
နေပြည်တော် စက်တင်ဘာ ၁၈
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကို အခြေခံ၍ ၎င်းတို့ကို ထောက်ခံ အားပေးခြင်းမရှိသော အများပြည်သူ သေကျေ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက် ရှိရာ စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးကို အကြမ်းဖက်သောင်းကျန်းသူ လေးဦးခန့်က လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများအနေဖြင့် နိုင်ငံအပေါ်သစ္စာမဲ့၍ ဆရာဝန်ကျင့်ဝတ်ကို လျစ်လျူရှုကာ CDM ကြွေးကြော်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်းမရှိသဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများမှာ ဆိုးရွားမှုဖြစ်ပေါ်ခဲ့ရသည်။ ထိုအခြေအနေကို ထိန်းသိမ်းကုစားနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဆရာဝန်၊ သူနာပြု များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သော်လည်း ပြည့်စုံလုံလောက်မှုမရှိသဖြင့် ဒေသခံပြည်သူများ၏ တောင်းဆိုမှုအရ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ ဆရာဝန် ၂၀ နှင့် သူနာပြု ၇၀ တို့အား ဖြည့်ဆည်း၍ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိသည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန် လည်ပတ်မှု မပြုနိုင်စေရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားပျက်စီးကာ နယ်မြေဒေသတည်ငြိမ်မှုပျက်ပြားစေလိုသော ယုတ်မာသောရည်ရွယ်ချက် ဖြင့် ယခုကဲ့သို့ လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်း ဖြစ်ပြီး ဖြစ်စဉ်တွင် လူနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အဖျက်သမားများကို ဖော်ထုတ် ဖမ်းဆီး၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်