
နမ္မတူ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာ ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ပိုင်းက အသက် ၆၀ နှင့်အထက် သက်ကြီးဘိုးဘွားများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးရာတွင် နမ္မတူမြို့ နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံလိုသည့် စာရင်းပေးသွင်းထားသူများထဲမှ အသက် ၆၀ နှင့်အထက် သက်ကြီး ဘိုးဘွားများအား ထိုးနှံပေးခြင်း ဖြစ်ပြီး ယခုအသုတ်တွင် ကာကွယ် ဆေး လူဦးရေ ၈၀ အတွက်ရရှိ သဖြင့် အသက် ၆၀ နှင့်အထက် သက်ကြီးဘိုးဘွား ၈၀ အား ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်း ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြု များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ မှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေ နီ သူနာပြုတပ်ဖွဲ့နှင့် ပရဟိတ အသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးလျက်ရှိ သည်။
နမ္မတူမြို့နယ်တွင် ဇွန် ၁၆ ရက်မှ ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၅၃၈ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရရှိသူ ၃၉၈ဦးရှိကာ ၁၆ ဦး သေဆုံးခဲ့ပြီး ဆေးကုသဆဲ ပိုးတွေ့လူနာ ၁၂၄ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။
လူမော် (ပြန်/ဆက်)