။


တိုင်းဒေသကြီးနှင့်    ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွင့်ပြုရန်ပုံငွေများကို ပြည်သူလူထုအတွက် အသုံးပြုရန်လိုအပ်ကြောင်း၊ မိမိတို့သည် နိုင်ငံရေး အစိုးရ မဟုတ်သော်လည်း ပကာသနကို လျှော့ချကာ တိုင်းပြည်အတွက် လက်တွေ့အကျိုးရှိပြီး ပြည်သူ လူထုကို တိုက်ရိုက်အကျိုးပြုမည့် လုပ်ငန်းများကို ဆောင်ရွက်သွားရန်    လိုအပ်ကြောင်း၊     မိမိတို့ ဆောင်ရွက်မှုများသည် အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။


အကျိုးရှိရှိဆောင်ရွက်


တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်သင့်ရာ မလုပ်ဆောင်ကြရန်နှင့်   သတ်မှတ်စည်းမျဉ်းများ အတိုင်းသာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းသို့ မသမာမှုများသည် တိုင်းပြည်အတွက် များစွာနစ်နာ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက် ရာတွင် ခေတ်နှင့်လျော်ညီပြီး ကောင်းမွန်ရန် လိုအပ် ကြောင်း၊ ရရှိသည့်ဘဏ္ဍာငွေကို အကျိုးရှိရှိ အသုံးချ ရန်နှင့်   မလိုအပ်သည့်ပစ္စည်းများ  ဝယ်ယူခြင်းများ မပြုလုပ်ကြရန်  လိုအပ်ကြောင်း၊  သို့မှသာ  မိမိတို့ တာဝန်ယူရသည့်ကာလအတွင်း တိုင်းပြည်အတွက် အကျိုးရှိရှိ   ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။


ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က  နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် ယနေ့အစည်းအဝေးတွင်  အတည်ပြုနိုင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ (၆) လအတွက် ပြည်ထောင်စု ၏      အရအသုံးခန့်မှန်းခြေ   ငွေစာရင်းအပါအဝင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့ကို      ဘဏ္ဍာရေးဆိုင်ရာ    ကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အိမ်စောင့်အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်ပေးပို့ တင်ပြပြီး ဥပဒေပြဋ္ဌာန်းပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။


စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို   အခြေခံသည့် လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်လာစေရေး၊   စက်ရုံ၊ အလုပ်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင် ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို  အခြေခံသည့်ထုတ်ကုန်များ  အရည် အသွေးပြည့်မီရေးနှင့်    ဈေးကွက်ရရှိရေးအတွက် သုတေသနလုပ်ငန်းများကိုလည်း  စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ပညာရေး၊ ကျန်းမာရေးတို့နှင့်   ပတ်သက်၍   နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ မြင့်မားလာစေရန် ပြည်သူ များ၏       ပညာရည်မြှင့်တင်ရေး၊     ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာ ရေးတို့အတွက်လည်း   ဆောင်ရွက်ပေးရန်  လိုအပ် ကြောင်း။ 


ပြည်ထောင်စုဝန်ကြီးဌာနများနှင့်  တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဌာနအတွက် အသုံးစရိတ်များထက်   ပြည်သူလူထုကို  တိုက်ရိုက် အကျိုးပြုနိုင်သည့်  ပညာရေး၊  ကျန်းမာရေး၊  လူမှု ကာကွယ် စောင့်ရှောက်ရေး၊ လျှပ်စစ်မီး၊ လမ်းတံတား၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊     သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးစသည့် လုပ်ငန်း များကို ဦးစားပေး၍  ထိထိရောက်ရောက်  သုံးစွဲကြ စေလိုကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အသုံးစရိတ်များကို ယခင်ဘဏ္ဍာရေးနှစ် ၂၀၂၀-၂၀၂၁ တွင်လည်း သုံးစွဲခဲ့ သကဲ့သို့    ယခု  (၆)  လ  ဘဏ္ဍာရေးနှစ်တွင်လည်း ဆက်လက်လျာထား သုံးစွဲရန် ခွင့်ပြုထားပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေကိုလည်း လိုအပ် သလို ထပ်မံဖြည့်တင်းပေးနိုင်စေရန် စီစဉ်ဆောင်ရွက် ပေးရန် လိုအပ်ပြီး ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ အသုံးစရိတ်လိုအပ်ချက်များအတွက် ယခု (၆) လ ဘဏ္ဍာရေးနှစ်တွင် အရေးပေါ်ရန်ပုံငွေကျပ် ၅၆ ဘီလီယံအပြင်  ကိုဗစ်-၁၉  ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေတစ်ရပ်ကိုလည်း ကျပ် ဘီလီယံ ၁၀၀ လျာထား၍ သုံးစွဲသွားနိုင်ရန် စီစဉ်ထားကြောင်း။


ပြည်ပချေးငွေ၊  ပြည်ပအကူအညီရငွေများနှင့် ပတ်သက်ပြီး   သက်ဆိုင်ရာဌာန၊  အဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်းများ၊ ပြည်ပ အကူအညီရငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်  သက်ဆိုင်ရာ  နိုင်ငံ၊ အဖွဲ့အစည်းများနှင့်   ညှိနှိုင်းခြင်း၊  ဘတ်ဂျက်တွင် ထည့်သွင်းလျာထားခြင်း၊ ချေးငွေ၊ ထောက်ပံ့ငွေသစ် များရရှိက နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးပြု-မပြု၊  သက်သာမှု ရှိ-မရှိ၊  နှောင်ကြိုး ရှိ-မရှိတို့ကို စိစစ်ရယူခြင်း၊ ချေးငွေရယူထားမှုများအတွက်အရင်း၊ အတိုး  ပြန်လည်ပေးဆပ်မှုများကို  တာဝန်သိနိုင်ငံ တစ်ခုအဖြစ် မပျက်မကွက် ပြန်လည်ပေးဆပ်ခြင်း တို့ကို ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း။


စနစ်တကျစီမံခန့်ခွဲနိုင်ရမည်


နိုင်ငံတော်တွင် ကိုယ်ပိုင်ဘဏ္ဍာငွေ တောင့်တင်း ခိုင်မာလာပါက ပြည်ပချေးငွေရယူရမှုလည်း နည်းပါး လာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေ တောင့်တင်းခိုင်မာ ရေးအတွက် အခွန်အကောက်ရငွေများ ပြည့်ပြည့်ဝဝ ရရှိရေးနှင့် သဘာဝသယံဇာတကဏ္ဍမှ ရရှိငွေများ၊ နိုင်ငံပိုင်  ရင်းနှီးမြှုပ်နှံမှုများမှ  ရရှိငွေများ၊  နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံတော်သို့ ထည့်ဝင်ငွေ များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍ၊ သမဝါယမကဏ္ဍတို့ကို  ဘက်စုံဖွံ့ဖြိုးတိုးတက်လာ စေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အတွက် အသုံးစရိတ်ကို အတတ်နိုင်ဆုံးချွေတာ ခြင်း၊ ပကာသနများ မပြုလုပ်ခြင်းနှင့် ရသင့်ရထိုက် သည့်  အခွန်များရရှိအောင်  ဆောင်ရွက်ခြင်းသည် တိုင်းပြည်ဘဏ္ဍာရေး  အားကောင်းမှုကို  များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။


နိဂုံးချုပ်အနေဖြင့် ယခုခွဲဝေပေးထားသော အသုံး စရိတ်ရန်ပုံငွေများဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ဖော်ဆောင်နိုင်ရန် မိမိတို့ ကျရာကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေး ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။ 


သတင်းစဉ်