ပဲစင်းငုံ၊ နေကြာနှင့် မတ်ပဲသီးနှံ မျိုးသန့်မျိုးပွားမျိုးများ စိုက်ပျိုးထုတ်လုပ်

 

ကန့်ဘလူ    စက်တင်ဘာ    ၁၉


စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့နယ် မျိုးသန့်ခြံ၌ ကျေးလက်နေ     တောင်သူလယ်သမားများအတွက် ဒေသရေမြေရာသီဥတုနှင့်  ကိုက်ညီ ပြီး   သီးနှံအထွက်နှုန်း   ကောင်းမွန်သော   မျိုးသန့်မျိုးပွားမျိုးများကို ဖြန့်ဖြူးပေးသွားနိုင်ရန်    စိုက်ပျိုးထားသောသီးနှံများမှာ    အောင်မြင် ဖြစ်ထွန်းပြီး  မကြာမီရိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။


ကန့်ဘလူမျိုးသန့်ခြံ ကွင်းစခန်းအမှတ်( ၁)တွင် ပဲစင်းငုံ (မုံရွာ ရွှေဒင်္ဂါး) မျိုးစေ့အဆင့် (RS) မျိုးသန့်မျိုးပွားအဆင့် ဧက ၈၀ ၊ နေကြာ (ရေဆင်း- ၁)  ဧက ၃၀ ၊ မတ်ပဲ (ရေဆင်း- ၂)  ၂၉ ဧက စုစုပေါင်းမျိုးစေ့ ထုတ် ၁၃၉ ဧကကို မိုးသီးနှံလျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ   အောင်မြင် ဖြစ်ထွန်းပြီး မကြာမီရိတ်သိမ်းကာ မျိုးသန့်မျိုးပွားမျိုးအဆင့် ရရှိအောင် ဆောင်ရွက်ပြီးမှ ဒေသတောင်သူလယ်သမားများကို  ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း   မျိုးသန့်ခြံတာဝန်ခံထံမှ သိရသည်။


“ကျွန်တော်တို့  မျိုးသန့်ခြံက   တောင်သူများ လက်တွေ့နယ်ပယ်မှာ ဒေသနဲ့  လိုက်လျောညီထွေရှိတဲ့ အရည်အသွေးကောင်း သီးနှံမျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊     မျိုးစေ့အရည်အသွေး       ထိန်းသိမ်းခြင်း၊ ကိုဗစ်- ၁၉    ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ   နည်းပညာ သင်တန်းတွေ၊  ဆွေးနွေးပွဲတွေ၊ သရုပ်ပြပွဲတွေကျင်းပပြီး တောင်သူတွေကို   နည်းပညာ ပေးခြင်း၊   ဒေသနဲ့ကိုက်ညီပြီး  တောင်သူတွေအတွက်  စီးပွားရေး တွက်ခြေကိုက်မယ့် သီးနှံပုံစံတွေ ရှာဖွေဖော်ထုတ်ခြင်းတွေ ဆောင်ရွက် ပြီး  ပြောင်းလဲလာတဲ့   ရာသီဥတုနဲ့အညီ ဒေသရေမြေနဲ့   ကိုက်ညီတဲ့သီးနှံ တွေကို စိုက်ပျိုးတဲ့အခါမှာ အဆင်ပြေစေဖို့အတွက် ရည်ရွယ် ဆောင် ရွက်တာ ဖြစ်ပါတယ် ” ဟု ကန့်ဘလူ မျိုးသန့်ခြံတာဝန်ခံ ဦးစီးအရာရှိ ဦးခင်မောင်လင်းက ပြောသည်။


ကန့်ဘလူမျိုးသန့်ခြံ၌    ယာသီးနှံများကို  အဓိကထား  မျိုးစေ့ ထုတ်လုပ်ငန်း လုပ်ဆောင်ခြင်းဖြစ်ပြီး စိုက်ပျိုးနေသော   မျိုးများသည် ဒေသရေမြေရာသီဥတုနှင့်   ကိုက်ညီသော   မျိုးသန့်မျိုးပွားမျိုးစေ့များ ဖြစ်ပြီး    ကန့်ဘလူမြို့နယ်  ပတ်ဝန်းကျင်သည်     မိုးကောင်းသောက် လယ်ယာမြေများဖြစ်သဖြင့် ပဲစင်းငုံ၊ နေကြာ၊ မတ်ပဲ စသည့်သီးနှံများကို စိုက်ပျိုးရာတွင် ရေငတ်ခံနိုင်သော မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုး ခြင်းဖြင့် တောင်သူလယ်သမားများ၏သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ   ဝင်ငွေတိုးတက်ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။    


အောင်ဝင်းငြိမ်း (ကန့်ဘလူ)