
ဖောင်းပြင် စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင် မြို့နယ်တွင် ဩဂုတ် ၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်ကာ ရေတိုက် စားမှုကြောင့် နန်းမခွင်ချောင်းနှင့် ခြင်္သေ့ချောင်းတစ်လျှောက်တို့၌ ပျက်စီးသွားသည့် တံတား ၁၀ စင်းအနက် နန်းမခွင်ချောင်းရှိ ရွှေညောင်ပင်- ကုန်းအောက် တောင်း ကျေးရွာချင်းဆက် တံတားအရှည်ပေ ၄၈၀ ၊ အကျယ် ၁၂ ပေ တံတားကို စုပေါင်း လှူဒါန်းမှုဖြင့် ဩဂုတ် ၁၆ ရက်က စတင်၍ ပြန်လည်ပြုပြင်ခဲ့ရာ ယခုအခါ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားကို အသုံးပြု သွားလာနေကြသည့် ကျေးရွာ ပေါင်း ၅၀ ကျော်မှအလှူရှင်များ၊ မြို့နယ်အတွင်း အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေစုစုပေါင်း ကျပ် သိန်း ၅၀ ကျော်ဖြင့် ပြုပြင်တည် ဆောက်ခဲ့ရာ ခံနိုင်ဝန် ၃ တန် ဝန်းကျင်အထိရှိကြောင်း တံတားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ ရွှေပုဂံကျောင်းတိုက်ဆရာတော် ဦးဇဝနထံမှ သိရသည်။
ယင်းတံတားကို ကျေးရွာ ပေါင်း ၅၀ ကျော်က အသုံးပြုနေ ရပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် တောင်သူ များ၏ လယ်ယာထွက်သီးနှံများ ဈေးကွက်သို့ ပို့ဆောင်ရသည့် ပင်မတံတားဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)