
နေပြည်တော် စက်တင်ဘာ ၁၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ စက်တင်ဘာ ၉ ရက်တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှုများ၊ ဟိုတယ်တည်ဆောက်မှုနှင့် ကျူးကျော် နေအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦး မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ကျရောက်၍ မြို့ပြဧရိယာနှင့် ဆက်စပ်လျက်ရှိသည့် သံတောင် ကုန်းနေရာသို့ ကြည့်ရှုစစ်ဆေးပြီး ကျောက်ခေတ်ဦး လူသားများ နေထိုင်ခဲ့သည့် အထောက်အထားများ တွေ့ရှိသောနေရာဖြစ်သည့်အပြင် ၂၀၁၉ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသတွင် ပါဝင်နေသဖြင့် ဇုန်စည်းကမ်း သတ်မှတ်ချက်များအရ အဆောက်အအုံဆောက်လုပ် ခွင့်မရှိသည့် နေရာဖြစ်၍ အဆောက်အအုံများ ဆောက်လုပ်မှုမရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ကျောက်ဂူဥမင်ဘုရားကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကျောက်ဂူ ဥမင်ဘုရားသည် (၁၂) ရာစုတွင် နရပတိစည်သူမင်းက သဲကျောက်ဖြင့် တည်ထားခဲ့၍ ပုဂံဒေသရှိ အနု လက်ရာ၊ ဗိသုကာလက်ရာများ ထူးခြားသည့် ဘုရား တစ်ဆူဖြစ်သဖြင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့်ပေါင်းစပ်၍ နည်းပညာများရယူကာ ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့ရှောင် လမ်းရှိ ပုဂံဌာနခွဲဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာ တည်ဆောက် ပြီးပါက ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း ပြောင်းရွှေ့ဖွင့်လှစ် သွားနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြား ၍ ညောင်ဦးလေဆိပ် လေယာဉ်ပြေးလမ်းမွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဧဒင်ဟိုတယ်တည်ဆောက် ရေးလုပ်ငန်း၊ Bagan Beach Hotel စီမံကိန်း၊ ပုဂံမြို့သစ်နှင့် အနီးဝန်းကျင်တို့ကို လှည့်လည် ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာန ခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သုတေသန လုပ်ငန်း၊ ထိန်းသိမ်းရေးလုပ်ငန်း၊ ပြတိုက်လုပ်ငန်းများအား စဉ်ဆက်မပြတ်လေ့လာဆည်းပူး မှတ်သားသွားရန် နှင့် အထူးသဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထား သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို Danger List မဖြစ်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် တို့ကို မှာကြားသည်။
ထို့နောက် မြင်းကပါဂူပြောက်ကြီးဘုရား အတွင်းရှိ နံရံဆေးရေးပန်းချီများ၊ Korea Cultural Heritage Foundation (KCHF) က ပညာရှင်များနှင့် ဌာနမှဝန်ထမ်းများပူးပေါင်း၍ အဆောက်အအုံ ပိုင်းနှင့် နံရံပန်းချီများ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် ဘုရားသုံးဆူနှင့် သံပျင်စွာဘုရားတို့ကို ကြည့်ရှု စစ်ဆေးပြီး မူလပုံစံမပျက် ပြန်လည်ပြုပြင်ရန်၊ ဝန်ထမ်းများအနေဖြင့် ပညာရပ်များကို နားလည် တတ်ကျွမ်းအောင် လေ့လာသင်ယူရန်၊ များပြားလှ သော ရှေးဟောင်းအဆောက်အအုံများကို မိမိတို့ဌာန ဝန်ထမ်းများဖြင့် ရေရှည်ထိန်းသိမ်းနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ မိုးရွာသွန်းမှုများကြောင့် စေတီများ ထိခိုက်မှုများမရှိစေရန် ဝန်ထမ်းများအနေဖြင့် အဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး ထိန်းသိမ်းမှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်