
ခေါင်လန်ဖူး စက်တင်ဘာ ၆
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခက်ခဲပြီး သွားလာရေးခက်ခဲသည့် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး မဂွေဇ-ခေါင်လန်ဖူးမြို့ ၆၅ မိုင် ၄ ဖာလုံ လမ်းဖောက်လုပ်ခြင်းစီမံကိန်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဖောက်လုပ်လျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် တစ်ကြောင်းထိုးကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ခေါင်လန်ဖူးမြို့သို့ရောက်ရှိလာခြင်းကြောင့် တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများ၏ ရင်တွင်းဖြစ်စကားသံများကို ယခုလိုစုစည်းတင်ပြအပ်ပါသည်-
ဦးဒီပါမောင်
ဒုတိယအင်ဂျင်နီယာမှူးကြီး
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မဂွေဇ-ခေါင်လန်ဖူးလမ်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစ၍ အပိုင်းလေးပိုင်းခွဲပြီး ငါးနှစ် စီမံကိန်းချမှတ် လုပ်ဆောင်ခဲ့ပါတယ်။ (၁)မဂွေဇ-ငါ့လုံဒမ်း၊ (၂)ငါ့လုံဒမ်း-ဆန်းလွတ်ချက်တောင်ထိပ်၊ (၃)ဆန်းလွတ်ချက်တောင်ထိပ်-ရီဒမ်း၊ (၄)ရီဒမ်း-ခေါင်လန်ဖူးဆိုပြီး အပိုင်းလေးပိုင်းခွဲ၍လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့ရာ မြေသားလမ်း အကျယ် ၂၄ ပေ ရအောင် ဖောက်လုပ်ခဲ့ပါတယ်။ အခက်ခဲဆုံးအပိုင်းကတော့ ငါ့လုံဒမ်း-ဆန်းလွတ် ချက် တောင်ထိပ်ပိုင်းနှင့် ဆန်းလွတ်ချက်တောင် ထိပ်-ရီဒမ်းပိုင်းက အခက်အခဲဆုံးအပိုင်းတွေဖြစ်ပါ တယ်။ အဲဒီအပိုင်းတွေမှာတော့ ကျွန်တော်တို့ ကျောက်တောင်တွေကို မိုင်းခွဲရပါတယ်။ တောင်ထိပ် ရဲ့ ရာသီဥတုအခက်အခဲကိုလည်း ရင်ဆိုင်ရပါတယ်။ အဲဒီလိုအခက်ခဲများကို အဓိကကျော်ဖြတ်ရပါတယ်။ ကျန်တဲ့အပိုင်းမှာကတော့ မလွယ်ကူပေမယ့် ခက်ခဲ တဲ့အပိုင်းတော့ သိပ်မရှိခဲ့ပါဘူး။ ယခုလိုဆောင်ရွက်ရာ မှာ ၂၀၂၁ -ရီဒမ်းအပိုင်းအထိတော့ ၁၂ ပေ ကျောက် ခင်းလမ်း ၄၄ မိုင် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ မိုင် ၂၀ ကျော်ကိုတော့၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မှာ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ခေါင်လန်ဖူး မြို့အထိ တစ်ကြောင်းထိုးရောက်ရှိခဲ့တဲ့အတွက် ကြောင့် ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့တဲ့ ကျွန်တော်တို့ ဝန်ထမ်းတွေအနေနဲ့ရော ဒေသခံပြည်သူတွေအတွက် အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူပါတယ်။
ဦးပဇယ်ဖူ
စက်ရုံတာဝန်ခံ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
ထပ်ဆင့်လွှင့်စက်ရုံ
ကျွန်တော်ကတော့ ခေါင်လန်ဖူးမြို့ ရပ်ကွက် (၃)မှာနေထိုင်သူ အနေကြာဝန်ထမ်းတစ်ဦးဖြစ်ပြီး နာမည်ကတော့ ဦးပဇယ်ဖူဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ခေါင်လန်ဖူးသို့ ကားလမ်း ရောက်လာတဲ့အတွက် အင်မတန်ဝမ်းသာတဲ့ အကြောင်းနဲ့ အရင်ကခက်ခဲခဲ့တဲ့အကြောင်းတွေကိုပြောချင်ပါတယ်။ ၂၀၀၄-၂၀၀၅ ကစပြီး ကျွန်တော် ဒီမှာနေခဲ့ပါတယ်။ အဲဒီချိန်တုန်းက လမ်းပန်း ဆက်သွယ်ရေး အင်မတန်ခက်ခဲပြီး ဆန်၊ အခြားကုန် ပစ္စည်းများ အလွန်ရှားပါးတဲ့ ဒေသဖြစ်ခဲ့ပါတယ်။ ဆန်တစ်အိတ်ကို တစ်သိန်းရှစ်သောင်းနဲ့ ဝယ်စား နေရတဲ့ခေတ် ဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာဆိုရင် အင်မတန်မြင့်မားလွန်းတဲ့ ဈေးနှုန်းဖြစ်ပါတယ်။လစာတစ်ခုလုံးဟာ ဆန်၊ထမင်းတစ်နပ်နဲ့ကုန်ဆုံးရခြင်းဖြစ်ပြီး ဟင်းဝယ်စားရန် ငွေမကျန်တဲ့ခေတ်ဖြစ် ခဲ့ပါတယ်။ ဒီလိုကုန်ဈေးနှုန်း မြင့်မားရခြင်းကလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့ခြင်းကြောင့်ပဲဖြစ် ပါတယ်။ သို့သော်လည်း ယခုချိန်မှာ နိုင်ငံတော်အစိုးရ က မျက်နှာသာပေးပြီး ခေါင်လန်ဖူးမြို့ကိုလမ်းဖောက် ပေးလာတော့ တဖြည်းဖြည်း ကားလမ်းနီးလာလေ ဆန်ဖိုးနှင့် အခြားကုန်ပစ္စည်းများလည်း ဈေး သက်သာလာခဲ့ပါတယ်။ ယခုချိန်မှာတော့ အရင် တစ်သိန်းရှစ်သောင်းတန် ဆန်တစ်အိတ်ကို ခြောက်သောင်းလောက်နဲ့ စားရတဲ့အခွင့်ကို ရရှိလာ ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရ အကြီးအကဲ များ၊ ကုမ္ပဏီများနှင့် လက်တွေ့လုပ်ကိုင်ဖောက်လုပ် ပေးနေတဲ့ပုဂ္ဂိုလ်များ တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ ကားလမ်းရောက်လာ တဲ့အတွက် စားဝတ်နေရေးနည်းနည်းအသက်ရှူ ချောင်သလိုခံစားရပြီး အင်မတန်ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်ဆုံး အမြင့်ဆုံးမြို့ ဖြစ်တဲ့ ခေါင်လန်ဖူးမြို့မှ ပူတာအိုသို့ သွားရောက်ရန် ဝန်ထမ်းများ၊ ပြည်သူများဟာဆိုရင် ရိက္ခာတစ် ကိုယ်စာ၊ အိပ်ရာလိပ်ထမ်းပြီး တောင်တက်ရ၊ ပင်ပန်းဆင်းရဲစွာ (၁၃-၁၄)ရက်ကြာလမ်းလျှောက်ခဲ့ရ ပါတယ်။ ဒါပေမယ့် ယခုချိန်မှာ ကျွန်တော်တို့ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ ပြည်သူများ သွားရေးလာရေးအဆင်ပြေသွားပြီး ဝန်ထမ်းများလည်း ပူတာအိုသို့ အထက်လူကြီး များနဲ့သွားတွေ့ဖို့ အဆင်ပြေချောမွေ့သွားပြီဖြစ်လို့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ဦးဒခွမ်ဖေရမ်
ဒေသခံရပ်မိရပ်ဖ
ရပ်ကွက် (၄)၊ခေါင်လန်ဖူးမြို့
ကားလမ်းရောက်လာတော့ ခေါင်လန်ဖူးမြို့နယ် မှာနေထိုင်တဲ့ ပြည်သူလူထုအားလုံး အားရ ဝမ်းသာမဆုံး ဖြစ်နေပါတယ်။ နောက် (၄-၅)နှစ် လောက် ကားလမ်းမရောက်လာခဲ့ရင် ပူတာအိုဘက် ရေကြည်ရာ မြက်နုရာသို့ပြောင်းသွားကြမှာသေချာပါတယ်။ ဒါပေမယ့် အခုတော့ ပြည်သူလူထုတွေ ကားလမ်းရောက်လာလို့ ခေါင်လန်ဖူးမှအခြားဒေသ သို့ ပြောင်းချင်တဲ့စိတ်က နည်းနည်းငြိမ်သွားပြီလို့ ပြောလို့ရပါတယ်။ ယခု ကားလမ်းရောက်လာတော့ ကျွန်တော်တို့အားလုံး အဆင်ပြေလွယ်ကူမယ့်အချိန် ရောက်လာပြီလို့ ယုံကြည်မိတယ်။ အရင်ကားလမ်း မရောက်ခင် ခေါင်လန်ဖူးမှ ပူတာအိုအထိ ခြေကျင်ဖြင့် ၁၀ ရက်ကျော် ကိုယ့်ရိက္ခာကိုယ်ထမ်း၍ လျှောက်ခဲ့ ရပြီး အလွန်ဒုက္ခရောက်ခဲ့ရပါတယ်။ ပူတာအိုမှ အထမ်းကြီးထမ်းပြီး ပြန်လာရ၊ လမ်းမှာရိက္ခာကုန် သွားသော်လည်း ကိုယ့်ဒေသသို့ မရောက်နိုင်ခဲ့ပါ။ ဒါပေမယ့် ယခုကားလမ်းရောက်လာတော့ ကျွန်တော် တို့ ဒေသအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဆင်ပြေလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ယခုလို ကားလမ်းဖောက်လုပ်ပေးတဲ့ နိုင်ငံတော်အစိုးရ၊ ကုမ္ပဏီများနဲ့ သက်ဆိုင်ရာ လူကြီးများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံးပေါ်မှာ ဘုရားရှင်ကောင်းချီးပေးပါစေ။
ဦးဂျေယော်ရဲ့ဆဲ
ဒေသခံရပ်မိရပ်ဖ
ရပ်ကွက်(၃)၊ခေါင်လန်ဖူးမြို့
ခေါင်လန်ဖူးမြို့နယ်သည် လွန်ခဲ့သည့်နှစ်များ မှာတော့ ဝေးလံခေါင်ဖျားပြီး အဘက်ဘက်မှာ နောက်ကျနေတဲ့ မြို့ဖြစ်ပါတယ်။ ဒါပေမယ့် ကားလမ်း ပေါက်လာပြီး မြို့ပေါ်အထိ စက်ယန္တရားများ ရောက် ရှိလာတဲ့အခါတော့ ပြည်သူများက မဖော်ပြနိုင်သော ဝမ်းသာပီတိများ ဖြစ်နေကြပါတယ်။ ဒီလိုရောက်ရှိ လာခြင်းကလည်း အဆင့်ဆင့်သော နိုင်ငံတော်အကြီး အကဲများရဲ့ စီမံအုပ်ချုပ်ပေးမှုများကြောင့် ဝေးလံခေါင်ဖျားသော်လည်း မြို့ပေါ်ထိ ကားလမ်းရောက်အောင် ဖောက်ပေးတဲ့အတွက် ပြည်သူများအားလုံး ကိုယ်စား ကျွန်တော် အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ယခင်ကားလမ်းမပေါက်သေးခင် ခေါင်လန်ဖူးမှ ပူတာအိုသွားဖို့ဆိုရင် ခြေကျင်နဲ့ ၁၀ ရက်ကျော် ကိုယ့်အိပ်ရာလိပ်၊ ကိုယ့်ရိက္ခာကိုယ်ထမ်း ပြီးသွားရပါတယ်။ ယခု ကားလမ်းရောက်လာတော့ သွားရေးလာရေး အဆင်ပြေလာပြီး ဆိုင်ကယ်နဲ့ နေ့ချင်းပေါက်သွားနိုင်တဲ့ အနေအထား ကို ရောက်ရှိလာပါတယ်။
အရင်ကဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက်ကြောင့် ကျန်းမာရေးအပိုင်းမှာလည်း အရေးပေါ်လူနာရှိလာပြီဆိုရင် လူနဲ့ပဲ ထမ်းပိုးနေရတဲ့အတွက်ကြောင့် လမ်းတစ်ဝက်မှာ အသက်ဆုံးရှုံးခဲ့တဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေလည်း ရှိခဲ့ပါတယ်။ လမ်းပန်းဆက်သွယ် ရေး ခက်ခဲရာကနေပြီး အခု ဆက်သွယ်ရေးကောင်းမွန်လာတဲ့အခါ ကျတော့ ကျန်းမာရေး၊ ပညာရေးပိုင်းမှာ ပိုမိုတိုးတက်လာနိုင်ပြီး ကုန်ပစ္စည်းသယ်ဆောင်ရောင်းချတဲ့အပိုင်းမှာလည်း ဈေးသက်သာစွာ ဝယ်ယူစားသောက်ရတဲ့အနေအထားရှိလာနေပါတယ်။ လူဦးရေနည်းတဲ့ မြို့ဖြစ်သော်လည်း နိုင်ငံတော်အကြီးအကဲတွေရဲ့ ဆောင်ရွက်မှုကြောင့် တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျေးလက်နဲ့ မြို့ပြကွာဟမှုမရှိ စေရေး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတဲ့ နိုင်ငံတော်ရဲ့မူအရ ကျွန်တော်တို့ ဒေသကိုလည်း နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာ နဲ့ ဆောင်ရွက်ပေးနေတာကို ပြည်သူလူထုအားလုံးလည်း သိရှိ နားလည်ရပါတယ်။ ဒါကြောင့် အဓိကဆောင်ရွက်ပေးတဲ့ နိုင်ငံတော် အဆင့်ဆင့်တာဝန်ရှိသူနဲ့ စီမံကိန်းရေးဆွဲပေးပြီး အကောင်အထည် ဖော်ပေးတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် လက်တွေ့အကောင်အထည် ဖော်ပေးတဲ့ နတလဦးစီးဌာနနဲ့ လပြည့်ဝန်းကုမ္ပဏီတို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ယခုချိန်မှစ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ဒီထက်မက ရရှိနိုင်လိမ့်မည်ဟု မျှော်လင့် ပါတယ်။
စုစည်းတင်ပြသူ- မြို့နယ်ပြန်/ဆက်(ခေါင်လန်ဖူးမြို့)