
နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ပပို့ကုန်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသည့် ကုန်ပစ္စည်း အရည်အသွေးစံချိန် စံညွှန်းများကို တိကျစွာလိုက်နာဆောင်ရွက်မှသာ ဈေးကွက်သေချာစေမည်ဖြစ်ပြီး မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်ကြမည်ဖြစ်သည်။
တရုတ်နိုင်ငံသို့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တင်ပို့ခြင်းနှင့် ပတ်သက်၍ ကုန်သွယ်မှုချောမွေ့စေရေးအတွက် နှစ်နိုင်ငံတာဝန် ရှိသူများ၏ ညှိနှိုင်းသဘောတူညီမှုများအရ တိရစ္ဆာန် အစာ ပြောင်းချဉ်ဖတ် တင်ပို့ခွင့် ထုတ်လုပ်တင်ပို့သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအတွက် မှတ်ပုံတင်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် သတ်မှတ်ပေးခြင်း၊ တင်ပြလျှောက်ထားလာသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ မှတ်ပုံတင်၍ တရုတ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဌာန (General Administration of Customs of China- GACC) သို့ ဆက်သွယ်ပေးပို့ခြင်း စသည့် လုပ်ငန်းစဉ် များကို စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အသိပေးကြေညာချက်များ ထုတ်ပြန်
ထိုသို့ဆောင်ရွက်ရာတွင် ပြောင်းချဉ်ဖတ် ထုတ်လုပ်ရန် စိုက်ပျိုးသူများလိုက်နာဆောင်ရွက် ရမည့်အချက်များ၊ တင်ပို့သူလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် တင်ပို့ရန်အတွက် ပိုးမွှားကင်းရှင်း ကြောင်း သက်သေခံလက်မှတ် (Phytosanitary Certificate, PC) လျှောက်ထားရာတွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေးဦးစီး ဌာနမှ ဆောင်ရွက်ပေးမည့် အချက်များကိုလည်း သက်ဆိုင်သူများသိရှိ၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပေးကြေညာချက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လိုအပ်ချက်များ ထုတ်ပြန်ပေးသွားမည်
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်ထုတ်လုပ်ရန် ပြောင်းစိုက်ပျိုးထုတ်လုပ်သူများ လိုက်နာဆောင်ရွက် ရမည့်အချက်များအဖြစ် စိုက်နည်းစနစ်ဆိုင်ရာနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာများတွင် လိုက်နာရန်အချက်များ၊ သွင်းအားစုနှင့် မျိုးဆိုင်ရာ သတ်မှတ်ချက်များ၊ စိုက်ကွင်းနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များပါဝင်ပြီး တင်ပို့သူလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် မှတ်ပုံတင်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင်၊ တင်ပို့ရာတွင် လိုက်နာရမည့် အချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များအပေါ် တိကျစွာလိုက်နာရန် လိုအပ်ချက်များကို အသေးစိတ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်