
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာနခွဲသို့ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့နှင့် ပတ်သက်၍ မေးမြန်း ထားသည်များကို တင်ပြလိုက်ပါသည် -
မေး ။ ။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာကျရောက်မယ့် ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေး အခမ်းအနားကို ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနက ဦးဆောင်ပြီးကျင်းပဖို့ရှိတယ် သတင်းကြားလို့ ဗဟုသုတအဖြစ် သိချင်လို့ပါ။
ဖြေ ။ ။ အခုလိုမေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကျဉ်း ချုပ် ပြောရမယ်ဆိုရင် နှစ်စဉ် စက်တင်ဘာလ ၁၆ ရက် ရောက်တိုင်း မွန်ထရီရယ်သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်း အနားကို ကျင်းပလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ မွန်ထရီရယ် သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်တာကြောင့် အဖွဲ့ဝင်နိုင်ငံ တွေနည်းတူ ယခုလို ကျင်းပတာဖြစ်ပါတယ်။
မေး ။ ။ မွန်ထရီရယ် သဘောတူစာချုပ်အကြောင်း ရှင်းပြပါဦး။
ဖြေ ။ ။ မွန်ထရီရယ် သဘောတူစာချုပ်အကြောင်း ရှင်းပြရမယ် ဆိုရင် ဗီယင်နာကွန်ဗင်းရှင်းကို ချန်ထားခဲ့လို့ မရပါဘူး။ လူသားတွေရဲ့ လူနေမှုဘဝက စက်မှုတော်လှန်ရေးခေတ်ကနေ တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာပြီး နည်းပညာမြင့် အသုံး အဆောင်တွေကို ထုတ်လုပ်သုံးစွဲလာနိုင်သလို လူနေမှုအဆင့်အတန်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။
လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ သက်သောင့်သက်သာနေထိုင်နိုင်ဖို့ ထုတ်လုပ်သုံးစွဲနေတဲ့ ပစ္စည်း ပေါင်းစုံထဲမှာ နေ့စဉ်အသုံးပြုနေတဲ့ ရေခဲသေတ္တာတွေ၊ လေအေး ပေးစက်တွေ၊ အအေးခန်းတွေက အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင် လာပါတယ်။ ဒီပစ္စည်းတွေမှာ အသုံးပြုတဲ့ အအေးပေး ဓာတုဒြပ်ပစ္စည်း တွေဖြစ်တဲ့ ကလိုရိုဖလူရိုကာဗွန် (CFC)၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFC)၊ ဘရိုမို ကလိုရိုမီသိန်း (CH2BrCl)၊ ဟေလွန်နဲ့ ကာဗွန်တက် ထရာကလိုရိုဒ် (CCl4) စတဲ့ ဓာတ်ငွေ့တွေကြောင့် လေထုထဲမှာရှိတဲ့ အိုဇုန်းလွှာပါးလွှာပျက်စီးမှု ဖြစ်ပေါ်နေတာကို သိပ္ပံပညာရှင်တွေက ၁၉၇၀ ပြည့်နှစ် အလွန်ကာလတွေမှာ လေ့လာတွေ့ရှိခဲ့ပြီး အန္တာတိက တိုက် ကောင်းကင်ယံပေါ်က အိုဇုန်းလွှာအပေါက်ကို ၁၉၈၅ ခုနှစ်မှာ ပထမဆုံး တွေ့ရှိခဲ့ကြရာက အိုဇုန်းလွှာပျက်စီးလာတာကို တွေ့ရှိလာ ရတဲ့အတွက် အိုဇုန်းလွှာပျက်စီးမှုနဲ့ အကျိုးဆက်တွေဖြစ်တဲ့ လူသား တွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ထိန်းချုပ်ဖို့ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းအိုဇုန်းလွှာ ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများ အသုံးပြုမှုကို ကာကွယ်ထိန်းချုပ်ဖို့ မွန်ထရီရယ် သဘောတူစာချုပ်ကို ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံများရဲ့ သဘော တူညီချက်နဲ့ အတည်ပြုချမှတ်ခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး သဘောတူစာချုပ်တွေမှာ အအောင်မြင်ဆုံး သဘောတူ စာချုပ်လို့ဆိုရမှာ ဖြစ်ပါတယ်။
မေး ။ ။ အိုဇုန်းဓာတ်ငွေ့နဲ့ အိုဇုန်းလွှာအကြောင်း သိပါရစေ။
ဖြေ ။ ။ အိုဇုန်းဓာတ်ငွေ့က အောက်ဆီဂျင်အက်တမ်(၃)ခုနဲ့ ဖွဲ့စည်း ထားပြီး မှန်လုံအိမ်အာနိသင်ရှိတဲ့ အပြာရောင်ဖျော့ဖျော့နဲ့ အနံ့စူးရှတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ အိုဇုန်းဓာတ်ငွေ့များကို ကမ္ဘာ မြေပြင်နဲ့နီးကပ်စွာ တည်ရှိတဲ့ ထရိုပိုစဖီးယား (Troposphere) အလွှာ နဲ့ အဲ့ဒီအလွှာရဲ့အပေါ်မှာ တည်ရှိတဲ့ စထရာတိုစဖီယား (Strato-sphere) အလွှာတွေမှာ တွေ့ရှိရပါတယ်။ အိုဇုန်းလွှာဆိုတာ အိုဇုန်း မော်လီကျူးတွေ အများဆုံးတည်ရှိတဲ့ ကမ္ဘာ့မျက်နှာပြင်အထက် အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာအကြားရှိ စထရာတို စဖီးယား အလွှာရှိ လေထုကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒီအိုဇုန်းလွှာက နေရောင် ခြည်နဲ့ အတူပါရှိတဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် သက်ရှိများကို အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည် UV-C ကို ၁၀၀ ရာခိုင်နှုန်း စုပ်ယူပြီး UV-B ကို ၉၅ ရာခိုင်နှုန်း စုပ်ယူကာ ကျန်ရှိတဲ့ ပမာဏ အနည်းငယ်ကိုသာ ကမ္ဘာမြေပြင်သို့ ကျရောက်စေရန် ကာကွယ် စစ်ထုတ်ပေးနေတဲ့ အငွေ့စစ်ကိရိယာ တစ်ခုအဖြစ် ကမ္ဘာကြီးကို အကျိုးပြု ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး ။ ။ အိုဇုန်းလွှာပျက်စီးခြင်းအကြောင်း အသေးစိတ် သိချင် ပါတယ်။
ဖြေ ။ ။ အိုဇုန်းလွှာပျက်စီးရခြင်းက လူသားတွေရဲ့ ခေတ်မီနေထိုင်မှု ဘဝအတွက် တီထွင်အသုံးပြုလာတဲ့ ဓာတုပစ္စည်းများ ကြောင့် ဖြစ်ပါတယ်။ လူသားတွေ နေ့စဉ်အသုံးပြုလျက်ရှိတဲ့ ရေခဲ သေတ္တာ၊ လေအေးပေးစက် စတဲ့ အအေးပေးပစ္စည်းများမှာ ပါဝင်တဲ့ ကလိုရင်း၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအချို့ ပါဝင်တဲ့ ဘရိုမင်းနဲ့ မီးသတ်ဆေးဘူးများမှာ ပါဝင်တဲ့ ဟေလွန်ဒြပ်ပစ္စည်းများဟာ အိုဇုန်း လွှာပျက်စီးစေသော အဓိက ဒြပ်ပစ္စည်း (Ozone Depleting Sub-stance - ODS) များဖြစ်ပါတယ်။ ယင်းဒြပ်ပစ္စည်းတွေက စထရာတို စဖီးယားအလွှာရှိ အိုဇုန်းမော်လီကျူးကို ဓာတ်ပြုပျက်စီးစေခြင်းဖြင့် ဝင်ရိုးစွန်းဒေသရှိ အိုဇုန်းလွှာပါးလွှာ၍ အပူချိန်လျော့ကျလာကာ ခရမ်းလွန်ရောင်ခြည် UV-B ကို စုပ်ယူနိုင်မှုစွမ်းအား လျော့ကျစေခြင်း ကို အိုဇုန်းလွှာပျက်စီးခြင်းလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
မေး ။ ။ အဲဒီလိုဆိုရင် အိုဇုန်းလွှာပျက်စီးမှုရဲ့ ဆိုးကျိုးသက်ရောက်မှု တွေကိုလည်း သိပါရစေ။
ဖြေ ။ ။ အိုဇုန်းလွှာပျက်စီးမှုကြောင့် ကမ္ဘာမြေပြင်ပေါ်သို့ ခရမ်းလွန် ရောင်ခြည်ကျရောက်မှုပမာဏ များပြားလာမှာဖြစ်ပြီး လူသားတွေမှာ အရေပြားကင်ဆာရောဂါ၊ မျက်စိအတွင်းတိမ်စွဲခြင်းနဲ့ ကိုယ်ခံအားကျဆင်းခြင်းတို့ ဖြစ်ပေါ်စေတဲ့အပြင် သီးနှံအထွက်နှုန်း ကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ် ပျက်စီးမှုနဲ့ ရုပ်ဝတ္ထုပစ္စည်း ယိုယွင်း ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ကြောင့် ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်လူဦးရေ ၂ သန်းကနေ ၃ သန်းအထိ အရေပြားကင်ဆာရောဂါ ဖြစ်ပွားလျက်ရှိပြီး နှစ်စဉ် လူဦးရေ ၆၆၀၀၀ ခန့် သေဆုံးလျက်ရှိတယ်လို့ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)၏ အစီရင်ခံစာများအရ သိရပါတယ်။
မေး ။ ။ အိုဇုန်းလွှာ ပျက်စီးခြင်းနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ဆက်နွှယ်မှုကို သိပါရစေ။
ဖြေ ။ ။ သာမန်အနေနဲ့ အိုဇုန်းလွှာပျက်စီးမှုကြောင့် ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေတာမဟုတ်ပေမယ့် အိုဇုန်းလွှာ ပျက်စီးစေတဲ့ အဓိကဒြပ်ပစ္စည်းတွေဖြစ်တဲ့ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ ဟိုက်ဒရို ကလိုရိုဖလူရို ကာဗွန် (HCFCs) စတဲ့ ကလိုရင်းပါဝင် တဲ့ဓာတ်ငွေ့များက ကမ္ဘာ့ပူနွေးမှုအလားအလာ (Global Warming Potential - GWP) မြင့်မားတဲ့ မှန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့များ ဖြစ်တဲ့အတွက် ကမ္ဘာ့မျက်နှာပြင်ကနေ ပြန်ထွက်လာတဲ့ အပူကိုဖမ်းယူ ထားပြီး ကမ္ဘာ့လေထုကို ပူနွေးစေပါတယ်။
ကလိုရိုဖလူရိုကာဗွန် (CFCs) ဓာတ်ငွေ့များက လေထုအတွင်း ၅၅ နှစ်မှ နှစ်ပေါင်း ၁၄၀ အထိ၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) ဓာတ်ငွေ့များက ၁၃ နှစ်အထိ တည်ရှိနိုင်တဲ့အပြင် ၎င်းတို့မှာ ပါဝင် တဲ့ ကလိုရင်းအက်တမ် တစ်လုံးက စထရာတိုစဖီးယား လေထုအလွှာရှိ အိုဇုန်းမော်လီကျူးအရေအတွက် တစ်သိန်းအထိကို ဖြိုခွဲဖျက်ဆီးနိုင် တာကို ဓာတုဗေဒဆိုင်ရာ သုတေသနတွေအရ တွေ့ရှိရတာကြောင့် အိုဇုန်းလွှာပျက်စီးစေတဲ့ ဖြစ်စဉ်များက ကမ္ဘာကြီးပူနွေးမှုဖြစ်ပေါ်စေပြီး ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။
မေး ။ ။ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သဘောတူ စာချုပ်များနဲ့ ပြင်ဆင်ချက်တွေကို သိလိုပါတယ်။
ဖြေ ။ ။ အိုဇုန်းလွှာပျက်စီးမှုနဲ့ အကျိုးဆက်များဖြစ်တဲ့ လူသားတို့ရဲ့ ကျန်းမာရေး၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတုအပေါ် သက်ရောက်မှုတွေကို ထိန်းချုပ်ဖို့ ၁၉၈၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံ အချို့နဲ့ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ဦးဆောင်ကာ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone layer) ကို ချမှတ်နိုင် ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer) ကို ထပ်မံချုပ်ဆို နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းအသစ်တွေကို ထပ်မံတွေ့ရှိလာရတဲ့အတွက် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ရဲ့ ပြင်ဆင်ချက်များဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ် လန်ဒန်ပြင်ဆင်ချက် (London Amendment) ၊ ၁၉၉၂ ခုနှစ် ကိုပင်ဟေဂင်ပြင်ဆင်ချက် (Copenhagen Amendment) ၊ ၁၉၉၇ ခုနှစ် မွန်ထရီရယ်ပြင်ဆင်ချက် (Montreal Amendment)၊ ၁၉၉၉ ခုနှစ် ပေကျင်းပြင်ဆင်ချက် (Beijing Amendment)နဲ့ ၂၀၁၆ ခုနှစ် ကီဂါလီပြင်ဆင်ချက်ဟူ၍ (၅) ကြိမ်တိုင်တိုင် ထပ်မံပြင်ဆင်ကာ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ (Ozone Depleting Substances) ထုတ်လုပ်မှု၊ သုံးစွဲမှုများကို ကန့်သတ်ထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းခြင်းနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို သိရှိလိုပါတယ်။
ဖြေ ။ ။ အခုလိုစိတ်ဝင်တစား မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိုဇုန်းလွှာ ကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာ ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်နဲ့ ပြင်ဆင်ချက်များဖြစ်တဲ့ လန်ဒန်ပြင်ဆင်ချက် (London Amendment) ၊ ကိုပင်ဟေဂင်ပြင်ဆင်ချက် (Copenhagen Amend-ment) ၊ မွန်ထရီရယ်ပြင်ဆင်ချက် (Montreal Amendment)နဲ့ ပေကျင်းပြင်ဆင်ချက် (Beijing Amendment) တို့တွင် ပါဝင်လက်မှတ် ရေးထိုးပြီး ကမ္ဘာ့နိုင်ငံများနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အိုဇုန်းလွှာ ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများဖြစ်တဲ့ ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန်(HBFCs)ကို ၁၉၉၆ ခုနှစ်၊ ဘရိုမိုကလိုရိုမီသိန်း (CH2BrCl) ကို ၂၀၀၂ ခုနှစ်၊ ကလိုရိုဖလူရိုကာဗွန် (CFCs)၊ ဟေလွန်(Halons)၊ ဟေလွန်ဂျင်နိတ်တက်ကလိုရိုဖလူရိုကာဗွန် (Halogenated CFCs) နဲ့ ကာဗွန်တက်ထရာကလိုရိုဒ် (CCl4) တို့ကို ၂၀၁၀ ပြည့်နှစ်၊ မီသိုင်းဘရိုမိုက် (CH3Br)ကို ၂၀၁၅ ခုနှစ် ပြည်တွင်းသို့တင်သွင်းခြင်း ကို အပြီးသတ်ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ရေခဲသေတ္တာနဲ့ လေအေးပေးစက်များ ပြုပြင်ခြင်းကဏ္ဍ တို့၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အိုဇုန်းလွှာပျက်စီးစေတဲ့ အဓိကဒြပ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များ တင်သွင်းအသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ် အပြီးသတ် ရပ်ဆိုင်းသွားနိုင်ဖို့ ၂၀၁၄ ခုနှစ်တွင် အိုဇုန်းအမိန့်ထုတ်ပြန်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့် တင်သွင်း ခွင့်ပြုကာ လျှော့ချထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။
ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) ဒြပ်ပစ္စည်းများ တင်သွင်း အသုံးပြုခြင်းနှင့် ဆက်စပ်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းညှိနှိုင်းကာ ယင်းဒြပ်ပစ္စည်းများကို အများဆုံးအသုံးပြုတဲ့ မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက် အင်အား ရှိတဲ့ လေအေးပေးစက်များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်မှစတင် တားမြစ်တဲ့အမိန့်ကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၈/ ၂၀၂၀ နဲ့ထုတ်ပြန်ခဲ့ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်၊ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးတွေကို သိရှိလို ပါတယ်။
ဖြေ ။ ။ ယခုနှစ်ကျင်းပမယ့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်က “မွန်ထရီရယ် သဘောတူစာချုပ် ရည်မှန်း ချက်အောင်မြင်ဖို့ - စွမ်းအင်ချွေတာအအေးပေးစနစ်ဖြင့် ကျွန်ုပ်တို့ အစားအစာနှင့် ဆေးဝါးများကို ထိန်းသိမ်းကြစို့” ဖြစ်ပါတယ်။ ယခု အခါ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်အရ အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေရဲ့ ၉၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သိပ္ပံနည်းကျဆန်းစစ်မှုတွေအရ အိုဇုန်း လွှာပျက်စီးမှုမှာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း၌ ဆယ်စုနှစ်တစ်ခုစီ တိုင်းတွင် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာ တယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ယခုလို အိုဇုန်းလွှာ ပြန်လည်ကောင်းမွန်လာအောင် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း စဉ်တွေကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အောင်မြင်အောင် လုပ် ဆောင်နိုင်ခဲ့တာက ပတ်ဝန်းကျင်ဆိုင်ရာ တစ်ကမ္ဘာလုံး ပူးပေါင်း လုပ်ဆောင်မှုများတွင် အအောင်မြင်ဆုံးဖြစ်တဲ့ မွန်ထရီရယ် နောက် ဆက်တွဲ စာချုပ်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၁၆ ရက်တွင် ကျရောက်တဲ့ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား၏ ဆောင်ပုဒ်အရ မွန်ထရီရယ် သဘောတူစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များအတိုင်း အဖွဲ့ဝင် နိုင်ငံအသီးသီးက အသိအမှတ်ပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာ ပြန်လည်ကောင်းမွန်လာခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ခြင်း၊ စွမ်းအင်ချွေတာနိုင်တဲ့ အအေးပေးစနစ်ဖြင့် အစား အသောက်တွေနဲ့ ကာကွယ်ဆေးတွေကဲ့သို့သော သက်ရှိတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်လက်ကြိုးစားဆောင်ရွက် နိုင်ရေး တိုက်တွန်းနှိုးဆော်ခြင်းတို့ ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံအနေနဲ့ အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်နဲ့ ၎င်းရဲ့ ပြင်ဆင်ချက် (၄) ခုကို ဝင်ရောက်ခြင်းကြောင့် ရရှိခဲ့တဲ့ အကျိုး ကျေးဇူးတွေနဲ့ ကျန်ရှိတဲ့ ကီဂါလီပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို အနည်းငယ် သိရှိလိုပါတယ်။
ဖြေ ။ ။ လက်ရှိ မွန်ထရီရယ်သဘောတူစာချုပ်ပါ သတ်မှတ်ချက်များ ကို အဖွဲ့ဝင်နိုင်ငံများက လိုက်နာဆောင်ရွက်ခဲ့၍ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ အသုံးပြုခြင်းကို လျှော့ချလာနိုင်တဲ့ အပြင် လျှော့ချရပ်ဆိုင်းလိုက်တဲ့ ဒြပ်ပစ္စည်းများနေရာတွင် အစားထိုး အသုံးပြုမယ့် ဒြပ်ပစ္စည်းများကို တီထွင်ကြံဆလာနိုင်ခြင်းနဲ့ မွန်ထရီရယ်သဘောတူစာချုပ်ရဲ့ ပြင်ဆင်ချက်တစ်ရပ်ဖြစ်တဲ့ ကီဂါလီ ပြင်ဆင်ချက်ကို ဝင်ရောက်ပြီးပါကလည်း ရရှိလာမယ့် အကျိုးကျေးဇူး တွေဖြစ်တဲ့ ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) အသုံးပြုမှုနဲ့ ပြည်တွင်းသို့ တင်သွင်းခြင်းကို လျှော့ချခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ၀ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချနိုင်ခြင်းကြောင့် ရာသီဥတု ပြောင်းလဲ မှုကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ရာသီဥတု ပြောင်းလဲမှုကို လျော့ကျစေတဲ့ စွမ်းအင်ခြိုးခြံနိုင်တဲ့ အအေးပေးနည်း ပညာတွေနဲ့ အအေးပေးဒြပ်ပစ္စည်းများကိုပါ တီထွင်ကြံဆနိုင်ရန် ကြိုးစားသွားမှာဖြစ်ပြီး အဲဒီတီထွင်ကြံဆမှုများကို လူသားများ အသုံးပြုလာနိုင်ကာ ဝေးလံသောဒေသများမှ အစားအသောက်တွေကို မိမိအိမ်ရဲ့ ထမင်းစားပွဲအရောက် သုံးဆောင်နိုင်ခြင်း၊ အစားအစာ လေလွင့်ဆုံးရှုံးမှုမရှိစေတဲ့ အရည်အသွေးမြင့် အအေးပေးစနစ်အသုံး ပြုခြင်းဖြင့် အစီရင်ခံစာအရ သန်း ၉၅၀ သောလူများကို ကျွေးမွေးထား နိုင်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကဲ့သို့ သတ်မှတ်ထားတဲ့ အပူချိန်မှာ အအေးပေး သိုလှောင်ဖို့လိုအပ်တဲ့ ကာကွယ်ဆေးတွေအတွက် အအေးပေး သိုလှောင်ခြင်း နည်းပညာများ၊ ယင်းကာကွယ်ဆေးများအား ကမ္ဘာအနှံ့ရှိ လူသားများထံ အချိန်မီ ပို့ဆောင်ရန်အတွက် လိုအပ်တဲ့ အအေးပေးပို့ဆောင်ခြင်း နည်းပညာများကို ထောက်ပံ့ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစားရအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ပြည်သူ တွေအနေနဲ့ ပါဝင်ကူညီလို့ရမယ့် အပိုင်းကို သိပါ ရစေ။
ဖြေ ။ ။ မွန်ထရီရယ်သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံက ကီဂါလီပြင်ဆင်ချက်ရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်သေး သော်လည်း သဘောတူလက်မှတ်ရေးထိုး၍ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ဖို့ ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) များကို လိုင်စင်စနစ်၊ ခွဲတမ်းစနစ် များဖြင့် နှစ်အလိုက် လျှော့ချသွားနိုင်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မွန်ထရီ ရယ်စာချုပ်ပါ အချက်အလက်များကို ဆက်လက်လိုက်နာပြီး စွမ်းအင် ချွေတာနိုင်တဲ့ အအေးပေးစနစ်တွေကိုပါ တီထွင် ကြံဆသွားကြပြီး ယင်းနည်းပညာများကို အသုံးပြုကာ ပြည်သူတွေရဲ့ အခြေခံ လိုအပ် ချက်များဖြစ်တဲ့ အစားအစာနဲ့ ဆေးဝါးများကို တာရှည်ခံသုံးစွဲနိုင်ဖို့ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ပြည်သူတွေရဲ့ လူနေမှု ဘဝအခက်အခဲ များကို အေးမြစေမှာဖြစ်တဲ့အတွက် အိုဇုန်းလွှာကို ထိန်းသိမ်းရာမှာ ပြည်သူများအနေနဲ့ မိမိတို့တတ်နိုင်တဲ့နေရာကနေကူညီဆောင်ရွက်ကြ ဖို့ နှိုးဆော်တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
အိုဇုန်းဌာနခွဲ