ပျဉ်းမနားတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ယခင်ထက်ပိုများလာ

 

ပျဉ်းမနား   စက်တင်ဘာ  ၁၆

 

နေပြည်တော်  ပျဉ်းမနားမြို့နယ်အတွင်းရှိ နာတာရှည်ရောဂါ ခံစားနေ ရသူများနှင့် မသန်စွမ်းသူများ အပါအဝင် အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြား အသက်ကြီးသူများအား  ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို    ထိုးနှံပေးလျက်ရှိရာ  ယခင်ထက် လာရောက် ထိုးနှံသူ ပိုမိုများပြားလာကြောင်း သိရသည်။


“ယခင် ကာကွယ်ဆေးထိုးနှံပေးတဲ့အချိန်တွေတုန်းက ဒီလောက်လူ မများဘူး။ ဒီနေ့ ကာကွယ်ဆေးလာထိုးတဲ့သူ တော်တော်များလာတာကို တွေ့ရတယ်။ ကာကွယ်ဆေးက ထိရောက်မှုရှိတယ်ဆိုတာကို ပြည်သူ တွေ လက်ခံလာကြတာတွေ့ရတော့ ကျွန်တော့်အနေနဲ့  ဝမ်းသာမိတယ်” ဟု ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။


ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး(ဆီနိုဖမ်း)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာ ခြင်း၊   အပူချိန်တိုင်းတာခြင်းနှင့်     ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။


ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉  ကာကွယ်ဆေးကို လူဦးရေ ၄၇၂၅ ဦး ထိုးနှံပေးပြီးဖြစ်ကာ ယခုအကြိမ်တွင် ၆၅၀၅ ဦး ထိုးနှံပေးမည် ဖြစ်ကြောင်း၊ ယခင်ကာကွယ်ဆေးထိုးနှံခွင့်ရရှိသူများထဲမှ   အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊  နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများ အား စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ အဆင့် အလိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


ဇော်ဖြိုး(ပြန်/ဆက်)