ကျောက်ဖြူမြို့ကျောက်တစ်လုံး IDPs စခန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယနေ့ဆက်လက်ထိုးနှံ

 

ကျောက်ဖြူ  စက်တင်ဘာ  ၁၈


ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့ရှိ   ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်ရှိပြည်သူများကို ယနေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပထမအကြိမ် ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ IDPs စခန်းသို့  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ    ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား စာရင်း မှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို ဆောင် ရွက်ပေးပြီး ကျောက်ဖြူမြို့နယ်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက  ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ   ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊  သွေးပေါင် ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက် ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေး များကို ထိုးနှံပေးသည်။ 


ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်    စပ်လျဉ်း၍ ကျောက်ဖြူမြို့  ကျောက်တစ်လုံး IDPs စခန်းနေ အာရှခါတူက“ အဒေါ်ရဲ့အသက်က ၅၉ နှစ်ရှိပါပြီ။ ဒီဆေးကာကွယ်ဆေးကို ထိုးထားတဲ့အတွက် ကိုဗစ် ရောဂါကို ကာကွယ်နိုင်တယ်။ သေဆုံးမှုလည်းလျော့နည်းနိုင်တယ်လို့     သိထားပါတယ်။    ဒါကြောင့်    ကာကွယ်ဆေးကို  လာရောက်ထိုးနှံတာဖြစ်ပါတယ်။ ဒီကျောက်တစ်လုံး IDPs  စခန်းကို  လာရောက်ပြီး တော့မှ  ဆေးထိုးပေးကြတဲ့  ကျန်းမာရေးဌာနက ဆရာ ဆရာမတွေရယ်၊  နိုင်ငံတော်   အကြီးအကဲ တွေကို    အထူးပဲကျေးဇူးတင်ပါတယ်။  ဝမ်းလည်း ဝမ်းသာမိပါတယ်။ကိုယ့်ကိုယ်ကိုယ်လည်း  ယုံကြည် မှု ရှိသွားပါတယ်။    နောက်ထပ်    ဒုတိယတစ်ကြိမ် ထိုးနှံတဲ့အခါမှာလည်း ဒီစခန်းမှာ နေတဲ့သူတွေကို လာ ရောက်ထိုးနှံကြဖို့ နှိုးဆော်ပေးသွားပါမယ်”  ဟု ပြောကြားသည်။ 
အဆိုပါ IDPs စခန်းတွင်  ခိုလှုံနေသူ ၁၀၀၈ဦး နေထိုင်လျက်ရှိပြီး စက်တင်ဘာ ၁၇ ရက်အထိ ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးသူ ၂၈၅ ဦးရှိကြောင်း ၎င်း IDPs စခန်းတာဝန်ခံထံမှ သိရသည်။ 


“ဒီ IDPs စခန်းထဲမှာ ခိုလှုံနေသူက ၁၀၀၈ ဦး နေထိုင်လျက်ရှိပါတယ်။  ကိုဗစ်ကာကွယ်ဆေးထိုး ထားပြီးတာကတော့   မတ် ၂၃ ရက်က  ကျောင်း ဝန်ထမ်း  ၁၆ ဦးနဲ့ ဧပြီ ၇ ရက်မှာ သူတို့မိသားစုဝင် ၁၂ ဦး၊ ပြီးတော့ သြဂုတ်လနဲ့ စက်တင်ဘာလမှာ အသက် ၆၅ နှစ်နှင့်အထက်ရှိတဲ့သူတွေကို  ထိုးနှံထား ပြီးဖြစ်ပါတယ်။ ယခုထိုးနှံကြမယ့်  အသက် ၁၈ နှစ်အထက်   စာရင်းရှိသူအနေနဲ့    ၆၄၀ ရှိပြီးတော့ စက်တင်ဘာ ၁၇ ရက်မှာ  ၂၃၄ ဦး လာရောက် ထိုးနှံခဲ့ကြပါတယ်။  ကျွန်တော့်အနေနဲ့  ပြောချင်တာ ကတော့  ဆေးထိုးခွင့်ရတဲ့အချိန်မှာ  စခန်းမှာရှိတဲ့ သူတွေအားလုံး လာရောက်ပြီး ထိုးနှံစေချင်တယ်။ထိုးနှံကြဖို့ကိုလည်း   ကျွန်တော်တို့အနေနဲ့  နှိုးဆော် ပေးလျက်ရှိပါတယ်။  ဒီကာကွယ်ဆေးကို ထိုးခွင့်ပေး တဲ့    နိုင်ငံတော်အကြီးအကဲကိုလည်း  အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု အဆိုပါ စခန်းတာဝန်ခံ ဦးမော်နီက ပြောသည်။  


အဆိုပါခိုလှုံရာစခန်းမှ    အသက်  ၆၅နှစ်နှင့် အထက်ရှိသူများကို    ဒုတိယအကြိမ်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးအား   သြဂုတ် ၄ ရက်မှစ၍ ထိုးနှံ ပေးထားပြီးဖြစ်ကာ ယခုအခါ  အသက်   ၁၈နှစ် အထက်ရှိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများကို စက်တင်ဘာ ၁၇ ရက်မှ စတင်ထိုးနှံပေးလျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းအထိ  ဆေးလာရောက်ထိုးနှံသူ  ၃၁၂ဦးရှိကြောင်း၊      ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန      တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 


     တင်ထွန်းဦး၊ ဓာတ်ပုံ- ဖြိုးဝေလင်း( ပြန်/ဆက်)