မီးရထားစက်ခေါင်း ငါးခေါင်းနှင့် လိုအပ်သော စက်ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူနိုင်ရေး လေ့လာကြည့်ရှု

နေပြည်တော်   စက်တင်ဘာ   ၁၉


စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက်  ၁၀ နာရီတွင်  နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က  အဖွင့်အမှာစကားပြောကြားပြီး   စက်ပစ္စည်း ကြီးကြပ်မှုကော်မတီသို့ တင်ပြလာသည့် အမှာစာများ အပေါ်  စိစစ်ဆောင်ရွက်ခြင်း၊  ရှေ့လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးမှာကြားသည်။


ကွင်းဆင်းကြည့်ရှု


ဆက်လက်၍ အမှာစာတွင် တင်ပြဆွေးနွေးခဲ့ သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန က 1200 HP စက်ခေါင်း ငါးခေါင်း တည်ဆောက်ခြင်း အတွက် လိုအပ်သော ပစ္စည်းများကို ဝယ်ယူခွင့်ပြုရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအတွင်းရှိ မီးရထားစက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့      ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။


ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ မီးရထား စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ခဲ့သည့် အခြေအနေ၊ တပ်ဆင် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ      ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည့် တတိယ အကြိမ်   စက်ပစ္စည်းကြီးကြပ်မှုကော်မတီ    ညှိနှိုင်း အစည်းအဝေးတွင် တင်ပြခဲ့သည့် 1200 HP Caterpillar အမျိုးအစား မီးရထားစက်ခေါင်း ငါးခေါင်းနှင့် လိုအပ် သော စက်ပစ္စည်းအစိတ်အပိုင်းများ  ဝယ်ယူနိုင်ရေး အတွက် လာရောက် လေ့လာကြည့်ရှုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ “ပြည်ထောင်စု အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနတွင် ရှိသည့် သက်တမ်းလွန်နေသော ဆီတွဲ၊ မီးရထားတွဲ၊ မော်တော်ယာဉ်များအား ပြင်ဆင်ပြီး အသုံးပြုရန်နှင့် ပြင်ဆင်၍မရပါက ဆောလျင်စွာ လုပ်ထုံးလုပ်နည်း များနှင့်အညီ စာရင်းရှင်းလင်းနိုင်ရေး ဆောင်ရွက်သွား ရန်”  လမ်းညွှန်ထားသဖြင့်    အထူးအလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ပစ္စည်း ကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ ဝန်ကြီးဌာနများရှိ မော်တော်ယာဉ်၊ မီးရထား၊ ရေယာဉ်၊ လေယာဉ်အပါအဝင် စက်ပစ္စည်း များ၏ အင်အားကို အကျိုးရှိထိရောက်စွာ အသုံးပြု နိုင်ရေးအတွက် စိစစ်သတ်မှတ်ခြင်းနှင့် လိုအပ်သည့် မူဝါဒနှင့်  လမ်းညွှန်ချက်များ    ချမှတ်ပေးလျက်ရှိ  ကြောင်း၊ စက်ရုံမှထုတ်လုပ်သည့် စက်ပစ္စည်းများကို စက်စွမ်းအားပြည့် အသုံးပြုနိုင်အောင် စီမံဆောင်ရွက် ရန်၊   လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊  ရှိပြီး နည်းပညာများ  ပျောက်ပျက်မှုမရှိစေရေး  ဆင့်ပွား သင်တန်းများ ပြုလုပ်ပေးရန်၊ နည်းပညာကောလိပ်၊ တက္ကသိုလ်များတွင် မီးရထားနှင့် ဆက်နွှယ်ပတ်သက် သည့် ဘာသာရပ်များ ထည့်သွင်းသင်ကြားနိုင်ရေး စီမံဆောင်ရွက်ရန် အကြံပြုလိုကြောင်း  မှာကြား သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မီးရထား စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်း စဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေး ကြည့်ရှုခဲ့ ကြောင်း သိရသည်။    

    
                 

 သတင်းစဉ်