
နေပြည်တော် စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများထားရှိရန် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေ များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၂၇ ဦးနှင့် အမျိုးသမီး ၁၂၁ ဦး စုစုပေါင်း ၂၄၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၄၄ ဦး လက်ခံထားရှိကြောင်း သိရှိ ရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် နယ်မြေခံဆေးတပ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာသို့ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး အဆိုပါစင်တာ၌ တက်ရောက် ကုသမှုခံယူလျက်ရှိ သည့် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တိုင်းစစ်ဌာနချုပ်နှင့် အလှူရှင်များက လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေး အထောက်အကူ ပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ် ရာများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။
သတင်းစဉ်