သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းတွင် မျိုးသုဉ်းလုနီးပါးရှိနေသော ရေငန်မိကျောင်းများကို ထိန်းသိမ်းကာကွယ်ထား

 

ရန်ကုန်    စက်တင်ဘာ   ၁၉


ကမ္ဘာပေါ်တွင် မိကျောင်းမျိုးစိတ်၂၄ မျိုးရှိပြီး ရန်ကုန်မြို့ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် မြခွာညို  လမ်းတွင်ရှိသော မိကျောင်းထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းတွင်ရှိသည့် ရေငန်မိ‌ကျောင်း (ငမိုးရိပ် မိကျောင်း) လည်း အပါအဝင်ဖြစ်ရာ ထိုစခန်း၌ မျိုးသုဉ်းလုနီးပါးရှိနေသော ရေငန်မိကျောင်းများကို မွေးမြူ ထိန်းသိမ်းထားကြောင်း  သိရသည်။


ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ        လာရောက်ကြည့်ရှုလေ့လာရာ    မိကျောင်းမွေးမြူထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်း ကို   ယာယီပိတ်ထားပြီး  မျိုးသုဉ်းပျောက်ကွယ်လု မိကျောင်းမျိုးစိတ်တွင်ပါဝင်သော    မြန်မာ့ရေငန် မိကျောင်းများကို ဧရာဝတီတိုင်းဒေသကြီး မိန်းမလှ ကျွန်းနှင့်    ရန်ကုန်တိုင်းဒေသကြီးရှိ   သာကေတ မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းတို့တွင် မွေးမြူ ထိန်းသိမ်းထားခြင်းဖြစ်သည်။ ဧက ၄၀ ကျယ်ဝန်း သော အဆိုပါစခန်းတွင် တစ်ပေအရွယ်မှ ၁၀ ပေ အထက် မိကျောင်းကောင်ရေ ၅၉၂ ကောင် မွေးမြူ ထားပြီး ရေငန်မိကျောင်း( ငမိုးရိပ်မိကျောင်း) တစ်မျိုး တည်းကို    မွေးမြူထိန်းသိမ်းထားသော  စခန်း ဖြစ်သည်။


“လက်ရှိ မိကျောင်းအစာကျွေးတာနဲ့ သန့်ရှင်း ရေး လုပ်ဆောင်နေပါတယ်။  အပန်းဖြေလေ့လာမှု လည်း ပိတ်ထားတယ်။   မိကျောင်းတွေ  အစာအတွက် အလှူရှင်တွေတချို့လည်း   လာကြပါတယ်။  ဒီမှာ အကောင်ပေါက်ကစပြီး   အကောင်ကြီးအထိ  ၅၉၂ ကောင် ရှိတယ်။ သူတို့ရဲ့ကျန်းမာရေးနဲ့ အစာကိုတော့ ဒီကာလမှာ  ပိုပြီးဂရုတစိုက်လုပ်ရပါတယ်။   ရေငန် မိကျောင်းရှားပါးမျိုးစိတ်ဖြစ်တဲ့အတွက် ကျွန်တော် တို့နိုင်ငံအတွက်   ဂုဏ်ယူစရာပါ” ဟု သာကေတ    မိကျောင်းမွေးမြူထိန်းသိမ်း‌ရေး     စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး       ဦးမင်းမင်းက ပြောသည်။


မိကျောင်းမျိုးစိတ် ၂၄ မျိုးတွင် Crocodile မျိုး စိတ် ၁၄ မျိုး၊ Alligator မျိုးစိတ် ရှစ်မျိုးနှင့် Gavial မျိုးစိတ် နှစ်မျိုးတို့ပါဝင်ပြီး မြန်မာနိုင်ငံတွင် မိ‌ကျောင်း မျိုးစိတ်လေးခု ရှင်သန်လျက်ရှိသည်။ ဧရာဝတီတိုင်း ဒေသကြီး   ဘိုကလေးမြို့နယ်တွင်ရှိသော   ရေငန် မိကျောင်း(ငမိုးရိပ်မိကျောင်း)၊ တနင်္သာရီတိုင်းဒေသ ကြီး ဒီရေရောက်တောများတွင် တွေ့ရှိရသော ထိုင်း မိကျောင်း၊ ကုန်းတွင်းပိုင်းရေချိုဒေသ အင်း၊ အိုင်၊ မြစ်၊ ချောင်းများတွင် တွေ့ရှိရသော အင်းမိကျောင်းနှင့်  ရခိုင်ကမ်းရိုးတန်း ဒီရေ‌ရောက်တောတို့တွင် တွေ့ရှိရ သော ငါးထောင်ညှင်းဟုခေါ်ဆိုသည့် နှာခေါင်းရှည် မိကျောင်းမျိုးစိတ်လေးမျိုးတွင်   ရေငန်မိကျောင်း တစ်မျိုးတည်းသာ  ကျန်ရှိပြီး  ဘိုကလေးမြို့နယ်  မိန်းမလှကျွန်းနှင့်      သာကေတမိကျောင်းမွေးမြူ  ထိန်းသိမ်းရေးစခန်းတို့တွင် တွေ့ရှိရကာ မိန်းမလှ ကျွန်း သဘာဝထိန်းသိမ်းရေးနယ်မြေ၌ မိကျောင်း  ကောင်ရေ ၁၀၀ ခန့် နေထိုင်ကျက်စားလျက်ရှိသည်။


မြန်မာနိုင်ငံတွင်   တစ်မျိုးတည်းကျန်ရှိသော ရေငန်မိကျောင်း(Crocodylus porosus)မျိုးသုဉ်း ပျောက်ကွယ်ခြင်းမှ    ကာကွယ်ထိန်းသိမ်းနိုင်ရန်၊  ပြည်ပသို့     မိကျောင်းများ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် အများပြည်သူ အပန်းဖြေ ဗဟုသုတရှာမှီးနိုင်စေရန်ရည်ရွယ်၍ ၁၉၇၈ ခုနှစ် မေ ၂ ရက်တွင်   မိကျောင်းမွေးမြူရေးဌာနစုအဖြစ် စတင်ဖွင်လှစ်ခဲ့ပြီး      သာကေတ   မိကျောင်းမွေးမြူ ထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းအဖြစ် ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ရေငန်မိကျောင်းများ သက်တမ်းအားဖြင့် နှစ် ၇၀ မှ ၈၀ အထိနေထိုင်နိုင်ပြီး အမထက် အထီးများက အရွယ်အစားကြီးမားလေ့ရှိကာ   ပျမ်းမျှအားဖြင့် အထီးသည်  ၁၅ ပေခန့်၊   အမသည်  ၁၀ ပေခန့်အထိ ရှည်လျား၍ ဥအလုံးရေ ၂၀ မှ ၇၀ ခန့်အထိ ဥချလေ့ရှိ သည်။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ရှိနေသော   ရေငန်မိကျောင်းများကို    ရန်ကုန်မြို့   သာကေတမိကျောင်းမွေးမြူရေးစခန်းတွင် ဥအရွယ်မှ ၁၅ ပေခန့်အရွယ်အထိ  ရေငန်မိကျောင်း  (ငမိုးရိပ် မိကျောင်း) များကို   ဆက်လက်မွေးမြူထိန်းသိမ်း စောင့်‌‌ရှောက်လျက်ရှိကြောင်း သိရသည်။


ညိမ်းသူ (သတင်းစဉ်)၊ ‌ဓာတ်ပုံ - ကနူး