
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာများအထိ သတ်မှတ်စုရပ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန် လာသည့်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
ဒေါ်နန္ဒာအောင်
(မန်နေဂျာ- လယ်ယာဖွံ့ဖြိုးရေးဘဏ်- ကျိုက်ထိုမြို့)
ရောဂါဘယ်လိုစဖြစ်လဲဆိုတော့ ရုံးက၀န်ထမ်း တွေ အများစုက ဖျားကြရင်း၊ အလုပ်လုပ်နေကြတော့ ကိုယ်ပါဖျားလာပါတယ်။ လူက မလှုပ်ချင်တော့ဘူး၊ အနံ့ပါ ပျောက်လာတယ်၊ အစားလည်း မစားချင်ဘူး၊ ထမင်းစားတဲ့အခါမှာလည်း မနည်းမျိုချရတယ်၊ ရေနဲ့ ရောပြီး မျိုချရတယ်၊ ဒါပေမယ့် အစားကိုတော့ ၀င်အောင်စားမှ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်တဲ့ အတွက် ရအောင်စားတယ်။ ခုနစ်ရက်လောက် အနံ့ ပျောက်သွားတယ်၊ အနံ့ပြန်ရတဲ့အချိန်မှာ အားကမရှိ ဘူး၊ စားလို့လည်း မကောင်းသေးဘူး၊ ရေနွေးငွေ့ ရှူတယ်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ မနက်ပိုင်း မှာ ရေနွေး၊ ပျားရည်၊ ရှောက်ရည်ရောပြီး တစ်ဖန်ခွက် ကုန်အောင် သောက်တယ်၊ ထမင်းစား၀င်လာတယ်၊ မနက်မိုးလင်းရင် နေရောင်ခြည်လှုံတယ်။ စားစရာ ရှိတာစားပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တယ်၊ အသက်ကကြီးလို့လားမသိဘူး သူများတွေထက် ပိုခံစားရတယ်။ ဒါပေမယ့် ဆေးထိုးထားတဲ့အတွက် အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ခဲ့တယ်၊ ဆေးထိုးထားတော့ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိသွား တယ်။ ကျွန်မတို့လို ရောဂါအခံရှိတဲ့သူတွေက ရောဂါ ဟောင်းက ပြန်ထပြီး ပိုခံစားရတယ်၊ အဓိကက စိတ်ပါ၊ စိတ်ကိုလျှော့လိုက်တာနဲ့ အသက်ပါဆုံးရှုံးနိုင် တဲ့အတွက် စိတ်ကိုမလျှော့ပါနဲ့လို့ တိုက်တွန်းချင် ပါတယ်။
ဦးအောင်ထွေး
(အကြီးတန်းစာရေး- ဥပဒေရုံး၊ ကျိုက်ထိုမြို့)
ကိုဗစ်ရောဂါ ဘယ်လိုစဖြစ်လာလဲဆိုတော့ အလုပ်လုပ်တဲ့နေရာမှာ ပြင်ပလူတွေနဲ့ ဆက်စပ် ပြောဆိုရင်းကနေ ကူးစက်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ပြောဆိုချိန်တွေမှာလည်း နှာခေါင်း စည်းကတော့ အမြဲတပ်ထားတယ်။ ရောဂါစဖြစ်လာ တာကတော့ မဖျားဘဲ ထမင်းစားလို့မရဘူး ဖြစ်လာ တယ်။ ကိုဗစ်ဖြစ်တယ်လို့ မသိသေးဘူး။ အဲဒါနဲ့ ရေချိုးလိုက်တယ်။ နောက်နေ့လည်းကျရော ဖျားလာပါတယ်၊ ကိုယ်တွေပူတယ်၊ ထမင်းစား မရဘူး၊ ရင်ဘတ်အောင့်လာတယ်၊ ကျောအောင့်လာ တယ်၊ အသက်ရှူရတာ ကျပ်သလိုလိုဖြစ်လာတယ်။ အဲဒါနဲ့ပဲ စစ်ကြည့်လိုက်တာ ပိုးတွေ့သွားပါတယ်။ ဒါနဲ့ ကိုဗစ်လူနာတွေထားတဲ့ မြို့နယ်ခန်းမ Quaran-tine Centerမှာ နေရပါတယ်။ Center မှာကတော့ လူနာတွေချည်းပဲဆိုတော့ တစ်ဦးနဲ့တစ်ဦး ဖေးမပြီး အချိန်တန်ရင် ကောင်းသွားမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့် ကိုယ်ကိုယ် ကျန်းမာအောင်နေကြပါတယ်။ ကျန်းမာ ရေးစောင့်ရှောက်မှုအနေနဲ့ကတော့ အခြေအနေဆိုး တဲ့သူတွေကို မြို့နယ်ဆေးရုံကို ပို့ပေးပါတယ်။ ကျွန်တော်တို့ကတော့ ဖျားပြီးအနံ့ပျောက်ရုံလောက် ဆိုတော့ သောက်ဆေးလောက်နဲ့ အစားကို၀င်အောင် စားတယ်။ ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်တယ်၊ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တယ်။ ဒီလိုနဲ့ပဲ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ကာကွယ်ဆေးလည်း မထိုးထားတဲ့အတွက် ဆေးထိုး ထားတဲ့သူတွေထက်တော့ ပိုခံစားရပါတယ်။ ဒီလို ရောဂါခံစားရတဲ့အချိန်မှာ စိတ်ဓာတ်မကျသွားဖို့ တော့ အကြံပြုတိုက်တွန်းချင်ပါတယ်။
ဒေါ်ကြည်ပြာ
(ဈေးရောင်း- တောင်သူစုရပ်ကွက်၊ ကျိုက်ထိုမြို့)
ကိုဗစ်ရောဂါ ဖြစ်လာတာကတော့ အမေ့ဆီက ကူးတာပါ။ အမေကဆေးခန်းပြလို့ ကိုဗစ်စစ်လိုက်တာ ပိုးတွေ့သွားတာနဲ့ မော်လမြိုင် Isolation-3 မှာ သွားနေရပါတယ်။ အစ်မက အမေ့ကို လိုက်ပြုစုရင်း ကူးစက်ခံရတာပါ။ ရောဂါခံစားရမှုကတော့ မျက်စိ တွေ ရဲပါတယ်။ ဘယ်လိုမှ မခံစားနိုင်အောင် မျက်ရည်တွေ အလိုလိုနေရင်း ကျလာပါတယ်။ ကိုယ်လည်း အလွန်ပူတယ်၊ အဖျားတက်လိုက် ပြန်ကျလိုက်ဖြစ်လာတယ်။ အဲဒါနဲ့ ဆရာ၀န်ကိုပြောပြ တဲ့အခါ အစ်မမှာ ပိုးရှိနေပြီဆိုတာ သိရပါတယ်။ ဆရာ၀န်ပေးတဲ့ဆေးတွေ သောက်တယ်။ ဒါပေမယ့် အသက်ရှူရတာ မောတယ်။ အောက်ဆီဂျင်ကျတဲ့ အထိတော့မဖြစ်ဘူး။ မောလာရင် တရားထိုင် တယ်၊ အစ်မက ကာကွယ်ဆေးမထိုးထားတော့ ထိုးထားတဲ့သူတွေထက် ပိုခံစားရပါတယ်။ အခုရောဂါ ဖြစ်ပြီးချိန်မှာတောင် အမောမခံနိုင်ဘူး၊ အားမရှိသလို ခံစားရတာတွေ ဖြစ်နေသေးတယ်။ ဒါကြောင့်မို့ ကာကွယ်ဆေးကို လူတိုင်း ထိုးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ တွေ့ဆုံမေးမြန်း-
သန်းသန်းမော်(ကျိုက်ထို ပြန်/ဆက်)