
အင်းတော် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ချောင်းရေများကြီးကာ ကားလမ်းပေါ် ရေကျော်သဖြင့် ကားများရပ်တန့်၍ စောင့်ဆိုင်း နေကြရကြောင်း သိရသည်။
ယမန်နေ့မှစ၍ ယနေ့နံနက်ပိုင်းအထိ အဆက်မပြတ် မိုးရွာသွန်းနေသဖြင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ် နန့်သဲကျေးရွာ အနီးရှိ နန့်သဲချောင်း ရေကြီးရေလျှံဖြစ်ကာ လမ်းပေါ်သို့ ရေကျော်နေသဖြင့် ကားကြီး ကားငယ်များအားလုံး ရေအကျတွင် ဖြတ်သန်း မောင်းနှင်နိုင်ရန် စောင့်ဆိုင်းနေကြရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနေရာကိုရောက်တာ တစ်နာရီကျော်ရှိပြီ။ ရေကမကျသေးဘူး။ ရေစီးသန်ပြီးတော့ ရေကတအားကြီးနေတာ ဘယ်လိုမှ ကားဖြတ်ကူးလို့ မရနိုင်ဘူး။ ရေအကျကိုစောင့်ပြီး ကူးရမှာပဲ။ ဘယ်အချိန် ရေကျမလဲမသိဘူး။ မိုးကတော့ ဆက်ရွာနေ တုန်းပဲ”ဟု ကားသမားတစ်ဦးကပြောသည်။
ချောင်းရေကြီးရေလျှံမှု ဖြစ်ပွား၍ လမ်းပေါ်တွင် ရေကျော်နေသော်လည်း လူ၊ တိရစ္ဆာန်များ၊ အိမ်နှင့် ပစ္စည်းများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
လှိုင်ဘွား (ဗန်းမောက်)