
တောင်ကြီး စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် များ၊ ကျောင်းသားများအား (RTD) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန် ရှိသူများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သွားရောက်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် နမ့်ဆီး အုပ်စု ကံ့ကော်ဘုန်းတော်ကြီးကျောင်းမှ သံဃာ အပါး ၂၀၊ ကျောင်းသား သုံးဦး တို့အားလည်းကောင်း၊ လွယ်တော်အုပ်စု ထီလိတ်ဘုန်းတော်ကြီးကျောင်း မှ သံဃာ ၇၇ ပါး၊ ကျောင်းသား ငါးဦး စုစုပေါင်း သံဃာ ၉၇ ပါးနှင့် ကျောင်းသား ရှစ်ဦး တို့အား (RTD) Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံရသည့် သံဃာတော်နှင့် ကျောင်းသားများ မရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သံဃာတော်များ သီလရှင်များ၊ ကျောင်းသားများအား (RTD) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ အေးအေးစိုး(ပြန်/ဆက်)